http://komoethee.blogspot.com/2008/10/blog-post_12.html
နှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားလိုပါတယ်။
ပထမဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရဲ့ပေါ်လစီများ လုပ်ပုံကိုင်ပုံများက စပြောပါမယ်။ ကျွန်တော် နားလည်တာက ၈၈ အရေးအခင်းအပြီးတွင် စစ်တပ်အစိုးရမှ ကျောင်းသားများအပေါ်မယုံကြည်စိတ် သံသယ များမှ စတင်၍ကျောင်းများကို မြို့တွင်းမှထုတ်ခဲ့ပါတယ်။ ကျောင်းသားများလှုပ်ရှားမှုဖြစ်လာလျင် အောင်မြင်စွာ နှိမ်နင်းနိုင်ရန်ဟူသော ဗျူဟာကိုချမှတ်ပီး ကျောင်းများကို ဆက်သွယ်ရေးခက်ခဲသော နေရာများ သို့ပြန့်ကြဲသွားစေရန်ရည်ရွယ်လုပ်ဆောင်ခဲ့သည်မှာ အထင်အရှားဖြစ်ပါတယ်။
မြန်မာပြည် သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့သော အရေးအခင်းမှန်သမျှမှာ R.I.T ကျောင်းသားများဟာ ရှေ့တန်း က တက်ကြွစွာ ပါဝင်ခဲ့ တယ်။ ၈၈ အရေးခင်းကြီးဟာလဲ R.I.T ကျောင်းသားများမှ စတင်မီးမွှေး သည်ဟု မဆလ ကျောထောက်နောက်ခံ စစ်အစိုးရမှ လက်ခံထားပီး အထူးသဖြင့် R.I.T ကျောင်းသားများအပေါ် အညှိုးအတေးထားခဲ့ပါတယ်။ ထိုစဉ်ကတည်းက ကျောင်းသားများ အလွယ်တကူ မစုဝေးနိုင်စေရန်။ စုဝေးပါက ပြည်သူလူထုနှင့် အလွယ်တကူမပူးပေါင်းနိုင်စေရန် ရည်ရွယ်ပီး ကျောင်းများကို မြို့ပြင်ဆက်သွယ်သွားလာေ၇း ခက်ခဲရာသို့စတင်ထုတ်ရာမှာ M.I.T ခေါ် မန္တလေးစက်မှုတက္ကသိုလ်မှာ ဦးဆုံးကျောင်းဖြစ်ပါတယ်။
ထို့နောက် ၁၉၉၆တွင် ရန်ကုန် စက်မှုတက္ကသိုလ် R.I.T မှာ အရေးအခင်းထပ်ဖြစ်ပါတယ်။ ထိုအရေးအခင်းတွင် မြို့ထဲမှ ဆက်သွယ်ရေး အလွန်ဝေးကွာသော မန္တလေးစက်မှုတက္ကသိုလ်မှ ကျောင်းသားများလည်း ကိုယ့် နည်းကိုယ့်ဟန်ဖြင့် ကျောင်းတွင်း ဆန္ဒပြခဲ့ကြပါတယ်။ ထိုအရေးအခင်းအပြီးတွင် စစ်အစိုးရရဲ့ စက်မှု တက္ကသိုလ်ကျောင်းသားများအပေါ် မုန်းတီးမှုမှာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ လက်ရှိတက်လက်စ စက်မှုတက္ကသိုလ်ကျောင်းသားများကို မတတ်သာ၍ဆက်လက် လက်ခံထားရသော်လည်း ဖြစ်နိုင်လျှင် ကျောင်း သား မျိုးဆက်တစ်ခုလုံးကို အမြစ်ဖြုတ်ပစ်လိုပါတယ်။
ထိုအကျိုးဆက် အနေနှင့် စစ်အစိုးရမှ ၀န်ထမ်းတစ်ပိုင်း စက်မှုတက္ကသိုလ် ကျောင်းသားများကိုမွေးထုတ်ဖို့စီမံလာပါတယ်။ အစဉ်အလာအားဖြင့် ဘာသာပေါင်းစုံတွင် အမှတ်အလွန် ကောင်းမှ ၀င်ခွင့်ရနိုင်သော စက်မှုတက္ကသိုလ်ကျောင်းကို သူတို့စိတ်ကြိုက်ရွေးချယ် နိုင်သော။ သူတို့စကား နားထောင်မည်ဟု ယူဆနိုင်သော ကျောင်းသားများနှင့် အစားထိုးနိုင်ရန် ရည်ရွယ်ပီး၊ English နှင့် သင်္ချာဘာ သာရပ် တို့ အမှတ်ပေါင်း ၁၅၀ရလျှင် စက်မှုတက္ကသိုလ် စံပြကျောင်းသား(၀န်ထမ်း)အဖြစ် လျှောက်ခွင့်ရှိသည် ဆိုသည့် စနစ်ကို စတင်ခဲ့ပါသည်။ ထိုစံနစ် စတင်သော အချိန်တွင် အရေးအခင်းဖြစ်ပြီး ပိတ်ထားသော ပုံမှန်ကျောင်း များကို ပြန်မဖွင့်သေးပါ။ ထို့ကြောင့် ၁၀တန်းအောင်ထားသောကျောင်းသားများအနေဖြင့် ဘယ်တော့ပြန်ဖွင့်မည်မသိသော စက်မှုတက္ကသိုလ် ပုံမှန် တန်းများကို စောင့်ဆိုင်းပီး မလျှောက်ကြတော့ပဲ စံပြတန်းများကို လျှောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ၀န်ထမ်းတစ်ပိုင်း စက်မှုတက္ကသိုလ်ကျောင်းသားများ ပေါ်ပေါက်လာပါတော့တယ်။
အစပိုင်းတွင် ကျောင်းသားများအား စစ်တပ်တွင်းအုပ်ချုပ်သကဲ့သို့ ပင် အုပ်ချုပ်ပါတယ်။ ဥပမာ P.T ပြေးခိုင်းခြင်း၊ အဆောင်တွင်းမှ ထွက်ခွင့်ကို တင်းကြပ်ခြင်း စသည်တို့ပါ။ ဒါပေမယ့် အဆိုပါ စည်းမျဉ်းများသည်လည်း တိုင်းမှုး၊ဒုတိုင်းမှုး၊ညွှန်ချုပ်၊ ရဲချုပ် စသည်တို့ရဲ့ သားသမီးများ အပေါ်မသက်ရောက်နိုင်တော့သဖြင့် နောင်ပိုင်း အနည်းငယ်လျော့ရဲသွားပါတယ်။ မညီမျှမှုက သူတို့ လက်ခုပ်ထဲက ရေဟုသတ်မှတ်ထားနိုင်သော နေရာတွင်ပင် အလွန်သိသာပေသည်။ ထားပါတော့..ဆက်ရလျှင် ထိုကျောင်းသားများကျောင်းပီးလျှင် အလုပ်ခန့်ထားရန် ကျောင်းအသစ်များလဲ နိုင်ငံအနှံ့ ဆောက်ပါတော့တယ်။
Government Technological University များကို နိုင်ငံအ၀ှမ်းဆောက်ပါတယ်။ ထုံးစံအတိုင်း ကျောင်း ဟူသည်မှာ အဆောက်အအုံနှင့် ဆရာသာ ရှိပါတယ်။ ထိုကျောင်းများသို့ စံပြတန်းမှ ပြီးသော ကျောင်းသား များကို ရာထူးကြီးများနှင့် ပို့ပါတယ်။ စာတစ်ခါမျှ မသင်ဖူးသော သူက Lecturer ဖြစ်လိုဖြစ် ကျောင်းအုပ်ကြီး ဖြစ်လိုဖြစ်။ ဦးသောင်းဟာ ထိုကျောင်းသားများရဲ့ အဖေကြီးသဖွယ် သူ့ကိုယ်သူ ဖော်ညွှန်း ပြောဆိုလေ့ရှိပါတယ်။ ထိုစံပြကျောင်းသားများနှင့် ဆရာ ဆရာမများဟာလဲ အစပိုင်းမှာတော့ ဦးသောင်းကို အဖေကြီးသဖွယ်။ အဘသဖွယ် ထင်မှတ်ကြပါတယ်။ ဒီလိုနဲ့ပဲ အချို့ဟာ ဦးသောင်းပို့ရာ နေရာမှာ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ရင်း အခန့်မသင့်စွာ ကျောင်းသားများကို မတရားဖိနှိပ်မိခြင်း။ ကျောင်းသားများ လက်တွေ့ အရေးထက် အထက်ကလာသော အူကြောင်ကြောင် အမိန့်များကို အကောင်အထည်ဖေါ်နေရခြင်း။ စသည်တို့ကိုသာ လုပ်ဆောင်ရသော ဘ၀ကိုသာ ရောက်ရပါတော့တယ်။
ထိုစံပြကျောင်းသားဘ၀မှာလာသော ဆရာဆရာမများ ကျောင်းအုပ်များမှာ မိမိတို့ကို သင်ကြားပေးလိုက်သော ဆရာကြီးဆရာမကြီးများ ကျောင်းကို အလည်လာခိုက်ဖြစ်စေ။ အစည်းအဝေးများတွင် တွေ့ဆုံခိုက်ဖြစ်စေ။ ကံမကောင်းလှစွာ ပြန်လည်ဆုံဆည်းကြရ ခိုက်တွင် အလွန်မှ ကသိကအောက်နိုင်ကြ စိတ်ညစ်ကြရပါတယ်။ တစ်ခါတစ်ရံ မိမိဆရာများကို ပြန်လည် ခိုင်းစေရသော နေရာမှာ ရောက်ကြရရာ အလွန်မှပင် ကမောက်ကမ နိုင်လှပါတယ်။ ဒါဟာ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုလွဲချော်မှုများစွာထဲက အကောင်းဆုံး ဥပမာတစ်ခု ပင်ဖြစ်ပေတော့တယ်။ ပိုဆိုးသည်မှာ PhD တန်းများကို စတင်ဖွင့်လှစ်သောအခါ တွေ့ကြုံရသည်များ ဖြစ်ပါတော့တယ်။
ဘာသာရပ်တိုင်းမှာ အမှန်တစ်ကယ် နိုင်ငံတကာ အဆင့် သင်ကြားခဲ့သူ PhD ဆရာများ မရှိသည်ကို သိလျက်နှင့် PhD တန်းများကို အတင်းဖွင့်လှစ်သင်ကြားစေခဲ့ပါတယ်။ အချို့သော ၀ါရင့် ဆရာ ကြီးများ မှာ R.I.T မှာ ရိုးရိုး B.E ဖြင့် သာပြီးခဲ့သူများ များပါတယ်။ ထိုဆရာကြီးများမှာ သူတို့ခေတ်မှာ အလွန် ပင် ထက်မြက်တော်တည့်ကြသော ကျောင်းသားဟောင်းကြီးများ ဖြစ်သဖြင့် ကျောင်းစာများကို သီအိုရီနည်း ကျ ကောင်းကောင်းနားလည်ကြပါသဖြင့် ခါတော်မှီ Masters များ PhD ကျောင်းသားများကို ၄င်းတို့ကပဲ နည်းပြ သင်ကြားပေးခဲ့ရပါတယ်။ စဉ်းစားကြည့်ကြပါ PhD ကျောင်းသားများကို ရိုးရိုး B.E ဆရာများကပဲ မွေးထုတ်ခဲ့ရ တာပါ။ ပြီး ..ထိုမွေးထုတ်လိုက်သော PhD များက ဌာနမှုးများ၊ ကျောင်းအုပ်များ၊ Pro-rector များဖြစ်ကြ ပြန်ပါတယ်။ သင်ကြားပေးလိုက်သော ဆရာ ဆရာမကြီးများမှာ သူတို့လက်အောက်ပြန်ရောက်ပြန်ပါတယ်။ ပြီးအသက်ရွယ် ကန့်သတ်ထားပြန်သဖြင့် (အမှန်မှာ အသက်တင်မကပါ အိမ်ထောင်မရှိရ ဆိုတာပါ ပါသေးတယ်) တကယ် တတ်ကျွမ်းသော ဆရာကြီးများမှာ နိင်ငံရပ်ခြားထွက် ပညာသင်ခွင့်ကလဲ အလွန်ပင် နည်းပါးလှပါတယ်။ ကဲ ဒီလို ဘုရားကားအောက် မျောက်ကားအပေါ် ဆိုတဲ့ ကိစ္စတွေ ခနထားလိုက်.. ဆက်ပြောအုံးမယ်။
ဦးသောင်းဟာ သူကိုယ်တိုင် မွေးထုတ်ထားတဲ့ PhD များကို သူကိုယ်တိုင် အထင်မကြီးပါ။ သူကိုယ်တိုင် ပြော တာ တစ်ခုရှိပါတယ် "မင်းတို့က အဘက PhD ကိုပေးချင်လို့ကို ပေးထားတာ " ဆိုတာပါ။ တက္ကသိုလ်တစ်ခုမှာ Local PhD က ကျောင်းအုပ် သို့မဟုတ် Rector ဖြစ်နေတယ် ဆိုပါစို့။ နိုင်ငံခြားမှ PhD တစ်ယောက် ပြန်လာတာနှင့် ထိုနေရာကို နိုင်ငံခြားပြန်နှင့် အစားထိုးပါတော့တယ်။
စဉ်းစားကြည့်ပါ။ ဦးသောင်းပေးတဲ့ PhD ကိုယူထားရတဲ့ သူတွေရဲ့ဘ၀။ ဦးသောင်းအပါအ၀င် စစ်အစိုးရတစ်ခု လုံး နားမလည်တာ တစ်ခုက PhD ဆိုတာဟာ စီမံခန့်ခွဲမှုပညာမဟုတ်ပါ။ သက်ဆိုင်ရာ ဘာသာရပ်ကို academically နက်နက်ရှိုင်းရှိုင်း နားလည်သူမျှသာ ဖြစ်ပါတယ်။ Mechanical PhD ဟာ ကားတစ်စီးကို ထုတ်နိုင်သူမဟုတ်သလို IT PhD ဟာလဲ Microsoft Windows လိုဟာကြီးတစ်ခုလုံးကို အစအဆုံးရေးနိုင်သူမဟုတ်ပါ။ သူတို့ဟာ System ကြီးတစ်ခုထဲမှ သက်ဆိုင်ရာ အပိုင်းလေးတစ်ပိုင်းကို သူများတွေထက်ပိုမိုနားလည်သူမျှသာဖြစ်ပါတယ်။ စီမံခန့်ခွဲရေးပညာဆိုသည်မှာ ဝေလာဝေး။ သို့သော် ခွဲခြမ်းစိတ်ဖြာ ပညာရပ်ကိုအခြေခံအားဖြင့် သဘောပေါက်ကြသူများဖြစ်သည့်အတွက် သာမန် စစ်သားထက်တော့ အိုင်ကျူမြင့်တာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်မကျွမ်းကျင်ရာကိုလုပ်ရတဲ့အတွက် ဘာမှ အကျိုးမရှိပါ။ ထိုသူတို့မှာ သက်ဆိုင်ရာ သုတေသန နှင့်သင်ကြားရေးပိုင်းတွင်သာ ပိုမိုအသုံးကျမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုကဲ့သို့သော အလွဲအမှားများအောက်မှာလုပ်နေရသော စံပြကျောင်းသားတစ်ဖြစ်လဲ ဦးသောင်းမွေးထာသော ဆရာဆရာမများသည်လဲ လူမုန်းခံရသော။ ဘ၀တက်လမ်းဘာမျှမရှိသော နေရာတွေမှာလုပ်နေရပါလားဆိုတာ တဖြည်းဖြည်းနားလည်လာကြ။ အခြားသော ဘ၀တူကျောင်းထွက် အင်ဂျင်နီယာများ စင်ကာပူစသော နိုင်ငံများမှာ တူတူတန်တန်လုပ်ကိုင်ပီး လွတ်လပ်နေကြသည်ကိုသိလာကြ။ အဘခိုင်းတာကိုပဲ မျက်စိမှိတ်လုပ်၊ မိမိဘ၀မိမိမပိုင်။ ဒီကြားထဲ ကိုဖီအာနနfီ၊ ဒက်စမွန် တူးတူး တို့ဆီ ကန့်ကွက်စာရေးဆိုလဲ .. အဆင့်အတန်းမရှိ English စာနဲ့ အဆင်သင့်ရေးပီးသား အီးမေးလ်မှာ မိမိ အလုပ်ကိုင် အဆင့်တန်းဖော်ပြပီးမေးလ်ပို့ရတာမျိုး စသည်တို့ကို လုပ်ရ။ (ဒီနောက်ပိုင်း ဘန်ကီမွန်းဆီ ရေးရသလားတော့ မသိ) မိမိတာဝန်ယူရာ ကျောင်းများတွင် ဆရာများနှင့် အဆောက်အအုံကလွဲပီး ဘာမှမရှိပဲ ကိုယ်တိုင်ပင် လက်တွေ့ကျကျ နားမလည်သည်များကို ကျောင်းသားများကို သင်ကြားနေရ စသည်စသည် အမျိုးမျိုးသော စိတ်ဒုက္ခရောက်ဖွယ်ရာများကို ကြုံတွေ့လာရပီး အခါခွင့်သင့်လျှင် အလုပ်မှ ထွက်ပီး နိုင်ငံခြား သွားဖို့ကို စဉ်းစားလာကြပါတော့တယ်။
ဝန်ကြီးကတော့ သူမွေးထားတဲ့ သူတွေ သူ့ကိုပြန်မခြောက်လောက်ဘူးထင်မှာပေါ့။ ဒါနဲ့ပဲ ဖိနှိပ်မှုများရင် များသလို စိတ်ညစ်စရာများရင် များသလို နေရာတွေမှာ ရောက်နေတဲ့ ဆရာတွေ၊ ကျောင်းအုပ်တေ၊ွ နိုင်ငံခြားကို ခိုးထွက်လာပါတော့တယ်။ ယခု သိပ္ပံနှင့်နည်းပညာ ၀က်ဆိုက်မှာ တင်ထားတဲ့ Dismissed persons ထဲကအများစုဟာစံပြကျောင်းသားဘ၀ကလာတဲ့ PhD တွေပါ။ ဦးသောင်းပေးတဲ့ PhD မို့လို့ သူတို့မှာ အရည်အချင်းမရှိဟုမဆိုလိုပါ။ သူတို့လဲ ထိုက်သင့်သလောက်ဘ၀တိုးတက်မှုအတွက် ကြိုးစားခဲ့ရသူများဖြစ်ပါတယ်။ သူတို့ဟာ စစ်အစိုးရ စီမံခန့်ခွဲမှုအလွဲများရဲ့ အကောင်းဆုံး နမူနာများထဲက အချို့သာဖြစ်ပါတယ်။ ဒီနောက်ပိုင်းဆို ဦးသောင်းဟာ ပတ်စပို့ရုံးတွေမှာ Blacklist များတင်မက သူ့ဝန်ထမ်းအားလုံး၇ဲ့ ဒေတာတွေပါ ပို့ထားပါတယ်။
ခုခေတ်မှာ ၀န်ထမ်းတစ်ယောက်က အလုပ်ကထွက်ပီး နိုင်ငံခြားထွက် အလုပ် လုပ်ဖို့ သာမန် တရားဝင်လမ်းကြောင်းများအရ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ခုနောက်ဆုံး ကြားသိရတဲ့ သတင်းများအရဆိုလျှင် Master , PhD လုပ်လက်စ ကျောင်းသားများ ဆရာများကို ကျောက်ဆည်အနီးဓါတ်တော်၊ ပျဉ်းမနားအနီး အေလာ စသောနေရာများကို ဘာအလုပ်မှ မယ်မယ်ရရ လုပ်စရာမရှိပဲ ပို့ထားပါတယ်။ Micro-aquatic biology နှင့်ပြီးထားသူကလဲ နွားခြံ၊ စိုက်ပျိုးရေးခြံထဲ ရောက်လိုရောက်ပါ။ အဓိက ကတော့ အလုပ်က ထွက်မပြေးနိုင်အောင်။ နိုင်ငံရေးအရ အသုံးချစရာ လိုလာပါက တစ်လုံးတစ်ခဲတည်း အသုံးချနိုင်အောင် စီမံထားချက်ဟု အားလုံးက နားလည်ထားကြပါတယ်။ ဒါဟာ စစ်အစိုးရလက်အောက်က ၀န်ကြီးဌာနများထဲက တစ်ခုရဲ့စီမံခန့်ခွဲမှုအလွဲများကိုပြသနေသော အကောင်းဆုံး ဥပမာပါပဲ။
လေးစားစွာဖြင့်
အောင်ဆန်းမန်း

0 comments:
Post a Comment