“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 19, 2008

မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ

http://www.mizzimaburmese.com/news/inside-burma/1710-2008-09-19-15-38-57.html
ဖနိဒါ, သောကြာနေ့၊ စက်တင်ဘာလ 19 2008 21:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။

"ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။

အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာ တင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။

လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */