“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 06, 2008

မပဋာ ဆာရှာလွန်းလို့


အကြင်နာကင်းမဲ့မှုများအနိုင်ကျင့်ရက်စက်မှုများနှင့်ယဉ်ပါးသည်းခံခဲ့ရသောရိုးသားအေးချမ်းသည့် လူမျိုးစုများ ဆင်းရဲနွမ်းပါးစွာ စုပေါင်းနေထိုင်သော ကမ္ဘာမြေကြီးမျက်နှာပြင်ပေါ်မှ နိုင်ငံငယ်လေးတစ်ခုအား မြန်မာနိုင်ငံဟု ကမ္ဘာကသိရှိကြပါသည်။

မြန်မာပြည်သူလူထုသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နှစ်အနည်းငယ်သာ ဒီမိုကရေစီစနစ် အောက်တွင် ရှင်သန်ခဲ့ရပြီး စစ်အာဏာရှင် ဦးနေ၀င်း ခေတ် မှသည် ယခုလက်ရှိ စစ်အာဏာရှင် ဦးသန်းရွှေ လက်အောက်ထိ ဆထက်တန်ပိုး ဆိုးရွား နုံချာ မွဲတေညှိုးငယ်ပျက်စီးရသောဘ၀များဖြင့် ထမင်းတလုတ် နပ် မှန် ရေးကိုသာ မျက်ပြူးဆံပြာ ရှာဖွေ စားသောက်ရင်း အရာရာကိုကြောက်ရွံ့ ညှိုးငယ်စွာ လူဖြစ်ရှုံး နေခဲ့ရသည်မှာ ဆိုဖွယ်မရှိတော့။

ယခုတဖန်လည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း ၊ ဝေသာလီပြည် ဘီလူး ၀င်သကဲ့သို့ ကြမ်းတမ်းခက်ထန်သော ရာသီဆိုးသည် အပြစ်မဲ့နွမ်းပါးသူတို့၏ နုံချာသော ဘ၀လေးများ အား စိတ်တိုင်းကျ စိမ်ပြေနပြေ ဖြိုခွဲ ရက်စက်သွားခဲ့ပြန်သည်။

သားပျောက်မိခင်၊ လင်ပျောက်မယား၊ မယားဆုံးခင်ပွန်း၊ မိဘမဲ့ရင်သွေး၊ ငတ်နေ ရ သည့်ကြားထဲ သောက်စရာရေအေးလေးတခွက်ပင် ချို့တဲ့သွားရသော အမိအို အဖအို တို့၏ မျက်မှောက် အခြေအနေ၊ မနက်ဖြန်အနေအထား … အရာရာတို့သည်ေ၀၀ါး မှေးမှိန်စွာ…။

လူသားတိုင်းသည် လူပီပီ အတ္တရှိကြသည်။ မာနရှိကြသည်။ အမုန်းတရားရှိကြသည်။ အကြင်နာ တရား ရှိကြသည်။ ဂရုဏာတရားရှိကြသည်။ မေတ္တာတရားရှိကြသည်။ အကြောက် တရားရှိကြသည်.. စသဖြင့်…။

များပြားလှသော စိတ်ခံစားမှု မနောဖြစ်စဉ်များ အားလုံးလိုလို ဆုံးပါး မတတ်ဖြစ်ကာ ညှိုးငယ်ခြင်း အ ကြောက်တရားဖြင့် ရွံရှာခြင်းအမုန်းတရားများကိုသာ နှလုံးအိမ် အပြည့် အဘယ်ကြောင့် ခံစား ရှင်သန်အသက်နေရပါသနည်း။

ရိုးစင်းသော အဖြေကတော့ ဘ၀ကို ခုံမင်ခြင်း ဖြစ်တည်ခွင့်ကလေးကို မက်မောခြင်း သာဖြစ် ပေတော့၏။

ရိုးသား နွမ်းပါးညှိုးငယ်ရသော အဖြစ်များဖြင့် ရန်သူမျိုးငါးပါး ဘေးကို စက္ကန့် မလပ် ကျရောက် နေကြရသည့် ပြည်သူလူထု သည် ယခုအခါ စားရမဲ့ ၊ သောက်ရမဲ့၊ နေစရာမဲ့ ၊ တွယ်ရာမဲ့ဘ၀များဖြင့် ဖြစ်နေချိန်တွင် တာဝန် မဲ့ အဆင်ခြင်မဲ့သူတို့ ၏ အကျိုးလိုညောင်ရေလောင်း ဟန်ပြ တီဗီဖန်သားပြင် လမ်းလျှောက် အားပေးပြုံးပြ ကူညီမှု ဟူသည် သားသတ်ရုံပိုင်ရှင်၏ တွက်ချက်မှု ဟန်ပန် အထင်းသားဖြင့်။


မုန်တိုင်းဆိုးဒဏ်မှ ပြန်လည်ထူထောင်ရေးကဏ္ဍ မဆိုထားနှင့် ကယ်ဆယ်ရှင်းလင်းရေးကိုပင် အလျဉ်မှီအောင် မပြုလုပ်နိုင်သေးသည့်ရက်ပိုင်းအတွင်း တစ်ပြည်လုံး အား စစ်ကျွန်ဘ၀ ထာဝ ရ ရောက်ရှိရေးကိုသာ သေနတ်ထောက် ကြိုးပမ်းသည့် သွေးစွန်းသော အခြေခံဥပဒေ ဆန္ဒခံ ယူပွဲ မဲပေးရေးကိစ္စအား ပြည်သူလူထု၏ ဆိုးရွားလှသော ကံကြမ္မာနှင့် ဘ၀အ ပေါ်အခွင့်ကောင်းယူကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော နာတာရှည်ရောဂါသည် အဘွားအိုအား လည်မြိုညှစ်ကာ ပွဲသိမ်းအပြီးသတ် အမြတ်ထုတ်လုပ်လိုသည့် လူတစ်စုအတွက် မုန်တိုင်းဆိုးသည် မိတ်ဆွေကောင်းပင်ဖြစ်နေသေးတော့၏။

ယင်တလောင်းလောင်း ၊ ဗိုက်ဟောင်းလောင်း ၊ မျက်လုံးဟောက်ပက်ဖြင့် ဆာလောင် နေရှာသော အပြစ်မဲ့၊ မိဘမဲ့၊ အနာဂတ်မဲ့ ကလေးငယ်တို့၏ မနက်ဖြန်သည်ကား တွေးဝံ့ဖွယ် မရှိ…။

မုန်တိုင်းကတော့ ယုတ်ရိုင်း မောက်မာစွာ သူမဟုတ်သလို နင်းခြေ ထွက်ခွာသွားခဲ့ပြီ….။

အပျက်အစီးပုံတွေကြားက မပဋာကတော့…. သူ့ မျက်ရည် သူသောက်လို့ ငြိမ်သက်စ…. ။
အမှောင်ကာလပေါင်းများစွာအားမြင်နိုင်ပါဦး…ငိုနိုင်ပါဦးတော့မည် လားဆိုသည်ကိုတော့………
လရောင်ကင်းသော ကောင်းကင်မဲမဲပုတ်ပုတ်ကြီးအား မော့ကြည့် အပြစ်တင်နေမည့်…
အမြင်မဲ့ မျက်ဝန်းများထဲတွင်သာ အဖြေရှိပေတော့မည်…။


ကိုမွှေး
မုန်တိုင်း ဒဏ် ခံရသော ပြည်သူများ ကယ်ဆယ်ရေး အလှူငွေ အတွက်ရေးသားပါသည်။

ကယ်ဆယ်ရေးအလှူ များ အား စင်္ကာပူနိုင်ငံတွင် OBP မှ ဦးဆောင်ကာ ကောက်ခံနေပါသည်။ လှူဒါန်းလိုသူ မည်သူမဆို http://aungsayarpyi.blogspot.com/ မှာ အချက်အလက်များ စုဆောင်းနိုင်ပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */