ရဲ ထက် on Friday, December 10, 2010 at 11:06pm
အထက်အရာရှိအကြီးအကဲများအပေါ်တွင်ထားရှိရမည့်ကျင့်ဝတ်ကိုလက်ကိုင်ထားသော တပ်မတော်သားနောင်တော်တစ်ဦးသို့…………….
နောင်တော့်ကိုအထက်အကြီးအကဲများအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါးကို လေးစားလိုက်နာသည်ကို တွေ့ရ၍ လွန်စွာပင် ဝမ်းသာမိ ပါသည်။ကျနော်နောင်တော့်ကိုပြောပြချင်ပါသည်။ကျနော်တို့တပ်မတော်သား များအနေဖြင့် ပြုကျင့်ရမည့်ကျင့်ဝတ်ပေါင်း အခြေခံ အကြမ်းဖျဉ်းအားဖြင့် (၆၀)ရှိပါသည်။
ယင်းတို့တွင် ကျနော်အဓိကထားပြောသွားမည်က လက်အောက်ငယ်သားများအပေါ်တွင်ပြုကျင့်ရမည့်ကျင့်ဝတ်(၅)ပါးနှင့် ပြည်သူလူထု အပေါ်တွင်ပြုကျင့်ရမည့် ကျင့်ဝတ်(၅)ပါးကို အဓိကထား၍တင်ပြသွားပါမည်နောင်တော်။ နောင်တော်ဟာလည်း ကျနော်တို့မိခင် စစ်တက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သည့် တစ်အူတုံဆင်း ညီအစ်ကိုများ မဟုတ်ပါလော။ နောင်တော် ……….
အထက်အကြီးအကဲများအသာထားလို့ နောင်တော့် လက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့ လက်အောက်ခံစစ်သည် များကိုပဲ ကြည့်ပေးပါ။ သူတို့မိသားစု တွေအဆင်ပြေကြသလား။ ယင်းလက်အောက်ခံစစ်သည်များရဲ့ အနာဂတ်ဆိုတာကိုနောင်တော်တွေးမိပါသ လော။ ယင်းစစ်သည်များရဲ့ သားသမီးများရဲ့အနာဂတ်နောင်ရေးအတွက် နောင်တော်စဉ်းစားပေးမိပါသ လော။ ကျနော်ယုံကြည်ပါသည် နောင်တော်သည်ယင်းနောင်တော့်လက်အောက်က စစ်သည်များအတွက် တွေးပေးခဲ့ပေလိမ့်မည်။ တွေးပေးခဲ့ပြီးနောင်တော်တတ်စွမ်းသလောက်လုပ်ပေးပါလိမ့်မည်။ နောင်တော် ကျနော် တပ်ကိုစရောက်တော့ ကျနော်ရောက်ပြီး နောက်၂ ရက်လောက်မှာ ကျနော်တပ်ရင်းတာဝန်မှူးကျ ပါတယ်နောင်တော်။ ကျနော်စစ်သည်လိုင်းခန်းများကော အိမ်ထောင်သည်လိုင်းခန်း များပါ အကုန်လိုက်လံ စစ်ဆေးပြီး သူတို့လေးတွေဘဝအတွက် ကျနော်စဉ်းစားပေးခဲ့ပါသည်။ စဉ်းစားပေးပြီးကျနော်လုပ်နိုင်သော တာဝန် ကို လုပ်ပေးခဲ့ပါတယ် နောင်တော်။ အဲဒါကတော့ သူတို့ကိုတော့ ဖက်ထိပ် လျှော့ရက်ပေးတာတွေ တခြားထောက်ပံ့တာတွေ မလုပ် နိုင်တော့ ကျနော် သူတို့ရဲ့သားသမီးတွေရဲ့နောင်ရေးအတွက် စာပေကိုလေ့ လာလိုက်စားစေလိုစိတ်ထက်သန်လာစေဖို့ကျနော် အဘ တပ်ရင်းမှူးဆီမှာတင်ပြတောင်းခံနိုင်ခဲ့ပါတယ် နောင်တော်။ အဘတပ်ရင်းမှူးကြီး ကလဲ အရည်အချင်းရှိသူဆိုတော့ ကျနော့်ကို ညနေ ၃ နာရီဆိုရုံးပေးဆင်းပြီး ကလေးတွေကို တပ်ရင်းဓမ္မာရုံမှာ စာသင်ပေးခိုင်းပါတယ်နောင်တော်။ ကောင်းပြီ နောင်တော် ယနေ့ နိုင်ငံတော်တာဝန်များပါ ထမ်းဆောင်နေသော နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်ခေါင်းဆောင်ကြီးများ ဟာ ယခုကဲ့သို့ ဖြည့် ဆည်းပေးခဲ့ပါသလော။ တပ်ရင်းများသို့လာရောက် စစ်ဆေးလျှင် ဘယ်ကဲ့သို့ ပြုစုရတယ် ဆိုတာနောင်တော်လည်း အရာရှိ၊ ကျနော် လည်း အရာရှိပါ။ ပြောနေစရာလိုမယ်မထင်ပါ။ ပြောနေရင်လဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေပါလိမ့်မယ်။ တကယ် လို့များ အဲဒီလိုတပ်စစ်ဆေးရေးလာတဲ့ နောင်တော်ပြောတဲ့အထက်အရာရှိများဟာ ကျနော်ပြောသလိုဆိုရင် နောင်တော်ခံယူထားတဲ့ အထက် အကြီးအကဲများအပေါ်ပြုကျင့်ရမည့်ကျင့်ဝတ်ကတော့ညီသွားပါပြီ လက် အောက်ငယ်သားတွေအနေနဲ့ပေါ့။
ဒါပေမယ့် အဲဒီအကြီးအကဲများ ကကော အကြီးအကဲဝတ်ညီပါပြီလား ဆိုတာကိုပါ ကျနော်တို့စဉ်းစားရပါတော့ မယ်နောင်တော်။ လက်အောက်ငယ်သားများအပေါ် ရင်ဝယ်သားကဲ့သို့ ဆိုတာရှိပါတယ် အကြီးအကဲတစ် ယောက်အနေနဲ့ပေါ့။ သူတို့အဲဒါနဲ့ညီပါသလား။ နောင်တော် ငါဆိုတဲ့မာန်မာနလေးတွေ တပ်မတော်သား ဆိုတဲ့မာန်မာနလေးတွေခဏဘေးဖယ်ထားပါ။ နောင်တော်ကိုယ်တိုင်ကော နောင်တော်ရသင့်တဲ့အခွင့်အရေးတွေအပြည့်အဝရနေပါပြီလား။ နောင်တော် နည်းနည်းလေးနားစွင့်လိုက်ပါ။ နောက်ဆုံးနောင်တော့်မိဘ များပါ ဘာတွေပြောနေသလဲ။ ပြည်သူတွေ ဘယ်လိုခံစားနေရသလဲဆိုတာ နောင်တော်နားထောင်ပေးပါ။ ဒါဆိုရင်နောင်တော်ဟာ အထက် အကြီးအကဲများကိုသာမက ကိုယ်တိုင်ပါ အကြီးအကဲတစ်ယောက်ရဲ့ တာဝန်တစ်ခုတော့ ပြည့်သွားပါပြီနောင်တော်။ နောင်တော် ယူနေတဲ့ လစာတစ်သိန်းကျော်…….. နောင်တော် နေနေတဲ့ တပ်ရင်းကအဆောက်အဦးတွေ နောင်တော်တို့ ကျနော်တို့ သုံးနေတဲ့ အသုံးအဆောင်အဝတ်အစား တွေ အားလုံးဟာ ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်တွေကနေခွဲ ဝေသုံးစွဲတာပါ နောင်တော်။ နောင်တော် ကောဘယ်လိုထင်ပါသလဲ။ ညီလေးအနေနဲ့တော့ နောင်တော်တို့နဲ့ စိတ်ဝမ်းမကွဲလိုပါ။ ကျနော် တို့နောင်တော်တို့မှ စိတ်ဝမ်းကွဲနေရင် မိခင်ကြီး စစ်တက္ကသိုလ်ငိုကြွေးနေပါလိမ့်မယ်နောင်တော်။ ခုလဲမိခင် ကြီးငိုကြွေးနေတာ နောင်တော် သတိထားမိရဲ့လား နောင်တော်။ သူဟာသူ့သားတွေကို ပြည်သူတွေချစ်စေ ချင်ခဲ့တာ……… ပြည်သူကိုအလုပ်အကျွေးပြုစေချင်ခဲ့တာပါနောင်တော်…… ဒါကြောင့်လဲသင်ပေးလိုက်တာ တွေကိုက နောင်တော်ရယ် ပညာပေါင်းများစွာပါ…… မှာကြားထားလိုက်တဲ့စကားတွေကလဲအများသား…. နောင်တော်ဒါတွေကိုသတိမရတော့တာလား……… မိဘရင်ခွင်နဲ့ဝေးလို့ မသိတော့တာလားဗျာ……….. ဥမမယ်စာမမြောက်ကျနော်တို့တတွေကို လောကမှာတတ်သင့်တတ်ထိုက်တဲ့ပညာတွေနဲ့ သိသင့်သိထိုက် တာတွေသင်ကြားပေးလိုက်တာဘာကြောင့်လို့ထင်လဲနောင်တော်….. တကယ်တော့မိခင်ကြီးက ပြည်သူကို အလုပ်အကျွေးပြုစေချင်လို့ပါနောင်တာ်……. ခေါင်းဆောင်တစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းမရှိရင် ခေါင်းဆောင်လုပ်မရပါဘူးနောင်တော်…… ခုလက်ရှိ တပ်မတော်ခေါင်းဆောင်များဟာ စစ်ရေးအရ အမြင် ကောအတွေ့အကြုံကော ကျနော်တို့ထက်များပါလိမ့်မယ် ကျန်တဲ့သူတွေထက် ပိုပါလိမ့်မယ်နောင်တော်… ဒါပေမယ့်နောင်တော် ငါသိငါတတ်လုပ်နေလို့တော့မရဘူးနောင်တော်……ငါဆိုတဲ့အတ္တစိတ်တွေ ဝင်သွားပြီ ဆိုရင်တော့ ကျဆုံးရတော့မှာပါနောင်တော် ခုတော့သူတို့တင် မဟုတ်ဘဲကျနော်တို့ အရာရှိငယ်များနဲ့ တပ်မတော်သားများကိုပါ ဒီလိုစိတ်မျိုးရိုက်သွင်းထားပြီးသူတို့နေရာတည်မြဲရေးအတွက် သုံးနေတာကို နောင်တော်သတိထားမိပါသလားနောင်တော်…. ဒါကိုအဟုတ်ထင်နေပြီး ပြည်သူကိုပြန်စော်ကားနေတာ ဘယ်လောက်တောင်များနေပြီလဲနောင်တော်… စဉ်းစားပေးပါနောင်တော်…ခုတော့သူတို့က ငါဆိုတဲ့ အတ္တတင်မကတော့ဘဲ သူတို့မလုပ်နိုင်တာမရှိဘူးဆိုပြီး ဘဝင်လေဟပ်နေတာ နောက်ဆုံးတော့ ဘယ်သူတွေနစ်နာသလဲ နောင်တော် ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူတွေ ပဲနစ်နာပါတယ် နောင်တော်… နောက်ကြားကနေသမိုင်းမှာ နာမည်ပျက်တာက အစဉ်အလာအရ ပြည်သူ့ဘက်ကနေအမြဲရပ်တည်ပေးခဲ့တဲ့ တပ်မတော်ကြီးပါနောင်တော် .. ခုမှတော့မဟုတ်တော့ပါဘူး အကျင့်ပျက်အရာရှိတွေဦးဆောင်ခဲ့တဲ့ တစ်ပါတီအာဏာရှင်ဦးနေဝင်းလက်ထက်ကစလို့ပေါ့နောင်တော်.. ခုတိုင်းပြည်ကဘယ်အခြေအနေ ရောက် နေပြီလဲဆိုတာကို နောင်တော်………အရှိတရားကိုလက်ခံပေးပါ နောင်တော်.. အရှိကိုအသိနဲ့ ပြန်ထိန်းမယ်ဆိုရင် ကျနော်တို့တွေ မှန်ကန်တဲ့အဖြေတစ်ခုကို ရရှိပါလိမ့်မယ်နောင်တော်..။ နောင်တော်နိုင်ငံတစ်ဝှမ်းကြည့် လိုက်ပါဦး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအများသား…. ဘယ်နိုင်ငံမှ ကျနော်တို့နိုင်ငံလောက် တော်လှန်ပုန်ကန်တဲ့ လက်နက် ကိုင်ကော အတိုက်အခံကော မများပါဘူးနောင်တော်…. ကျနော်တို့တတွေ ယနေ့ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်မီးဟာ ဘာကြောင့်လို့ ထင်လဲနောင်တော်………….. နောင်တော်စဉ်းစားကြည့်မိရဲ့လား….. စစ်ခေါင်းဆောင် တစ်ယောက်မှာ မြင်(၄)မြင်ရှိရမယ်ဆိုတာ နောင်တော် ကိုပြောရင် မိကျောင်းမင်း ရေခင်းပြဖြစ်နေပါ့မယ်။ နောင်တော်ကိုယ်တိုင်ဟာလဲ အမိစစ်တက္ကသိုလ်က ဆင်းလာတဲ့ စစ်သား ဖြစ်တဲ့ အတွက်စစ်ရေး အမြင်ကတော့ မပြောတော့ပါဘူး……. ကျန်တဲ့နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နဲ့ စီးပွါးရေးအမြင် တွေနဲ့ ပြောကြရအောင် နောင်တော်…. ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဘယ်ကနေစလို့ လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သလဲ....... ယနေ့ပြောနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဟာ ဘာကို တောင်းဆိုနေတယ် ထင်လဲ နောင်တော် ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ရမယ် ထင်လဲနောင်တော်…..။ နောင်တော်…..တကယ်တော့ ဒါတွေကိုဖြေရှင်းဖို့နည်းလမ်းကတစ်ခု တည်းပဲရှိတယ်နောင်တော်…. အဲဒါကနိုင်ငံရေးနည်းအရဖြေရှင်းတာပဲ…။ တိုင်းရင်းသားတွေနဲ့တန်းတူညီမျှမှု ကိုဆွေးနွေး ရမယ် နောင်တော်.. နောင်တော်ကပြောပါဦးမယ် ခုကကောဘာတွေများအခွင့်အရေး မပေးလို့လဲလို့လေ အားလုံးတန်းတူပဲလို့ ဒီလိုပြောရင်လဲ ညီလေး မငြင်းပါဘူး သိပ်မှန်တာပေါ့နောင်တော် လက်ရှိတပ်မတော်နဲ့ နိုင်ငံခေါင်းဆောင်များဟာ သူတို့အာဏာတည်မြဲရေးနဲ့ မိသားစုကောင်းစား ရေးအတွက် တိုင်းရင်းသား တွေတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးကပြည်သူတွေကော အစိုးရအမှုထမ်း တွေကော ကိုပါဖိနှိပ်ထားတာကြောင့် မငြင်းတာပါ နောင်တော်.. နောင်တော်ခေါင်းအေးအေး ထားပြီးစဉ်းစားပါနောင်တော်.. ညီငယ်ပြော နေတာတွေ ဟာ အမှန်တကယ်ဖြစ်နေတာလား လုပ်ကြံပြောနေတာလားဆိုတာကိုပါ…….. အဲဒီနိုင်ငံရေးမှာတောင်မှ အခု နောင်တော် လက်တွေ့ခံစား နေရတဲ့ တပ်မတော်ကဖော်ဆောင်ပေးထားတယ် ဆိုတဲ့ဒီမိုကရေစီ ကနိုင်ငံရေးပြဿနာရဲ့ အဖြေမဟုတ်ဘူး နောင်တော်……….အဓိကမဟုတ်ဘူး……. နောင်တော်…။ အဓိကကတန်းတူညီမျှမှုကို ဖော်ကျူးတဲ့ တန်းတူညီမျှ အတူယှဉ်တွဲ နေထိုင်ရေး ဖြစ်တဲ့ ဖက်ဒရယ်မူ ပါနောင်တော်။ နောင်တော် ပြောတဲ့တပ်မတော်ခေါင်းဆောင်တွေမှာ အရည်အချင်းရှိသူ တွေရှိတယ်ဆိုတာ ညီငယ်လက်ခံပါတယ် နောင်တော်…။ ဒါပေမယ့် အဲဒီလိုခေါင်းဆောင် မျိုးကလဲ တပ်မတော် ခေါင်းဆောင်တစ်ယောက် ပဲဖြစ်နေတယ်လေ။ နိုင်ငံရေးမှာပါဝင်ဆောင်ရွက်လို့မရဘူးနောင်တော်…။ နိုင်ငံရေးအရအမြင်ရှိတဲ့ နိုင်ငံအတွက်ပြောင်းလဲလိုတဲ့ တပ်မတော်ခေါင်းဆောင်များကကော ဘယ်လိုတွေဖြစ်သွားလဲ ….. နောင်တော်တပ်မတော်ကို ထိရင်မခံဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘဲ တပ်မတော်သားတစ်ယောက်ရဲ့ရှိရ မယ့်နှလုံးသားလေးနဲ့ကြည့်ကြည့်ပါနောင်တော်………… ကျနော်တို့က အဲဒီလိုတပ်မတော်ခေါင်းဆောင် တွေကို ပြောနေတာမဟုတ်ဘူးနောင်တော်…..။ နိုင်ငံတော်ကိုအစိုးရ အနေနဲ့အုပ်ချုပ်နေပြီး ကိုယ်ကျိုး ကြည့်တဲ့ခေါင်းဆောင်တွေကိုပြောနေတာနောင်တော်။ နောင်တော်ဒါတွေိ ကိုပြောမယ်ဆိုရင် ကျနော်ဟိုး ၁၉၆၁ ခုနှစ်ကနေစလို့ ဦးနေဝင်းအာဏာသိမ်းတဲ့အချိန်ကစလို့ စပြောရမယ် နောင်တော်…။ တကယ်တော့ ကျနော်တို့ လွတ်လပ်ရေးကြီး ရယူချိန်နီးမှာ တောင်ပေါ်မြေပြန့်ဆိုပြီး အင်္ဂလိပ် ရဲ့ခွဲခြားပြီးပေးမယ့် လွတ်လပ်ရေးကို အတူတကွရယူဖို့တိုင်းရင်းသားအားလုံးဟာ လိုလားခဲ့ကြတယ် ဒါကလဲ ဗိုလ်ချုပ် အောင်ဆန်းချမှတ်ခဲ့တဲ့ မူတွေအပေါ်မှာလက်ခံခဲ့ကြလို့ပါနော်တော်။ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းညွှန်(၇) ချက်ကိုနောင်တော်မြင်ဖူးပါသလားနောင်တော်။ ကြားဖူးပါသလားနောင်တော်…. ဖတ်ဖူးပါသလား နောင်တော် … တကယ်တော့ ဒီမူတွေ၊ ဒီလမ်းညွှန်ချက်တွေ ကိုကြည့်ပြီးကျနော်တို့က နိုင်ငံတော်ကိုရှေ့ ဆက်သွားရမှာပါနောင်တော်။ ဘယ်အစိုးရတက်တက် တပ်မတော်ဆိုတာကတော့ရှိနေမှာပါ။ ဒါပေမယ့် တိုင်းပြည်အာဏာကိုလက်ထဲက မလွှတ်တမ်းယူထားမယ့် အခြေအနေတော့ မဟုတ်ဘူး နောင်တော်။ တကယ်တော့၁၉၆၁ ခုနှစ် မှာတိုင်းရင်းသားခေါင်းဆောင်တွေတင် သွင်းခဲ့တာက ခွဲထွက်ရေးမဟုတ်ဘူးနောင်တော်။ ကိုယ်ပိုင်ပြဌာန်းခွင့်ပါနောင်တော်။ ဖက်ဒရယ်မူတစ်ခုမှာရှိ ရမယ့်အခြေခံ တွေကိုတင်ပြတောင်းခံခဲ့တာပါ။ ဒါကိုလွဲမှားစွာပြည်သူလူထုကို ဘာသာပြန်ရိုက်ထည့်ပေးလိုက်တာက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲမယ်လို့ပြောလိုက်တယ်။ တကယ်တော့ တိုင်းရင်းသားတွေ လိုချင်ခဲ့တာက ခွဲထွက်ရေးမဟုတ်ဘူး။ ပြည်ထောင်စုစစ်စစ်မူပါနောင်တော်။ တစ်ချို့ကိစ္စတွေကို လက်ရှိရိုက်သွင်းထား တဲ့ စိတ်လေးကိုဘေးဖယ်ပြီး နိုင်ငံအတွက်အကောင်းဆုံးဖြစ်လာနိုင်မယ့်ကိစ္စကို စဉ်းစားဖူးပါသလား။တိုင်းပြည် တစ်ခုကို ထူထောင်ရေး လုပ်မယ်ဆိုရင် ဘာတွေက အခြေခံကျသလဲဆိုတာနောင်တော်သိပါသလားနောင် တော်။ နိုင်ငံရေးအမြင်ဆိုတာဘာလဲ လက်ရှိအစိုးရက ပြောထားတဲ့ အမြင်တွေပဲလားနောင်တော်။ ဒါဆိုရင် တော့ဖက်ဆစ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးအမြင်ပဲဖြစ်မယ်နောင်တော်။ စစ်မှန်တဲ့သဘောတရားတစ်ခုနဲ့ စဉ်းစားကြည့်ပါနောင်တော်။ နောင်တော် ရန်သူတောင်အညံ့ခံရင် ရေလိုလလိုကျင့်ရမယ်လို့ပြောထားသေး တာပဲ။ ရန်သူမဟုတ်တဲ့ ကျနော်တို့ရဲ့ပြည်သူတွေကိုဘာလို့ခုလိုဆက်ဆံနေကြရတာလဲ။ နောင်တော်အဲဒါ တွေကိုကောမစဉ်းစားတော့ဘူးလား။ ဘက်စုံကိုအခြေခံပြီးအကောင်းဆုံးဆိုတာကို ရွေးချယ်ရမယ်နောင် တော်။ ဒီတော့ နောင်တော် နိုင်ငံရေးအရ တိုင်းပြည်ကိုဘယ်လိုဆက်ရမလဲ ဘယ်လိုနိုင်ငံရေးလမ်းကြောင်း ကသာလျှင်ကျနော်တို့နိုင်ငံအတွက် အကောင်းဆုံးသောနိုင်ငံရေးစနစ်ကိုသွားနိုင်မလဲ ဆိုတာနောင်တော် စဉ်းစားနိုင်ပါစေ။ အုပ်ချုပ်ရေးအရပြောမယ်ဆိုလဲ အားလုံးကိုစစ်သားပုံစံသွားလုပ်လို့မရဘူးနောင်တော်။ အခြေအနေအရ စစ်သားဆိုတာက အမိန့်တစ်ခုနဲ့သွားတယ်ဆိုပေမယ့် ကျန်တဲ့အုပ်ချုပ်ရေးပိုင်းတွေမှာ အထူးသဖြင့်တိုင်းပြည်အုပ်ချုပ်ရေးမှာ စစ်အုပ်ချုပ်ရေးနဲ့သွားလို့မရဘူးနောင်တော်။ ရေဗူးပေါက်တာမလိုချင် ဘူးရေပါတာပဲလိုချင်တယ်ဆိုတာ တကယ်တော့ပြန်စဉ်းစားရင် အတွေးအခေါ်မရှိတဲ့အပြောတွေပါနောင် တော်။ ဒီရေဗူးကိုဘယ်လိုဖာထေးမလဲ ရေပါအောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျနော်တို့စဉ်းစားရမယ် နောင်တော်။ တိုင်းပြည်ကိုအုပ်ချုပ် တာဖြစ်တဲ့အတွက် တိုင်းသူပြည်သားအားလုံးကစဉ်းစားပြီး သူတို့လိုလားတဲ့အစိုးရတစ်ရပ်နဲ့ သူတို့ကိုအုပ်ချုပ်သွားရမယ်နောင်တော်။ စီးပွါးရေးအမြင်နဲ့ကြည့်မယ်ဆို ရင် တိုင်းပြည်မှာစီးပွါးရေးအရ ဘာတွေချွတ်ယွင်းနေသလဲ။ စီးပွါးရေးတိုးတက်ပါတယ်ဆိုရင် ဘာလို့ အလုပ် လက်မဲ့တွေများနေသလဲ။ နောင်တော့်သူငယ်ချင်း(အရပ်သား)တွေကိုမေးကြည့်ပါဦး။ နောက်နောင်တော့်မှာ ညီအစ်ကို မောင်နှမတွေရှိတယ်ဆိုရင်လည်း မေးကြည့်ပါဦး။ မိသားစုတစ်စုရဲ့ဝင်ငွေဟာ အရင်လိုမျိုးများ လောက်ငှရဲ့လားဆိုတာ။ နောင်တော် ကျနော်တို့တတွေဟာ တိုင်းပြည်အတွက်အသက်ပေးထားတာပါ။ ရှေ့တန်းလိုရန်သူနဲ့သူသေကိုယ်သေတိုက်မှ မဟုတ်ပါဘူး။ တိုင်းပြည်ကောင်းစားရေးနဲ့ ပြည်သူတွေဘဝ တိုးတက်မြင့်မားရေးနဲ့လည်းဆိုင်ပါတယ်နောင်တော်။ နောက်လက်ရှိကျနော်တို့တွေတိုက်နေပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဘာကြောင့်လက်နက်ကိုင်နေသလဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ရမလဲ။ ဖြေရှင်းလို့မရတဲ့ ပုစ္ဆာဆိုတာ မရှိသေးပါဘူးနောင်တော်။ နောင်တော်ကိုယ်တိုင် လဲအဆင့်မြင့်ပညာတွေသင်နေတာပါ။ ဘွဲ့ရပညာတတ်ပါ။ နောင်တော်တပ်မတော်သားဆိုတာလည်း ပြည်သူတွေကမွေးဖွားပေးခဲ့တာပါ။ ပြည်သူကမွေး ပြည်သူကကျွေးခဲ့ပြီး ဘာကြောင့်များ ပြည်သူကိုကျေးစွပ် ချင်တာလဲနောင်တော်။ နောင့်တော့်စိတ်ထဲမှာ ဒီလိုမျိုးစိတ်မရှိဘူးဆိုတာ တစ်အူတုံဆင်းဖြစ်တဲ့ ညီလေး သိပ်သိတာပေါ့။ နောင်တော်က ပြဿနာကို ရင်မဆိုင်ရဲတာပါ။ လက်ရှိဖြစ်နေတဲ့ ပစ္စုပ္ပန်အခြေအနေကို နောင်တော်လက်မခံရဲတာပါ။ လက်ခံလိုက်ပါနောင်တော်။ အခြေအနေကိုလက်ခံနိုင်မှ ဒီအခြေအနေကနေ ရုန်းထွက်ဖို့ကို စဉ်းစားလို့ရမှာပါ။ အခြေအနေကိုလက်မခံသရွေ့ အဖြေဆိုတာ ထွက်မလာပါဘူးနောင်တော် အစကတော့နောင်တော့်ကို ပြည်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်နဲ့ အထက်အကြီးအကဲများအနေနဲ့ လက်အောက်ငယ်သားများအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်ဆိုပြီး နောင်တော့်ကိုရှင်းပြဦးမလို့ပါဘဲ။ ဒါပေမယ့် ကျနော်သိနေတာက နောင်တော့်ကိုဒီလောက်ထိရှင်းပြနေစရာမလိုပါဘူးတကယ်တော့နောင်တော်သိပြီး သားပါ။ ဒါပေမယ့် ရိုက်သွင်းခံထားရတဲ့ အတ္တစိတ်လေးနဲ့ ငါမှငါ ဆိုတဲ့စိတ်လေးကို ဖျောက်လိုက်ရင် ဖြစ်သွားပါပြီ။ နောင်တော်တစ်ယောက် အမှားကိုသိလို့ အမှန်ဘက်ကနေရပ်တည်နိုင်ပါစေလို့ ညီငယ် ဆုတောင်းပေးလိုက်ပါတယ်နောင်တော်….
ညီငယ် ရဲထက်(စတသ-၅၀)။
0 comments:
Post a Comment