“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 12, 2008

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် နောက်တကြိမ်တွေ့

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 11 2008 21:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကြာသပတေးနေ့တွင် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် နောက်တကြိမ် ထပ်မံတွေ့ဆုံပါသည်။ သူမအား တရားမဝင် ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစွဲဆိုရန် ဆွေးနွေးခဲ့သည်ဟု သူမ၏ ရှေ့နေက ပြောပါသည်။

ယနေ့ ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၂ နာရီမှ ၄ နာရီအထိ ၂ နာရီကြာမျှ ခေတ္တ တွေ့ဆုံခဲ့ပြီး သူမအား တရားမဝင် ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ သူ့ကိုယ်စား သူရေးသားထားသည့် လျှောက်လွှာကို ဆွေးနွေးခဲ့ကြောင်း ဦးကြည်ဝင်းက မဇ္ဈိမကို ပြောပြသွားပါသည်။

“သူ့ကျန်းမာရေးက ကောင်းပါတယ်” ဟု ဦးကြည်ဝင်းက ပြောသွားပြီး၊ တဆက်တည်းတွင် သူမ၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ သူမ၏ မိသားစုရှေ့နေ ဒေါက်တာ တင်မျိုးဝင်းကသာ ထုတ်ဖေါ် ပြောကြားလိမ့်မည် ဖြစ်ကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသိပေး ပြောကြားခဲ့သည်ဟု ဆိုပါသည်။

သို့သော် ဦးကြည်ဝင်းက ဆက်လက် ပြောသည်မှာ သူမ အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသော ကောလဟလ သတင်းများနှင့် စပ်လျဉ်း၍ နိုဘယ်ဆုရှင်က ဖြေကြားခြင်း မပြုခဲ့ဟု ဆိုပါသည်။

စက်တင်ဘာ ၁ ရက်နေ့က သူမနှင့် တွေ့ဆုံစဉ်ကလည်း အလားတူ မေးခွန်းကို မေးမြန်းခဲ့သေးကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က သူ့ကို “ကျမ နေကောင်းပါတယ်၊ ကိုယ်အလေးချိန်ဘဲ နဲနဲကျနေတယ်” ဟုသာ ပြန်ဖြေခဲ့ကြောင်းဖြင့် ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသွားပါသည်။

သောကြာနေ့ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သူမသည် သူမထံ ပေးပို့သော အစားအသောက်များကို သြဂုတ်လလယ် ကတည်းက လက်မခံဘဲ ငြင်းဆန်ခဲ့ရာ သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ် ကြေငြာခဲ့ပါသည်။

ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ လအတွင်း ၄ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပြီး သူမအား ကန့်သတ်မှုများ ဆက်လက် ပြုလုပ်ထားခြင်းအတွက် အစိုးရထံ လျှောက်ထားရန် ဆောင်ရွက်လျက် ရှိသည်ဟု ပြောပါသည်။

“လျှောက်လွှာကို အစိုးရ ဝန်ကြီးအဖွဲ့ထံ တင်ပါမယ်” ဟု ဦးကြည်ဝင်းက ပြောသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော်ကြာမျှ တနည်း မဟုတ်တနည်းဖြင့် ထိန်းသိမ်း ခံခဲ့ရပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်း မြို့အနီးတွင် သူမ၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် လူအုပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ၂ဝဝ၃ ခုနှစ် မေလ ကတည်းက နောက်ဆုံးအကြိမ် ဖမ်းဆီး ထိန်းသိမ်းထားခံခဲ့ရခြင်း ဖြစ်ပါသည်။

ယခုနှစ် မေလက သူမ၏ အကျယ်ချုပ် သက်တမ်းကို စစ်အစိုးရက နောက်တကြိမ် ထပ်မံသက်တမ်း တိုးမြင့်ခဲ့ပါသည်။ သို့သော် သူမပါတီ အဖွဲ့ဝင်များနှင့် သူမကို ထောက်ခံသူများက စစ်အစိုးရသည် မြန်မာပြည်၏ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း၊ ဤဥပဒေအရ မည်သူ့ကိုမျှ တဆက်တည်း ၅ နှစ်ထက်ကျော်၍ ထိန်းသိမ်းထား၍ မရကြောင်း ပြောဆိုခဲ့ကြပါသည်။

သို့သော် စစ်အစိုးရကမူ သူတို့၏ ဤဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ထိန်းသိမ်းမှု သက်တမ်းကို ၆ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်း ပြောဆိုပါသည်။
http://www.mizzimaburmese.com/news/inside-burma/1665-2008-09-11-15-33-58.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */