“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 20, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခုချက်ချင်းထွက်မှ ဖြစ်မယ် (အယ်ဒီတာ့အာဘော်)

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 20 2008 10:45 - မြန်မာစံတော်ချိန်


မြန်မာနိုင်ငံကို ဝင်ရောက်မွှေနှောက်တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီးကြောင့် ကမ္ဘာ ကမြန်မာပြည်အကြောင်း သိလာတာတွေ ရှိသည်ဆိုလျှင် ထိုအကြောင်းအရာသည် မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေမှု၊ စစ်အာဏာရှင်များ၏ လူစိတ်ကင်းပြီး ပက်ပက်စက်စက် ရက်စက်ကြမ်း ကြုတ်မှုသာဖြစ်လိမ့်မည်။ ဆိုင်ကလုံး မုန်တိုင်းကြီးသည် မေ ၂ ရက်နှင့် ၃ ရက်က ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ဝင် ရောက်တိုက်ခတ်ခဲ့ရာ ခနော်နီခနော်နဲ့သာ ဆောက်လုပ်ထားသည့် လယ်သမားများ၏ အိုးအိမ်များကို တစစီ မကျန်အောင် ဖျက်ဆီးပစ်လိုက်သည်။

နှလုံးသားကင်းမဲ့သော မြန်မာဗိုလ်ချုပ်ကြီးများက အာဏာကိုဆက်လက် ဆုပ်ကိုင်ထားရန် သာ ကြံစည် ကြိုးစားနေချိန်တွင် လူတသန်းသေဆုံး၍ လူပေါင်း ၂.၅ သန်းကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ငတ်မွတ် နေကြရသည်။ အလားတူပင် ထိုမုန်တိုင်းကြီးက ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရ အောက် မည်သို့ ဆင်းရဲ မွဲတေစွာ နေထိုင်နေကြရသည်ကိုလည်း ကမ္ဘာကို ပြသလိုက်သည်။ ဤတိုင်း ပြည် သည်လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်က အလားအလာအရှိဆုံး နိုင်ငံများထဲက တနိုင်ငံဖြစ်ခဲ့သည်။ 'အရှေ့တောင်အာရှ၏ စပါးကျီ' ဟုလည်း လူသိများခဲ့သည့်နိုင်ငံ ဖြစ်သည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ် မြန်မာ ပြည်ဝင်တိုက်အပြီး ၂ ပတ်ကြာသည့်တိုင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများမှာ မုန် တိုင်း ဒဏ်မှ အသက်မသေ ကျန်ရစ်ခဲ့သူများကို ကယ်တင်ရန်၊ ရှာဖွေထောက်ပံ့ရန် စွမ်းစွမ်းတမံ ဆောင် ရွက် ရန် ကိစ္စကို အမှုမထားဘဲ ရှိသေးသည်။ မုန်တိုင်းကြောင့် သေဆုံးသူဦးရေနှင့် ဖျက်ဆီးမှု အတိုင်းအတာ ပမာဏကို တယောက် တမျိုးခန့်မှန်း၍သာ ပြောဆိုနေကြရသည်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က သေသူ ၁ သိန်းကျော်သည် ဟု ခန့်မှန်းပြီး၊ ကမ္ဘာ့ကုလသမဂ္ဂက မုန်တိုင်းဒဏ်ခံခဲ့ရသူ ပေါင်း ၂.၅ သန်း ရှိသည် ဟု ဆိုခဲ့သည်။

နာဂစ်မုန်တိုင်း ကြောင့် ဖြစ်ပေါ်ခဲ့သော အသေအပျောက်နှင့် ပျက်စီးမှုပမာဏသည် နိုင်ငံတနိုင်ငံထဲက ဖြေရှင်း ၍ မရနိုင်လောက်အောင် ကြီးမားကြောင်းမှာ ထင်ရှားလှသည်။ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော ဒေသများ သို့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ဝင်ခွင့်မပြုဘဲထားခြင်းနှင့် ထိုသို့ ဝင်ခွင့်ပေးရန် မေတ္တာ ရပ်ခံခြင်း များကို နဲနဲမှ မတုံ့ပြန်ဘဲနေခြင်းသည် စစ်အစိုးရ၏ပြည်သူများအပေါ် ရက်စက်မှု၊ အကြင်နာကင်းမဲ့မှု၊ တာဝန်မဲ့ မှုကို ပြသနေသည်။ ဤသို့ ပြည်သူတို့၏ဘဝများ ပျက်စီးသွားချိန်တွင် အတိုက်အခံများက သူတို့အာဏာတည်မြဲရေးအတွက်သာဟု ဝေဖန်နေကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ရန် ဆန္ဒခံယူပွဲကို နဂိုစီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

ဤအချက်က ၁၉၆၂ ခုနှစ်ကတည်းက အာဏာကိုအဆက်မပြတ် ရယူထားခဲ့ကြသည့် မြန်မာစစ်အစိုးရ နောက်ဆုံးမျိုးဆက်သည် သန်းနှင့်ချီသော ပြည်သူများသေမည် ဆိုလျှင်လည်း အရေးစိုက်မည်မဟုတ်ကြောင်း နောက်တကြိမ် ပြသနေသည်။ သူတို့စိတ်ဝင်စားတာ တခုသာရှိသည်။ အာဏာတည်မြဲရေးပင်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံ၌ အစုလိုက်အပြုံလိုက် လူသတ်မှုကို နောက်တကြိမ် ကျူးလွန်လိုက်ပြန်သည်။ စစ်တပ်အသိုင်းအဝိုင်းမှရရှိသော သတင်းအရ အရာရှိငယ်များ၊ သန်းရွှေနှင့် ရှည်ကြာစွာ လက်တွဲဆောင်ရွက်ခဲ့သော အဆင့်မြင့်အရာရှိကြီးများ အတွင်းမှာပင် လူထု၏ ဒုက္ခများကို စာနာသူများ စတင်ပေါ်ပေါက်လာနေသည်။

လူထု၏ဆင်းရဲဒုက္ခများ သက်သာရာရစေရန် နိုင်ငံတကာ အကူအညီများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သား များကို အဆီးအတားမရှိ ဝင်ခွင့်ပြုသင့်ကြောင်း အကြံပေးခဲ့ကြသည်ဟု ဆိုသည်။ တပ်ထဲမှအရာရှိငယ် အများအပြားမှာလည်း မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသောဒေသမှ လာသူများပင်ဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း မုန်တိုင်းဒဏ်ကို ခံခဲ့ရသည်။ သို့မဟုတ် သူတို့မိသားစုများ၊ ဆွေမျိုးသားချင်းများမှာ မုန်တိုင်းဒဏ်ကို ခံခဲ့ရသူများ ဖြစ်ကြသည်။ သန်းရွှေမှာ အာဏာကိုဖက်တွယ်ထားလိုစိတ်သာ ပြင်းပြနေပြီး မြန်မာပြည်တွင်း စစ်တပ်၏အုပ်စိုးမှု တရားဝင်စေရန်သာ ဆက်လက်လုပ်ဆောင်နေ သည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနမှ ဌာနအကြီးအကဲက မုန်တိုင်းအကြောင်းနှင့် မုန်တိုင်း၏ ဖျက်ဆီးနိုင်မှုပမာဏကို သတိပေးသည့် တိုင်အောင် "လူတွေလန့်ကုန်မယ်၊ ဆန္ဒခံ ယူပွဲမတိုင်ခင် ဘာမှမကြေညာနဲ့" ဟုဆိုကာ မုန်တိုင်းသတိပေးချက် မထုတ်ပြန်နိုင်ရန် တားမြစ်ခဲ့သည်။

တံငါမြို့ဖြစ်သော ဟိုင်းကြီးကျွန်းကို နာဂစ်ဆိုင်ကလုံးမုန်တိုင်းက မေလ (၂) ရက်နေ့ သောကြာနေ့တွင် လုံးဝ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် စစ်အစိုးရ၏ အိပ်မက် ဖြစ်သော ဆန္ဒခံယူပွဲမတိုင်ခင် အတိအကျတပတ်အလို မေလ (၃) ရက်နေ့တွင် မြစ်ဝကျွန်းပေါ်အခြားဒေသများနှင့် ရန်ကုန်မြို့တို့ကို ဝင်ရောက် ဖျက်ဆီးခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည်။ ဤတိုင်းပြည်ရှိ လူထု၏ အဓိကအစားအစာဖြစ်သော ဆန်နှင့်ပတ်သက်၍ မကြာမတင်ကာလတွင် ဘာဖြစ်ကုန်မည်ဆိုသည်ကို စဉ်းစားကြည့်နိုင်ပါသည်။ မုန်တိုင်း၏အဖျက်အဆီးပမာဏကို တွေ့ပြီးမှ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော မြို့နယ် (၄၇) မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ (၂၄) ရက်သို့ မရွှေ့ချင် ရွှေ့ချင် ရွှေ့ပေးခဲ့သည်။ ကျန်ဒေသများတွင် စီစဉ်ထားသည့်အတိုင်း ဆန္ဒခံယူပွဲကို မေလ (၁ဝ) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ခန့်မှန်းထားကြသည့်အတိုင်းပင် နောက် (၅) ရက် အကြာ မေလ (၁၅) ရက်နေ့၌ ဖွဲ့စည်းပုံ မူကြမ်းကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ ဤတကြိမ်တွင်လည်း မုန်တိုင်းဒဏ် ခံခဲ့ရပြီး မဲပေးရန် ကျန်ရှိနေသေးသည့် မဲဆန္ဒရှင်များ၏မျက်နှာကို မကြည့်ခဲ့ပြန်ပေ။ သန်းရွှေနှင့် သူ့ဂိုဏ်းကလွဲလျှင် ဤမျှရက်စက်လှသည့် စစ်အစိုးရက ဤမျှများပြားလှသည့် လူထုထောက်ခံမှုကို ရသည်ကို ဘယ်သူက ယုံနိုင်ပါ့မည်လဲ။ ဤသို့ ဗြောင်လိမ် ရာ၌ မဲပေးသူရာခိုင်နှုန်း ၉၉.ဝ၇% ရှိသည်ဟု ကြေညာမည့် အစား ဒီ့ထက်ပိုကောင်းသည့်နည်းကို ရှာသင့်သည်ဟု စစ်အစိုးရကို ဝေဖန်သူများက ထောက်ပြကြသည်။ မုန်တိုင်းဒဏ်ခံရအပြီး ၂ ပတ်ကျော် ကြာသည့်တိုင် အကူအညီပေးရေး လုပ်သားများ၏လှုပ်ရှားမှုကို ကန့်သတ် နေဆဲ ရှိသေးသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည် တည်ဆောက်ရေးအတွက် အလုပ်အပ်နှံထားခံရသည့် စစ်အစိုးရ၏ အမြီးစားဖက်ခေါင်းစားဖက် ကုမ္ပဏီ (၄၇) ခုမှလွဲ၍ ကျန် အန်ဂျီအိုများ၊ လူမှုကယ်ဆယ်ရေး လုပ်သား များသည် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားလိုလျှင် ဒေသခံအာဏာပိုင်များကို လာဘ်ထိုးပြီးမှ သွားနေရသည်။ "အန်ဂျီ အိုတခုဆို မြစ်ဝကျွန်းပေါ်ဒေသကိုသွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဘို့ မြို့နယ်အာဏာပိုင် မယက ကို ကျပ်ငွေ ၁ သန်း ပေးခဲ့ရတယ်လို့ ဆိုတယ်" ဟု ရန်ကုန်မြို့မှ အကူအညီပေးရေး လုပ်သားတဦးက ပြောပါ သည်။ မည်သည့် နိုင်ငံတကာ အကူအညီပေးရေးလုပ်သားကိုမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ခွင့်မပြုဘဲ သွားရောက်ခဲ့သူ အနည်းစုမှာလည်း ခိုးဝင်သွားခဲ့သူများသာ ဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်က မြန်မာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီများ နဲနဲချင်း ဝင်လာနေခဲ့သည်။

သို့သော် ကုလသမဂ္ဂ ၏ခန့်မှန်းချက်အရ မုန်တိုင်းဒဏ်ခံခဲ့ရသူများ၏ ၂၅% သာကနဦး အကူအညီများကိုသာ ရ သေးသည်ဟု ဆိုသည်။ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ရွာသားများကားလမ်းပေါ်သို့ ထွက်စောင့်၍ အ ကူအညီ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာမည့် ကားများကို စောင့်မျှော်နေ ရဆဲ ရှိသည်။ သူ တို့အတွက် အကူအညီများ ဘယ်ကလာသည် ဆိုသည်က အရေးမကြီးပါ။ သူတို့ဒုက္ခများကို ကယ်ဆယ် ပေး နိုင်မည့် ကယ်ဆယ်ရေးပစ္စည်းများ ရရှိရေးကသာ အရေးကြီးပါသည်။ အကူအညီများ ယခုကဲ့သို့ နှောင့်နှေး ကြန့်ကြာ နေပြီး ကယ်ဆယ်ရေးလုပ်သားများကို ဝင်ခွင့်မပေးဘဲ ထားမည်ဆိုလျှင် ဒုတိယအကြိမ် အလုံးအ ရင်း နှင့်သေဆုံးမှုကြီးပေါ်ပေါက်လာလိမ့်မည်ဟု ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သတိပေး ထား သည်။

မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ နှင့် ပန်းနာရင်ကြပ်ရောဂါများ စတင်ပေါ်ပေါက်နေကြောင်း နိုင်ငံတကာ ဆရာဝန်များရော၊ ဒေသခံဆရာဝန်များ ကပါ ပြောဆိုနေကြသည်။ ထို့ကြောင့် 'ဒုတိယအကြိမ် အစုလိုက်အပြုံလိုက် သေဆုံးမှုကြီး' ပေါက်ပေါက်လာတော့မည် ဖြစ်သည်။ အနည်း ဆုံး ကလေးငယ် ၁ သောင်းသည် ကာလဝမ်းရောဂါ စတင်ခံစားနေရပြီ ဖြစ်ပြီး ယခုအတိုင်းသာ ဤရောဂါများ ပျံ့နှံ့ကူးစက်နေမည် ဆိုပါက ပိုမိုစိုးရိမ်ရသော အခြေ အနေသို့ ဆိုက်ရောက်လာမည် ဖြစ်သည်။ စားနပ်ရိက္ခာများ သူတို့ဆီ အချိန်မီမရောက်ပါက ကလေးငယ်ထောင်ပေါင်းများစွာသည် အစာရေစာငတ်ပြတ်၍ မကြာမီ သေဆုံး ကြရတော့မည် ဖြစ်သည်ဟု ဆိုသည်။ ဤသို့ ဒုတိယအကြိမ်အစုလိုက်အပြုံလိုက် သေဆုံးမှုကြီးမဖြစ်အောင် စောင့်ဆိုင်းနေရန်အတွက် နိုင်ငံတကယ်အသိုင်းအဝိုင်းတွင် သိပ်အချိန်မရှိတော့ပါ။

အသက်ပေါင်းများစွာကို ကယ်ဘို့ လိုပါသည်။ ဆိုင်ကလုံးမုန်တိုင်းမှ အသက်မသေလွတ်မြောက်ခဲ့သူများအတွက် အရေးပေါ် အကူအညီများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဘယ်သူကပေးပေး ရဘို့လိုနေပါပြီ။ အကူအညီအရေးတကြီး လိုအပ်နေသော သူ့ပြည်သူများကိုပင် ကာကွယ်စောင့်ရှောက် ကူညီရန် စစ်အစိုးရပျက်ကွက်ခဲ့ပြန်ပြီ ဖြစ်သည်။ ဤသို့ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများကို ဝင်ခွင့်မပေးဘဲ ထားသောကြောင့် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ၍သေဆုံးအံ့ဆဲဆဲ ဖြစ်နေချိန်တွင် သန်းရွှေက တောထဲတွင် အသစ်ဆောက်လုပ်ထားသော မြို့တော်သစ်တွင် လုံခြုံစွာ ဇိမ်ကျလျက် ရှိနေခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသောဒေသများသို့ အကူအညီများဝင်ရောက်ခွင့်နှင့် သွားရောက်ခွင့်ပြုရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းကြီး၏ နောက်ဆုံးကြိုးပမ်းမှုအနေနှင့် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်နေသည့် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ တယ် လီဖုံးဆက်သွယ်ခြင်းကိုပင် သန်းရွှေက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ လမ်းမများပေါ်တွင် သံဃာ တော်များကို သတ်ဖြတ်ခဲ့ပြီးနောက် သန်းနှင့်ချီသော ပြည်သူများသေဆုံးရခြင်းနှင့် ယခုလည်း နေ့စဉ်ဆက်လက် သေဆုံးနေကြရသူများအတွက် သန်းရွှေတွင် တာဝန်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စောင့်ခဲ့ရ သောအချိန်များသည် လုံလောက်ပါပြီ။

မုန်တိုင်း ဝင်ရောက်တိုက်ခတ် သွားခဲ့သည်မှာ ရက်သတ္တ ၂ ပတ် ကျော်ပါပြီ။ မြစ်ဝကျွန်းပေါ်ဒေသ၏ နေရာ အတော်များများသို့ နိုင်ငံတကာ အကူအညီများ ယခုထိ မရောက်သေးပါ။ စကားတွေသာပြော၍ လက်တွေ့ ဘာမှမလုပ်သော ကမ္ဘာ့အသိုင်း အဝိုင်း ကြောင့် မြန်မာပြည်သားပေါင်းများစွာ အသက်ဆုံးရှုံးနေရပါပြီ။ ကမ္ဘာ့အသိုင်းအဝိုင်းက အတော်များသော အကူအညီပမာဏကို မြန်မာနိုင်ငံအတွက်ပေးရန် ကတိပြု ထား ကြပါသည်။ သို့သော် ဤအကူအညီများ ဆိုင်ကလုံးမှ အသက်မသေလွတ်မြောက်ခဲ့သူ များ ထံသို့ ရောက်ရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ရှိပါသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလကလည်း မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များ ဆန္ဒပြကြသည့်အခါ စစ်အစိုးရက ရာနှင့်ချီသောပြည်သူများကို ပစ်သတ်၍ အကြီးအကျယ် အရိုအသေအလေးအမြတ် ပြုရသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များအပါအဝင် ဆန္ဒပြသူများကို စစ်အစိုးရ ဖမ်းဆီးထောင်ချသည်အထိ နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်နေခဲ့ဖူးပါပြီ။

ယခုလည်း စစ်အစိုးရအကြီးအကဲ သန်းရွှေက မြန်မာပြည်သူများကို ပေးအပ်သည့်အကူအညီများကို ငြင်းဆန်၍ မုန်တိုင်းလေဘေး ဒုက္ခသည်များကို သေကုန်ကြရန် ဒီအတိုင်း ပစ်ထားနေပါသည်။ နိုင်ငံတကာ အသိုင်း အဝိုင်းအနေဖြင့် မြန်မြန်ထက်ထက် အရေးယူဆောင်ရွက်ရပါမည်။ ကယ်ဆယ်ရေး လုပ်ငန်းများလုပ် ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ ဆရာဝန် ၁ ရာခန့်ကို သန်းရွှေက ခွင့်ပြုခြင်းသည် ရီစရာပင် ဖြစ်သည်။

ဤကပ်ဘေးကြီးကို ကြီးမားသောပျက်စီးဆုံးရှုံးမှုကြီး ကပ်ဘေးကြီးဟု မြင်ရန်အသာထား၊ သန်းရွှေက ပြဿနာဟုပင် မမြင်ပါ။ သူ့အတွက် အာဏာကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ရေးကသာ ပို၍ အရေးကြီး နေပါသည်။ သို့သော် လူတယောက်အတွက်နှင့် မြန်မာပြည်သူများ သူတို့၏လူသားချင်းစာနာ သည့် အကူ အညီများကို ရယူခွင့် ပိတ်ပင်ခံ နေရမည်လော၊ သူတို့၏မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ တဖြည်း ဖြည်းမျှင်းသတ်ခံနေရသည်ကို ကြည့်နေရမည်လော။ တိုတိုနှင့် လိုရင်းပြောရလျှင် သန်းရွှေ ယခု ချက်ချင်းနှုတ်ထွက်ဘို့ လိုပါပြီ။ ပြင်ပကမ္ဘာနှင့် ပြည်တွင်းကပါ လုပ်ဘို့လိုသည်မှာ တခုတည်းရှိပါသည်။ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်ရန်အတွက် ဤနှလုံးသားကင်းမဲ့သည့် ဗိုလ်ချုပ်မှူးကြီးကို ဖြုတ်ချပစ်ရန်သာ ဖြစ်ပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */