“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 27, 2008

လေထဲမှာ တိုက်အိမ်တွေ ရောင်းနေတယ်။

သီပေါမင်း လက်ထက်မှာ အောင်ဘာလေ ထီ ဖွင့်တဲ့အတွက် ပြည်သူပြည်သားတွေ မွဲပြာကျတဲ့အခါ လွှတ်တော်က အမိန့် နဲ့  နောက်ဆုံး ပိတ်ပစ်ခဲ့ရပါတယ်။
နအဖ ခေတ်မှာရော...????


စစ်အစိုးရက အခွန်ငွေတိုးရရှိရေးအတွက် ထီလက်မှတ် တန်ဖိုး ၂ ဆ မြှင့်တင်
ကြည်ဝေ | အောက်တိုဘာ ၂၇၊ ၂၀၀၈

စစ်အစိုးရ က အခွန်ငွေ ၂ ဆ တိုးရရှိရေးအတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်မည့် (၂၄၀ ) ကြိမ်မြောက် အောင်ဘာလေသိန်းဆု လက်မှတ်များကို တစောင်လျှင် ကျပ် ၁၀၀ အစား ကျပ် ၂၀၀ အဖြစ် တိုးမြှင့်လိုက် ကြောင်း သိရှိရသည်။

ထီလက်မှတ်ဈေးနှုန်းများတိုးမြင့်လိုက်သကဲ့သို့ အောင်ဘာလေ ထီဆုကိုလည်း ယခင် ကျပ် သိန်း ၅၀၀ အစား ကျပ် သိန်း ၁၀၀၀ ဆု၊ အနိမ့်ဆုံး ကျပ် ၂ သောင်းဆုအစား ကျပ် ၁ သိန်းဆု အဖြစ် ပြောင်းလဲသတ်မှတ်လိုက် ကြောင်း အစိုးရပိုင် သတင်းစာများတွင် ကြော်ငြာခဲ့သည်။

“လူတွေကို ထီထိုးခိုင်းတာဟာ အခွန်ကောက်တာနဲ့အတူတူပါပဲ၊ ခုလိုလုပ်လိုက်တာက ထီဈေးတက်လိုက်ပြီး ၀င်ငွေတိုးရှာ လိုက်တာပဲ”ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အောင်ဘာလေ ထီရောင်းရ ငွေမှာ အစိုးရအသုံး စရိတ် နှင့်ဆိုင်သော ၀င်ငွေဖြစ်သောကြောင့် ယခုကဲ့သို့ထီလက်မှတ်ဈေး ၂ဆ တက်လိုက်ခြင်းအားဖြင့် အစိုးရ အနေ နှင့် ထိုအောင်ဘာလေထီမှ ရရှိမည့်ဝင်ငွေမှာ လစဉ် ၂ ဆတိုးလာမည်ဖြစ်ကြောင်း အဆိုပါ ပါမောက္ခက ဆိုသည်။

ပြည်တွင်းငွေဖောင်းပွလာခြင်းတို့ကြောင့်လည်း ထီလက်မှတ်ဈေးတက်ခြင်းနှင့် ဆုကြေးငွေ တိုးလာခြင်းတို့ဖြစ် ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားမှာ ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ လူအများ ၀င်ငွေနည်းလျက်ရှိ သည်ကို တွေ့ရကြောင်း၊ ၄င်းတို့အနေနှင့် ထီထိုးခြင်းမှာ စားစရိတ်ထဲမှ ဖဲ့ပြီးထိုးရခြင်းဖြစ်သောကြောင့် ကုန်ထုတ် လုပ်မှုပိုင်းများ ကျဆင်းလာနိုင်ပြီး၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်လာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့အစိုးရအနေနှင့် လောင်းကစား တမျိုးဖြစ်သော ထီဘက်သို့ လူအများအာရုံစိုက်အောင် ဆောင်ရွက်ခြင်းမှာ တိုင်းပြည် အတွက် မကောင်းကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်းတွင် လစဉ်ဖွင့်လှစ်ပေးနေသော အစိုးရအောင်ဘာလေထီအပြင် နေ့စဉ် ထွက်နေသော တရား မ၀င် ၂ လုံးထီ၊ ၂ ပတ် တကြိမ် ထွက်နေသည့် တရားမ၀င် သုံးလုံးထီများနှင့် အခြားသောတရားမ၀င် လောင်း ကစားများလည်း အလွှာအသီးသီးတွင်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုကဲ့သို့လောင်းကစား များလာခြင်းမှာ လည်း တိုင်းပြည်စီးပွားရေး ကျဆင်းသည့် လက္ခဏာတခုပင်ဖြစ်ကြောင်း သူကဆိုသည်။

စစ်အစိုးရလက်ထက်တွင် အောင်ဘာလေထီလက်မှတ်ဈေးနှုန်းများကို ပြောင်းလဲခဲ့သည်မှာ ယခု အကြိမ်နှင့်ဆို လျှင် နှစ်၂၀ အတွင်း ၅ ကြိမ်မြောက်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

ယခင်၂ ကျပ် တန်ထီ ကို ၁၉၈၈ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စပြီး ၅ ကျပ် အဖြစ်တိုးမြှင့်ခဲ့ပြီး အမြင့်ဆုံးဆုကို လည်း ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းတိုးမြှင့်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ပြောင်းလဲခြင်းမှာ ၁၉၉၁ ဧပြီလမှ စတင်ပြီး ၅ ကျပ်တန် ထီကို ၁၀ ကျပ်တန်ထီအဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း အမြင့်ဆုံး ကျပ် ၅သိန်းမှ ကျပ် ၁၀ သိန်းအထိ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၉၈ ဒီဇင်ဘာလတွင် တတိယ အကြိမ်မြောက် အဖြစ် ၁၀ ကျပ် တန်ထီ လက်မှတ်ကို ၅၀ ကျပ်တန်အဖြစ် ပြောင်းလဲလိုက် ပြီး အမြင့်ဆုံးဆုငွေကိုလည်း ကျပ် သိန်း ၃၀၀ အထိ ပြောင်းလဲ ခဲ့သည်။ လေးကြေိမ်မြောက်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လမှ စတင်ကာ ကျပ် ၅၀ တန်ထီလက်မှတ်ကို ကျပ် ၁၀၀ တန်ထီလက်မှတ်အဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း ကျပ် သိန်း ၅၀၀ အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရ အနေနှင့် လစဉ် ထီရောင်းရငွေရ၏ ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာငွေအဖြစ်သိမ်းယူပြီး ၆၀ ရာခိုင်နှုန်း ကိုသာ ထီဆုကြေးများအဖြစ် ထီထိုးသူများအား ခွဲဝေပေးနေခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ ထီလက်မှတ်ဈေး ၂ဆ မြှင့်ခြင်းအားဖြင့် အောင်ဘာလေထီမှ ၀င်ငွေ ၂ ဆတိုးသွားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ အငြိမ်းစား အရာရှိတဦးက ပြောဆိုသည်။

"အောင်ဘာလေသိန်းဆုဌာနက ၀င်တဲ့ဝင်ငွေက ကုန်သွယ်ခွန်၊ ၀င်ငွေခွန်တို့ပြီးရင် ရငွေပမာဏ အရ ဒုတိယ လိုက်တယ်”ဟု သူက ဆိုသည်။

အောင်ဘာလေထီ အက္ခရာတလုံးတွင် ထီစာအုပ်ရေ ၈၁၈၁၈ အုပ်ပါသည်ဟုသိရပြီး ထီ ၁ အုပ်တွင် ထီစောင်ရေ ၁၁ စောင် ပါကာ အက္ခရာ စုစုပေါင်း အလုံး ၃၀ ထုတ်သောကြောင့် စုစုပေါင်း ထီစောင်ရေမှာ ၂၆၉၉၉၉၄၀ စောင် ရိုက်ထုတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လစဉ် ဖွင့်လှစ်သော အောင်ဘာလေထီဆုများတွင် လာရောက်ထုတ်ယူခြင်းမရှိသော ဆုငွေများလည်း ရှိကြောင်း၊ ထိုဆုငွေပမာဏများသည်လည်း လစဉ် သိန်းရာနှင့်ချီပြီး ရှိနေကြောင်း၊ အဆိုပါ လာရောက်ထုတ် ယူခြင်းမရှိသော ဆုငွေ တွေကို တနှစ်စောင့်ပြီးမှ လာမထုတ်ပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေခြင်းဖြစ် ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှ သိရှိရသည်။

လက်ရှိအောင်ဘာလေ သိန်းဆုဌာနခွဲက ထီဝယ်လိုသူ မည်သူ့ကိုမဆို မြန်မာ့စီးပွားရေးဘဏ်တွင် PO (Payment Order) နှင့် ငွေကြိုပေးသွင်းပြီးဝယ်ရသော စနစ်နှင့် ၀ယ်ယူရခြင်းဖြစ်ပြီး တဦးလျှင် အနည်းဆုံးထီစာအုပ် ၁၀၀ မှ အများဆုံး၂ သောင်းအထိ လျှောက်ထားခွင့်ရှိကြောင်း အောင်ဘာလေသိန်းဆုဌနမှ တာဝန်ရှိသူ တဦးကပြော သည်။

အစိုးရအနေနဲ့ထီဆိုင်များက ၀ယ်ယူလျှောက်ထားသည့် PO ၏ ၆ ရာခိုင်နှုန်းသာလျှင် အများဆုံးရောင်းချပေး လေ့ ရှိကြောင်း ထီဆို်င်များက ပြောဆိုသည်။

ထီလက်မှတ် တစောင် အစိုးရထုတ်ဈေး ၂၀၀ ကျပ် ဆိုလျှင် အပြင်ပေါက်ဈေးနှင့် ထီဆိုင်များတွင် ထီတစောင်၏ တန်ဖိုးမှာ အနည်းဆုံး ၂၅၀ ကျပ်မှ ကျပ် ၃၀၀ နှင့် ရောင်းချကြရမှာဖြစ်ပြီး ထီအရောင်းဆိုင်ကြီးများမှ တဆင့်ပြန် ယူရောင်းကြရသော လက်တွန်းလှည်းနှင့် ထီရောင်းသူများ၊ လက်ပွေ့ထီအရောင်းသမားများမှာ ထီတ စောင်လျှင် အနည်းဆုံး ကျပ် ၃၀၀ နှင့်အထက် ရောင်းမှသာ ကိုက်မည်ဖြစ်သည်ဟု ထီအရောင်းဆိုင်ကြီးတဆိုင်မှ အရောင်း တာဝန်ခံ မန်နေဂျာ တဦးက ဆိုသည်။

၎င်းတို့ ထီဆိုင်အပါအ၀င် လက်ရှိ ထီဆိုင်အတော်များများမှာ ကိုယ့်ဆိုင်တွင် လက်ရှိအမြင့်ဆုံး ဆု သိန်း ၅၀၀ ပေါက်မဲပါဝင် ခဲ့ပါက ဆုပေါက်သူအား အပိုဆုကြေးအဖြစ် ဆိုင်မှ သိန်း ၅၀၀ ဆုကြေးပေးသော စနစ်ကို ကျင့်သုံး ကာ ရောင့်းအားမြှင့်တင် နေရခြင်းဖြစ်ကြောင်း၊၂၄၀ ကြိမ်မြောက်မှ စတင်မည့် သိန်း ၁၀၀၀ ပေါက်သူအား အပိုဆု ကြေးအဖြစ် မည်မျှပေးရမည်ကို မစဉ်းစားရသေးကြောင်း၊ လက်ရှိ နှုန်းထားအတိုင်း အပိုဆုကြေးကို ပေါက်ငွေ ပမာဏအတိုင်း ပေးနိုင်ရန်အတွက် ထီဆိုင် များအနေနှင့် ရောင်းအားရှိမရှိ မသေချာနိုင်သေးကြောင်း၊ လက်ရှိ ထီရောင်းအားအခြေအနေမှာ ယခင်နှစ်ကထက် ၃ ပုံ ၁ပုံခန့်အထိ ကျဆင်းနေကြောင်း သူက ဆိုသည်။

“အခု ထီလက်မှတ်ဈေးမြှင့်လိုက်တဲ့အတွက် ထီထိုးတဲ့သူတွေလည်း ထိုးအားကျသွားနိုင်တယ်၊ ပေါက်နိုင်တဲ့ ရာနှုန်းလည်း နည်းလာကြမယ်၊ ထီးရောင်းတဲ့ သူတွေမှာလည်း ငွေအဆများများရင်းနှီးမြှုပ်နှံဖို့အတွက် ငွေလို လာကြလိမ့်မယ်”ဟု ထီဆိုင်လုပ်ငန်းရှင် တဦးက ဆိုသည်။

ထီရောင်းချသူများအနေနှင့်ထီလက်မှတ်တန်ဖိုးငွေ တိုးလာသည့်အတွက် ယခင်ကထက် ငွေရင်းပမာဏများ လာပြီး ငွေအတိုးနှုန်းအနေနှင့်လည်း တန်ဖိုးပမာဏတခု တက်လာမှာဖြစ်ကြောင်း ထိုပမာဏကို ထီထိုးသူ များကသာလျှင် ကျခံကြရခြင်းဖြစ်ကြောင်း သူက ပြောသည်။

ထီရောင်းအားကောင်းရန်အတွက် ထီဆိုင်များ အပြိုင်အဆိုင်ကြော်ငြာခြင်းနှင့် ထိုကြော်ငြာခတို့အတွက် ကုန်ကျ စရိတ် အသီးသီးကိုလည်း ထီင်္ဝယ်ထိုးသူများကသာ ကျခံနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။


လက်ရှိ အစိုးရထုတ် ထီလက်မှတ်ဈေးနှုန်းမှာ တစောင်လျှင် ၁၀၀ ကျပ်ဖြစ်ပြီး ထီဆိုင်များ ရောင်းချသော လက်ရှိဈေးနှုန်းမှာ အက္ခရာနှင့် အတွဲပေါ်တွင် မူတည်ပြီး အနည်းဆုံးကျပ် ၁၅၀ ဈေးမှ ကျပ် ၂၅၀ ဈေးအထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။ http://www.irrawaddy.org/bur/news2008/October/Oct_27a_08.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */