နာဂစ်ဒဏ် ခံစားခဲ့ရသူများ စိတ်ဒဏ်ရာမှ ပြန်လည်ထူထောင်မှုတွင် အခြားသောနိုင်ငံများမှ သူများထက် မြန်ဆန်ခဲ့ခြင်းမှာ ဘာသာတရားကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများအရ သိရှိရ
နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသူများသည် သဘာဝဘေးအန္တရာယ်များကို ကြုံရပြီးနောက် ခံစားရလေ့ရှိသည့် စိတ်ဒဏ်ရာများမှ ပြန်လည်ထူထောင်မှုတွင် အခြားသော နိုင်ငံများမှ သူများထက် မြန်ဆန်ခဲ့ကြောင်း သတင်းရရှိပါသည်။
"စိတ်ဒဏ်ရာကနေ ပြန်လည် ထူထောင်မှုမြန်တာ ဘာသာတရား ကြောင့်ဆိုတာလေ့လာမိပါတယ်။ ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်။ ဘာသာတရားရယ်၊ ရိုးရာအလေ့အထတွေရယ် ပေါင်းလိုက်တဲ့အခါ စိတ် ဒဏ်ရာဖြစ်တဲ့ Trauma ကို တုန့်ပြန် နိုင်ကြတယ်။ ဒါဟာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ပါပဲ"ဟု အစ္စရေးနိုင်ငံမှ Art Therapist Ms.Elana Lakh က သုံးသပ်သည်။
စစ်ပွဲများ၊ မတော်တဆမှုများ စသည့် လူတို့၏လုပ်ရပ်များမှ ဖြစ် ပေါ်သော ဖြစ်ရပ်များကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကဲ့သို့ သဘာဝဖြစ်ရပ်များကြောင့် ဖြစ်စေ တွေ့ကြုံရသူတို့၌ စိတ်ဒဏ်ရာများ ကျန်ရစ်လေ့ရှိကြသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတို့သည် တစ်ဦးနှင့် တစ်ဦး တုန့်ပြန်ပုံချင်း မတူညီကြဘဲ ပြန်လည်ထူထောင်မှုတွင်လည်း မတူညီကြကြောင်း သိရှိရသည်။
"လူတစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေပြီဆိုရင် ဘ၀ရှင်သန်မှု နည်းလမ်းတွေ ဆုံးရှုံးစပြုလာတာပါ ပဲ။ သူ့ဘ၀ဟာ အလွန်သေးသိမ်လာပြီလို့ ထင်လာပါတယ်။ အသက်ရှင်ချင်စိတ်တွေ နည်းလာပါတယ်။ ဖြစ် ရပ်ကပြင်းထန်ရင် ခံစားရတာက ပိုနိုင်ပါတယ်"ဟု အစ္စရေးနှင့် ပါလက်စတိုင်း နိုင်ငံတို့တွင် Trauma Care ကို ၁၀ နှစ်ခန့် လုပ်ကိုင်ခဲ့သူ Ms. Elana Lakh က ဆိုပါသည်။
"အထူးသဖြင့် ကလေးတွေနဲ့ ပတ်သက်ပြီး စောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လူတွေဟာ Security Hazard တွေကို ကြုံကြရတယ်။ လူအတော်များများဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိနေကြတယ်။ ကာလရှည်ကြာ Trauma ကို ရင်ဆိုင်နေကြရတယ်။ အဲဒါတွေကို ကုစားပေးဖို့ ကြိုးစားရပါတယ်"ဟု ၎င်း၏အတွေ့အကြုံကို ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ မေတ္တာဖောင်ဒေးရှင်း၊GDI(Gender & Development Initiative) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်တက်ရောက်၍ စိတ်ဒဏ်ရာများ၏ သက်ရောက်မှု အကြောင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ကာ ဆွေးနွေးပွဲ၌ Ms.Elana Lakh ကဦးဆောင်၍ ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၌ လူအသေအပျောက် နှင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ပြီး လက်ရှိတွင် နှစ်နှစ်ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း သိရှိရသည်။
"စိတ်ဒဏ်ရာနဲ့ ပတ်သက်လို့တော့ လုံးဝလွန်မြောက်ဖို့က အချိန်ယူရပါဦးမယ်။ ကာလရှည်အချိန်ယူ ရနိုင်ပါတယ်"ဟု Ms.Elana Lakh က ပြောကြားခဲ့သည်။Rest of your post
Friday, October 15, 2010
ဒီလို စိတ်ကို သီးခံပြင်ဆင်တာ မြန်လို့ လည်း သန်းရွှေ ပြည်သူတွေကို လုပ်ချင်သလိုလုပ်နေတာပေါ့ ဆက်ဖတ်ဗျ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment