“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 16, 2008

ကိုယ့်အမျိုးတွေ သေတာထက်ဘဲ အရေးကြီးတာ မရှိတော့ဘူးလား

တရုတ်ပြည်ထုတ် နို့နှင့်လုပ်သောမုန့်များ ရန်ကုန်ဈေးကွက်အတွင်း တွင်ကျယ်နေ
အေးချမ်းမြေ့ အောက်တိုဘာ ၁၅၊ ၂၀၀၈

စူပါမားကက်ကြီးများတွင် ပြန်လည်သိမ်းဆည်းလိုက်သော တရုတ်ပြည်လုပ် မုန့်မျိုးစုံကို ရန်ကုန် လမ်းဘေး ဈေးကွက်တွင် ကျယ်ပြန့်စွာ မြင်တွေ့ရသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။

သတင်းကျွတ် မီးထွန်းပွဲတော်နှင့်အပြိုင် လူကြီးသူမများကို ကန်တော့ရန်အတွက် ရန်ကုန် မြို့လယ်လမ်းဘေး ဝဲ ယာရှိ မုန့်ဆိုင်များတွင်သော်လည်းကောင်း၊ လမ်းဘေး ဈေးများတွင် သော်လည်းကောင်း မုန့်မျိုးစုံ ရောင်းချ လျှက် ရှိရာ ထိုအထဲ တွင် ဈေးသက်သက်သာသာနှင့် ချရောင်းနေသော နို့ပါဝင်သည့် တရုတ်ပြည်ထုတ် မုန့်မျိုး စုံ ကို မြင်တွေ့ကြရသည်ဟု ဆိုသည်။
“စူပါမားကက်ကြီးတွေမှာသာ ပြန်သိမ်းတာ။ အဲဒီမုန့်တွေကို လမ်းဘေးက ဆိုင်လေးတွေမှာ ၁ ထောင်တန် လောက် ကို ၂၀၀၊ ၃၀၀ လောက်နဲ့ ဖောချင်းသောချင်း ပြန်ရောင်းနေကြတာပဲ။ ဝယ်တဲ့သူတွေလည်း ရှိတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
တရုတ်ပြည်ထုတ် နို့မှုန့်တချို့တွင် မယ်လမင်းအဆိပ်ဓာတ် ပါဝင်ကြောင်း သိရှိလာရပြီးနောက် မြန်မာ ပြည်တွင်းရှိ ကလေး မိခင်အတော်များများမှာ မိမိကလေးငယ်များကို တိုက်ကျွေးခဲ့ မိသည့် နို့မှုန့်များနှင့် နို့ပါဝင်သော တရုတ်ပြည်ထုတ်မုန့် များအပေါ် သံသယရှိကာ တိုက်ကျွေးမှု ရပ်ဆိုင်းခဲ့သော်လည်း တချို့သော မိခင်များမှာမူ ဆက်လက် တိုက်ကျွေးမြဲ ကျွေးလျှက်ရှိကြောင်း သိရသည်။
မယ်လမင်းဓာတ်တွေ့သည်ဟု သိရှိရပြီး မြန်မာအစိုးရက ရောင်းချရန်ပိတ်ပင်လိုက်သည့် နို့မှုန့်များထဲတွင် Star တံဆိပ်၊ လိပ်ပြာတံဆိပ်၊ နွားနီ ၂ ကောင် စသည့် လူသိများသော တံဆိပ်များ ပါဝင်ပြီး လူလတ်တန်းစား အများဆုံး သုံးစွဲသော ဒူးမက်စ် အဆင့် (၁) နို့မှုန့်လည်းပါဝင်နေရာ ထိုတံဆိပ်များကို ကလေးငယ်များ အတွက် သုံးစွဲမိနေသော မိခင်တချို့မှာ စိတ်မချမ်းမသာ ဖြစ်နေကြရသည်။
“ဈေးပေါပေါနဲ့ ရောင်းနေတဲ့ နို့ပါတဲ့မုန့်တွေကို ဝယ်နေတဲ့ အမျိုးသမီးတယောက်ကို ဘာလို့ဝယ်တာလဲ မေးကြည့်တော့သူက သေမှသာသေရော အရင်ကသူ့ကလေးတွေကို ဒီမုန့်မျိုးမကျွေးနိုင်ခဲ့ဘူး ခုမှ ကျွေးရတာ။ ဝယ်ကျွေးမှာပဲလို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ပြောပြသည်။
၂ လခွဲအရွယ် ကလေးငယ်၏ မိခင်ဖြစ်သူမှာ သူ့နို့မထွက်ခင် ဒူးမက်စ် တံဆိပ် အဆင့် (၁) ကို ကလေးငယ်အား ၂ ရက်ခန့် တိုက်ကျွေးမိသဖြင့် ကလေးငယ် ကျောက်ကပ်ဝေဒနာခံစားရမည်ကို ယခုထိ စိုးရိမ်ပူပန်နေသည်ဟု ဆိုသည်။
တချို့မိခင်များမှာ ၎င်းအဆင့် ၁ ကို တိုက်ကျွေးခြင်း မရှိတော့သော်လည်း အဆင့် ၂၊ အဆင့် ၃ စသည်ဖြင့် က လေးအသက် အရွယ်ကိုလိုက်ကာ တိုက်ကျွေးနေကြသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော မိခင်များအနေနှင့် ကလေးများအတွက် နို့မှုန့်ကိုသာ အားကိုးအားထား ပြုနေကြရသည်။
“ကျမကလေးက ၃ နှစ်ကျော်ပြီဆိုတော့ ဒူးမက်စ် အဆင့် ၃ တိုက်တယ်။ အဆင့် ၃ ကတော့ ပိတ်တဲ့ထဲ မပါပါ ဘူး။ ဒါပေမယ့် မယ်လမင်း ထပ်တွေ့တဲ့ နို့မှုန့်တွေကို ထပ်ပိတ်သွားဦးမယ် ဆိုတော့ ဒီနို့မှုန့်ကိုလည်း သေချာ မယုံရဲတော့ဘူး၊ ကြောက်နေ ပြီ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တဦးက ပြောသည်။
ဒူးမက်စ် အဆင့် ၁ (+1) ဆိုသည်မှာ မွေးစကလေးငယ်များအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မွေးစ မှ ၁ နှစ် အရွယ်ထိ ကလေးငယ်များကို တိုက်ကျွေးကြသည်။ ဈေးနှုန်းအားဖြင်း ဘူးကြီးတဘူးလျှင် ကျပ် ၁ သောင်း ကျော်ဖြစ်သည်။ ကလေးကြီးလာသည်နှင့်အမျှ အဆင့် ၂၊ ၃ စသည်ဖြင့် တိုက်ကျွေးကြသည်။
၃ လအရွယ်ကလေးငယ်၏ မိခင်ဖြစ်သူ ကျောင်းဆရာမ တဦးကမူ သူ အလုပ်စဆင်းစဉ် ကတည်းက ကလေးငယ်ကို ဒူးမတ်စ် တံဆိပ် အဆင့် (၁) တိုက်ကျွေးမိခဲ့သဖြင့် ကလေးအထူးကု ဆရာဝန်ထံ ချက်ချင်း သွားပြ ခဲ့သည်ဟု ဆိုသည်။
တရုတ်ပြည်တွင် မယ်လမင်းပါသည့် နို့မှုန့်တိုက်ကျွေးမှုကြောင့် ကလေးငယ်ပေါင်း ၅၄၀၀၀ ခန့် အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၄ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံအနေနှင့် တရုတ်လုပ် နို့မှုန့်များကြောင့် ရောဂါ ဝေဒနာဖြစ်ပွားသည့် ကလေးငယ်များရှိသည်ဟု တရားဝင် မကြားသိရသေးပေ။
အန္တရာယ်ရှိနို့မှုန့်များ၊ ရက်လွန်နို့မှုန့်များကို ပလတ်စတစ်ဖြင့် အထုပ်ငယ်များထုပ်ကာ တထုပ် ၁၀၀ ကျပ်ဖြင့် ရပ်ကွက်ကုန်စုံ ဆိုင်ငယ်များတွင် ရောင်းချမှုများ ရှိနေရာ တချို့သူများ ဝယ်ယူသုံးစွဲလျှက်ပင် ရှိနေသေး ကြောင်း ကြားသိရသည်။

ထို့ပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် တရုတ်ပြည်လုပ် နို့ပါဝင်သည့် မုန့်အမျိုးမျိုး ကို ရောင်းချ နေဆဲဖြစ်ရာ ကလေးငယ်များမှာလည်း ဝယ်စားနေမြဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နို့မှုန့်များကို အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)က စစ်ဆေးသည်ဟု ဆိုသော်လည်း မည်သည့်စနစ် နှင့် စစ်ဆေးသည် ဟု အတိအကျ ဖော်ပြထားခြင်း မရှိပေ။
ပိတ်ပင်ထားသည့် နို့မှုန့်တံဆိပ်များကို မီဒီယာများတွင် ကြေညာသော်လည်း သတင်းစာ၊ ဂျာနယ် မဖတ်သည့် လူတန်းစား အတွက် အသိပညာပေးမှု အားနည်းသည်ဟု ရန်ကုန်မှ သတင်းသမား တဦးကပြောသည်။
“နားလည်တဲ့ မိခင်တွေကတော့ နွားနို့ပဲ ကြိုပြီးတိုက်ကြတယ်။ နွားနို့တွေတောင် ခုတလော ရောင်းအား တက်တယ်” ဟု ၎င်းကဆိုသည်။
လူများစု အသုံးပြုသည့် မီဒီယာမှာ ရုပ်မြင်သံကြားဖြစ်သော်လည်း ယခုအချိန်ထိ ရုပ်သံ သတင်းအစီအစဉ်တွင် ၂ ကြိမ် ခန့်သာ ကြေညာခြင်း ရှိသေးကြောင်း သတင်းသမားက ပြောသည်။
“တကယ်က ဒီလောက်နဲ့မရဘူးဗျ။ လူတွေက သတင်းလာရင် တီဗီပိတ်ပြီး အလုပ် ထလုပ်ကြတာ။ ပညာပေး သီးသန့် ဇာတ်လမ်းတွေ၊ ကိုရီးယားကား၊ တရုတ်ကားနဲ့ လူကြည့် များတဲ့ အစီအစဉ်တွေမှာ ကြားဖြတ် ထည့် ကြေညာတာတွေ လုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
လူအများကို သဲသဲကွဲကွဲ ပညာပေးရန်လိုအပ်နေကြောင်းလည်း ၎င်းက သုံးသပ်သည်။ ကြောက်သင့်သည်ထက် ပိုမို ကြောက်ရွံ့ ထိတ်လန့်နေသူများ ရှိသကဲ့သို့ လုံးဝမကြောက်ရွံ့ဘဲ စားသုံးနေသူများလည်း ရှိနေသဖြင့် အတိ အကျ ခွဲခြား ပြသင့်သည်ဟု ဆိုသည်။
“ကြည့်ရတာ အစိုးရကိုယ်နှိုက်ကိုက သေသေချာချာ မကွဲပြားဘူးထင်တယ်။ စစ်ဆေးတဲ့ စနစ်တွေကလည်း ပြည့်စုံပုံမရဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် အဆင့်မြင့်ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာ များမှာ လူတန်းစားတရပ်သာ သွားရောက် ဝယ်ယူနိုင်သည့် နေရာဖြစ်သောကြောင့် အန္တရာယ်ရှိ စားသောက်ကုန်များကို ထိုနေရာများတွင် ပိတ်ပင်ရုံမျှနှင့် လုံလောက်မှုမရှိကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။
http://www.irrawaddy.org/bur/news2008/October/Oct_15b_08.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */