"ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ် ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါကစကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာစစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြ သော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်း ပဲ။”
“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက် ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
ဗိုလ်ချုပ်အောင်ဆန်း
................................
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများ..
"ကျားနှင့် ရင်ဆိုင်တွေ့သည့် အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီးထိုင်နေ၍ မဖြစ်သကဲ့သို့ ဗမာ့သေရေး၊ ရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့သည့် အခါတွင်လည်း မကျေနပ်မှု အသေးအဖွဲကလေးတွေကို ရိုးမယ်ဖွဲ့ မနေကြနှင့်။
“သတ္တိစမ်းမယ် ဆိုရင်တော့ ဗမာ့လွတ်လပ်ရေး အတွက် တကယ်တမ်း၊ လုပ်တမ်းဆိုရင် ထွက်ခဲ့ပါ။ မဟိန်းတမ်း မဟောက်တမ်း၊ တကယ်လုပ်တမ်း ပြိုင်ရဲပါတယ်။ ကျုပ်အကြောင်းတွေလဲ ခင်ဗျားတို့ သိတန်သလောက် သိကြမှာပဲ၊ ဒါပေမဲ့အကုန်တော့ ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ ကျုပ်ကလဲ မကြွားချင်ပါဘူး။ ကျုပ်နိုင်ငံရေး လုပ်နေတာ ကြွားချင်လို့လဲ လုပ်နေတာ မဟုတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရစေချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။ နိုင်ငံရေးလုပ်တာ ကျုပ်အဘို့မယ် မြတ်တယ်လို့ကိုမထင်ဘူး၊ အရှုံးနဲ့ချည်း လုပ်နေရတာဘဲ။”
“ယခုဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့မှာ ဘာမှထူးထူးခြားခြင်း မရှိဘူး။ ဂျပန်ခေတ် တခေတ်လုံးကလည်း စစ်ဝန်ကြီးဆိုပြီး ကျွန်တော့မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိခဲ့ဘူး။ ခုခေတ်ရောက်ပြန်တော့ ဒါတွေကိုဝတ်နေရတာဘဲ၊ ယခုဝတ်နေတဲ့ ဘောင်းဘီနှင့်အင်္ကျီတောင် ယခုဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခုဝန်ကြီးအဖြစ်နှင့် လခဘယ်လောက် ယူမယ်ဆိုတာ ဖ၊ဆ၊ပ၊လ က မဆုံးဖြတ်သေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံလောက်က ပိုမှာမဟုတ်ဘူး။ ပိုက်ဆံမရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက်များ တက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တင်ထိုင်နေရတာနဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး၊ မျက်စေ့မှိတ်ပီး စွန့်ယူရတာဘဲ။”
“လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ဂုဏ်ကို၊ ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ၊ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။ အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖေါ် လုပ်ဖက်တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ် ခေါင်းဆောင်တွေရော၊ တခြား ဖ၊ဆ၊ပ၊လ ပြင်ဘက်က ခေါင်းဆောင်တွေရော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ်နောက်ဆုံးစကား ဆိုလိုက်တယ်။”
ဗိုလ်ချုပ်အောင်ဆန်း
................................
ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး........
လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ်။
အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
...............................................
နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
................................................
ကျွန်မတို့လွတ်လပ်မှုတွေမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုတွေကို အသုံးချကြပါ။
မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။ လျစ်လျှူမရှုထားကြပါနဲ့။
တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က ရပ်တည်ပေးကြပါ။
ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ”
ဒေါ်အောင်ဆန်းစုကြည်
...................................................
“ ပြဿနာ အခက်အခဲတွေ အတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ”
ဟံသာဝတီ ဦးဝင်းတင်
...................................................
http://www.demowaiyan.co.cc/
0 comments:
Post a Comment