by Soe Wein Yan Htoon on Monday, December 27, 2010 at 5:25pm
ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလွယ်တကူဖော်ဆောင်ရ နိုင်သောအရာမဟုတ်သကဲ့သို့ ရလဒ်ကို အလွယ်တကူ သတ်မှတ်ရန်လည်း ခက်ခဲသော အရာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု တစ်ခု၏နောက်ကွယ်တွင် ဆုတ်ယုတ်နိမ့်ကျမှု တစ်ခု အစဉ်အမြဲ ဒွန်တွဲပါလာတတ်သည်။ တစ်ဘက်က တိုးတက်လာသည်နှင့်အမျှ တစ်ဘက်က ဆုတ်ယုတ်သွားတတ်သည်မှာ ယုတ်ချဉ်းပင်မဖြစ်စေကာမူ တဖြည်းဖြည်း ဖြင့်ရုပ်လုံးပေါ်လာတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုကို လွယ်လွယ်ဖော်ဆောင်လို့ မရသလို လွယ်လွယ်အဆုံးသတ် လိုက်လို့လည်း မရပေ။ ထို့အတူ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုနောက်တွင် ကပ်ပါလာသော ဆုတ်ယုတ်မှုများ နည်းနိုင်သမျှနည်းပါးအောင်၊ ဖြစ်နိုင်လျှင် လုံးဝမရှိအောင် ဖော်ဆောင်နိုင်သော စီမံကိန်း၊ စီမံခန့်ခွဲမှု များကိုသာ အောင်မြင်ပြောင်မြောက်သော စီမံကိန်းနှင့် ဗျူဟာမြောက်သော စီမံခန့်ခွဲမှု ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။
အလုပ်တစ်ခုကို ဆောင်ရွက်ရန်အတွက် ဦးစွာပထမ စီမံကိန်းတစ်ခု မလွဲမသွေချမှတ်ဆောင်ရွက်ကြရသည် ဖြစ်သည်။ ယင်းစီမံကိန်းသည် လုပ်ငန်းစတင်ဆောင်ရွက်သည်မှအစ နောင်ဖွံ့ဖြိုးတိုးတက်လာမှု အထိကိုယ်စားပြု နိုင်ရမည်ဖြစ်သည်။ စီမံကိန်းတစ်ခုသည် လုပ်ငန်းတစ်ခုတွင် (လုပ်ငန်း၏ ကြာရှည၊်တည်မြဲ၊အောင်မြင၊်တိုးတက်မှု) အတွက် အသက်သွေးကြော တစ်ခုပင်ဖြစ်သည်။ လုပ်ငန်းတစ်ခု တည်ထောင်ရသည်မှာ လွယ်ကူသလောက် တည်မြဲအောင် ထိန်းသိမ်းရသည်မှာ မဟာအခက်အခဲ တစ်ခုပင်ဖြစ်သည်။
လုပ်ငန်းကို စတင်ဆောင်ရွက်ကြ သည်မှအစပြုကာ ယင်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်လာမှု ရလဒ်တို့ကို အစဉ်အမြဲ တိုင်းတာ သတ်မှတ်ကြရသည်။ စောင့်ကြည့်ကြရသည်။ ထိုအချိန်တွင် ဇာတ်လမ်းစတော့သည် ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသော “စံ” ပင်ဖြစ်သည်။ မည်သည့် “စံနှုန်း” တို့ဖြင့်တိုင်းတာကာ မည်ကဲ့သို့သော ရလဒ်များကို ထုတ်ပြန်သတ်မှတ်ကြမည်နည်း။ ယင်းလုပ်ငန်း အောင်မြင်သည် မအောင်မြင်သည် ဆိုသည်ကို အဘယ်ကဲ့သို့သော ရလဒ် သဘောတရားများဖြင့် သတ်မှတ်ကြမည်နည်း။ လူအမျိုးမျိုး၊ ပညာအမျိုးမျိုး၊ သဘောတရားအမျိုးမျိုး မှသည် ရလဒ်အမျိုးမျိုးကို ဖော်ထုတ်ကြမည်ဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများကို တောတောင်လျှိမြောင်များ အကြား ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခြင်းသည် သက်ဆိုင်ရာ အစိုးရအတွက် တဖြည်းဖြည်း စီမံကိန်း ရုပ်လုံးပေါ်လာလေလေ တိုးတက်ဖွံ့ဖြိုးလေဟု သတ်မှတ်မည်သာဖြစ်သည်။ သို့သော် ဂေဟစနစ် စောင့်ကြည့် လေ့လာရေး သမားများ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု သမားများ အတွက်မှာမူ ယင်းရေအားလျှပ်စစ် စီမံကိန်းကြီးများ ဖွံ့ဖြိုးတိုးတက်လာ ခြင်းသည် ဆုတ်ယုတ်မှုပြသော အနေအထားများပင်ဖြစ်သည်။
ထို့အတူပင် ဒေသခံအမြောက်အမြားသည် စီမံကိန်းနယ်မြေမှ ဖယ်ရှားပေးလိုက်ရသည့် အတွက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ ရေး သမားတို့အမြင်တွင် ဆုတ်ယုတ်မှု ကိုသာပြမည်ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေများတွင် ယင်းစီမံကိန်းကြီးများ အောင်မြင်တိုး တက်ပါသည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါ၏ ဆိုသော မှတ်ချက်ကို ပေးရန် ခက်ခဲလွန်းလှသည်။ တစ်ဘက်မှကြည့်လျှင် နိုင်ငံသား တို့ အဆင်ပြေတိုးတက်ရေးအတွက် ကောင်းမွန်သကဲ့သို့ တစ်ဘက်မှ ကြည့်လျှင်လည်း တစ်ကမ္ဘာလုံးနှင့် ချီသော ဆုတ်ယုတ်မှုများ ဖြစ်နေ သည်။ ထိုသို့အနေအထားရောက် လာသောအခါ အဓိကကျသော စီမံကိန်းရေးဆွဲမှုအပေါ်တွင်သာ လုံးဝတာဝန်ကျရောက်သွားတော့ သည်။ အစကနဦး စီမံကိန်း ရေးဆွဲစဉ်ကတည်းပင် ယင်းအနေအထားများကို ထည့်သွင်း တွက်ချက်ရေးဆွဲရမည်ဖြစ်သည်။ နယ်ပယ် အသီးသီးမှ ပညာရှင်များအပါအ၀င် အခြားတစ်သီးပုဂ္ဂလသော ပညာရှင်များ၏ အမြင်ကို ထည့်သွင်းစဉ်းစားကာ စီမံကိန်းရေးဆွဲ ခဲ့ရ မည်ဖြစ်သည်။ မိမိတစ်ဦးတည်းအမြင်ဖြင့် ရေးဆွဲသော စီမံကိန်းသည် မည်မျှပြောင်မြောက်သော စီမံခန့်ခွဲမှုဖြင့် ရလဒ်ကောင်းများကို ထုတ်ပြန်ပေးနေစေကာမူ လိုအပ်ချက်များဖြင့် စံနှုန်း မပြည့်မှီဟု သတ်မှတ်ခံ ရမည်မှာ မလွဲမသွေဖြစ်သည်။ အဆုံးသတ်သော် မိမိဖော် ဆောင်သော တိုးတက်မှု ဖွံ့ဖြိုးမှု စီမံကိန်းသည် အများကို ကိုယ်စား မပြုသော မိမိ၏ တစ်ဦးတည်း အိပ်မက်ကို ထကာအကောင်အ ထည် ဖော်လိုက်ခြင်း ကဲ့သို့ သဘောထား သက်ရောက်သွားလေတော့သည်။
အဆိုပါ ဥပမာတို့သည် ဖွံ့ဖြိုးတိုးတက်မှု နှင့် ဆုတ်ယုတ်ကျဆင်းမှု အနေအထားတို့ မျှခြေမဖြစ်ရပုံ၊ စီမံကိန်းအစကနဦး ရေးဆွဲစဉ်က တည်း ကပင် တိုးတက်မှုတစ်ခုအတွက် ပေးဆပ်ရသောအရာများ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြရန်လိုအပ်ပုံ၊ တိုးတက်ဖွံ့ဖြိုး သည်ဟု မျက်မြင်အရပြောနိုင်သော်လည်း မမြင်ရသော ဆုတ်ယုတ်ကျဆင်းမှု ပမာဏများက ပိုမိုများပြားသွားပုံ တို့ကို တင်ပြလိုရင်းဖြစ် သည်။ တစ်ခုကို လိုချင်လျှင် တစ်ခုကို ပေးဆပ်ရမည်မှာ လောကနိယာမ တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း လူသားတို့၏ ပြောင်မြောက် သော ဥာဏ်ရည်နှင့် ကြံဆောင်နိုင်မှုတို့သည် ပေးဆပ်ရမှု ပမာဏနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်နိုင် ရန် အသုံးချနိုင်ရ မည်ဖြစ် သည်။ ကျယ်ပြန့်သော တွေးခေါ်မြော်မြင်မှုတို့နှင့် ဆုံးရှုံးနိုင်မှု ပမာဏ နည်းနိုင်သမျှနည်းအောင် ကြံဆောင်ရမည်ဖြစ်သည်။ ဆိုရလျှင် လူညံ့သောကြောင့် မူညံ့များ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။
ထို့အတူ ဗရုတ်သုတ်ခ ကစဉ့်ကလျား နိုင်သော စီမံကိန်းများ ဟူသော အကြောင်းအရာများလည်း ရှိသေးသည်။ ယင်းကဲ့သို့သော စီမံ ကိန်း အမျိုးအစားတို့သည် အခွံသက်သက်မျှသော ဟန်ဆောင်ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များ တစ်နည်းဆိုရလျှင် လိမ်ညာဟန်ဆောင်ထား သော ရလဒ်များကိုသာ ချပြနိုင်သော စီမံကိန်းများသာဖြစ်သည်။ မည်သည့်တိုးတက်မှုကိုမျှ ရှာဖွေမတွေ့နိုင်ဘဲ ဆုတ်ယုတ်မှု ပမာဏ လွန်စွာ များပြားသွားသော အနေအထားများဖြစ်သည်။ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု မျှခြေ မဖြစ်သော အနေအထားဖြစ်သည်။ တစ်နည်း အရပ်စကားဖြင့် ပြောရလျှင် မဆိုင်တာ ဂလိုင်ခေါက်တယ် ဟုပြောနိုင်သော၊ မယောင်ရာ ဆီလူး ဟုဆိုနိုင်သော အရာများဖြစ် သည်။
မိမိအစိုးရလက်ထက်တွင် မြို့ပြနှင့်ကျေးလက်ဒေသများသည် တန်းတူညီတူ မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ၊ ကျေးရွာ များတွင်လည်း တိုက်အိမ်များ ဖြင့်ဖြစ်နေကြချေပြီ ဟုတစ်ရံတစ်ခါများတွင် သက်ဆိုင်ရာ အစိုးရများက ထင်မှတ်ကြသည်။ မျက်မြင်အရမူ ယင်းသတ်မှတ်ချက်သည် မှန်၏။ လူတိုင်း မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ။ သို့သော်တစ်ဖက်မှ စဉ်းစားလျှင် ယင်းမော် တော် ဆိုင်ကယ် တို့သည် မိမိတို့အစိုးရမှ တာဝန်ယူ ဖြန့်ဖြူး ထားခြင်းသော်လည်းကောင်း၊ မိမိတို့ပြည်တွင်း ထုတ်ကုန်အင်အားစုများ သော်လည်းကောင်း မဟုတ်ကြပေ။ တရားမ၀င်ဝင်ရောက်လာသော မော်တော်ဆိုင်ကယ်များသာဖြစ်ကြပြီး ယင်းတရားမ၀င် မော်တော် ဆိုင် ကယ်များကို မိမိတို့အစိုးရက အခွန်ကောက်ခံကာ တရားဝင်အောင်ပြုလုပ်ပေးထားခြင်းဖြစ်သောကြောင့် မိမိတို့အစိုးရ လက်ထက် တွင် လူတိုင်းမော်တော်ဆိုင်ကယ် စီးနိုင်ကြသည်ဟူသော ပြောကြားမှုသည် အဓိပ္ပာယ်မရှိပေ။ နိုင်ငံသားတို့သည် တရားမ၀င်ဈေးကွက်မှ တရားမ၀င်မော်တော်ဆိုင်ကယ်ကို တရားမ၀င်ဈေးပေးဝယ်ယူထားခြင်းအပေါ် အစိုးရမှ ထပ်မံ အခွန်ကောက်လိုက်ခြင်းသည် အစိုးရမှ မော်တော်ဆိုင်ကယ်စီးနိုင်အောင် လုပ်ပေးခြင်းမဟုတ်ပေ။ သက်သက် မြိန်ရည်ရှက်ရည် အသားယူလိုက်ခြင်းပင်ဖြစ်သည်။
ဆက်ရလျှင် ယင်းမော်တော်ဆိုင်ကယ်စီးကြသော ကျေးလက်ဒေသများတွင် ယခင်ကာလများနှင့်မတူ တိုးတက်လာလေသည်ဟု သတ် မှတ် နိုင်သည်။ အဘယ်ကြောင့်ဆိုသော အမြင်အားဖြင့် ကြည့်လျှင် ကျေးလက်နေပြည်သူတို့သည် တိုက်အိမ်များဖြင့် တဖြည်းဖြည်း ပြောင်းလဲနေနိုင်လာကြကုန်ပြီဖြစ်သည်။ ဆိုရလျှင် တိုးတက်သည်ဟု ပြောလျှင်ရသည်။ သို့သော် အဆိုပါ တိုက်အိမ်ကြီးများနှင့် ကပ် လျှက် တည်ဆောက်ထားသော နွားတင်းကုပ်များ၊ တိုက်အိမ်ကြီးအ၀င်ဝတွင် ပုံထားမည်ဖြစ်သော ကောက်ရိုးပုံများ၊ အိမ်တွင်းမှ တစ်ချက် တစ်ချက် ရလိုက်သော နောက်ချေးနံ့များ၊ အိမ်တွင်းသို့ ၀င်လိုက်သည့်အခါ အိမ်ထပ်ခိုးတွင် ချိတ်ဆွဲထားမည်ဖြစ်သော ဖျာလိပ်၊ တောင်း စုတ်၊ ပလုံးစုတ်များ၊ ဂုံနီအိတ်များ စသည်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး တိုက်အိမ်အကောင်းစားကြီးထဲတွင် ရှေးကထုံးစံဖြစ်သော မဲညစ်ညစ်ဖြစ်နေသည့် ခုံတန်းလျားရှည်ကြီးကိုလည်း တွေ့မြင်ရဦးမည်ဖြစ်သည်။ ထို့နည်းတူပင် ရုပ်မြင်သံကြားပြစက်နှင့် ယင်းနှင့် တွဲဖက် သော ဖျော်ဖြေရေးဆိုင်ရာ အီလက်ထရောနစ်အရာများကို တင်ထားမည်ဖြစ်သော စားပွဲခုံ မဲညစ်ညစ်ကြီးများကိုလည်းကောင်း၊ ပေါလစ်ပြောင်ပြောင်တိုက်ထားသည့် စင်များ စားပွဲများကိုသော်လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအိမ်ရှေ့တွင်မူ မော်တော်ဆိုင်ကယ် သုံးလေးစီးခန့်နှင့် ထော်လာဂျီ ဟုခေါ်သော ကျေးလက်မော်တော်ယဉ်တစ်စီးလည်း ရပ်ထားလိုက်သေးသည်။ ယင်းမော်တော်ယဉ်တို့သည် ရွာလယ်လမ်းမအတိုင်း ဖုန်တစ်ထောင်းထောင်းထအောင် မောင်းနှင်ကာ မြိုပေါ်သို့ စပါးရောင်း၊ ဈေးဝယ် ထွက်ကြပေဦးမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ပုလင်းကလေး ဗူးကလေးများဖြင့် အဆင်ပြေသလို ရောင်းချနေကြသော မှောင်ခို စက်သုံးဆီ ဆိုင်ကလေးများမှ စက်သုံးဆီများကိုလည်း လိုသလောက် ၀ယ်ယူနိုင်ကြသေးသည်ဖြစ်သည်။
အဆိုပါအခြေအနေတို့သည် အမှန်စင်စစ်ပင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုနိုင်ပါ၏လော။ သေချာသော ဖွံ့ဖြိုးမှုရလဒ်ကို ဆိုရပါမူ ယင်းအခြေအနေတို့သည် အလွန်တရာမှ ဗရုတ်သုတ်ခနိုင်သော ကစဉ့်ကလျားနိုင်သော နောင်အနာဂတ်အတွက် ရင်လေးဖွယ်ကောင်း သော ဗရုတ်သုတ်ခ ဖွံ့ဖြိုးတိုးတက်မှု များသာ သက်သက်ဖြစ်လေသည်။ တမွန်းလွဲ အသုံးတည့် ဖွံ့ဖြိုးမှုသက်သက်သာဖြစ်သည်။ သက် ဆိုင်ရာအစိုးရအတွက် ထင်မှတ်မှားနေစေနိုင်သော (သို့မဟုတ်) မရှိကို အရှိလုပ်ပစ်လိုက်နိုင်သော ဟန်ပြတိုးတက်မှု တို့သာ လျှင်ဖြစ်ကြ သည်။ အမှန်စင်စစ် အောင်မြင်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု စစ်စစ်များ မဟုတ်ကြသေးပေ။
ဆက်လက်ပြောကြားရပါမူ တစ်ထောင့်တစ်ညပုံပြင်များကသာ အဆုံးသတ်သွားမည်ဖြစ်သည် ဖွံ့ဖြိုးမှု ပုံပြင်သည်ကား ဆုံးသတ်လိမ့်မည် မဟုတ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတွင် မအောင်မြင်သော်လည်း အောင်မြင်သည်ဟု လက်မထောင် ၀င့်ကြွား နေနိုင်စရာ ဖွံ့ဖြိုးမှု အလွဲများမှာ မြောက်မြားစွာ ရှိနေသေးသည်သာမက ထိုကဲ့သို့ ထပ်မံလွဲမှားရန် လာလတ္တံ့သောစီမံကိန်း အမြောက် အမြားလည်း တောင်လိုပုံနေကြသေးသည်။
လုပ်ငန်းကြီးတစ်ခုလုပ်မည်ဆိုလျှင် အတွေးကြီးကြီးတွေးနိုင်ရမည်ဖြစ်သည်။ အိမ်မက်ကြီးကြီးမက်မည် ဆိုလျှင်လည်း စွမ်းအားကြီးကြီး ရှိရမည်ဖြစ်သည်။ သူများယောင်လို့ ကိုယ်ပါလိုက်ယောင်သော စီမံကိန်းများမှသည် အရည်မရ အဖတ်မရ ဖြစ်သွားရသော အဆုံးသတ် များကို အမှန်စင်စစ် ယနေ့ ရပ်နားသင့်ပြီဖြစ်သည်။ ထို့နည်းတူစွာပင် အီလည်လည်ဖြစ်နေသော စီမံကိန်းများကိုလည်း ပြန်လည် သုံးသပ်ရန်သင့်သည်။
အဆုံးသတ်ရလျှင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ လွယ်လင့်တကူ ဖော်ဆောင်မရစကောင်းသော အရာဖြစ်သကဲ့သို့ လွယ်လင့်တကူ အဆုံး သတ် ကျေနပ်လိုက်ရစကောင်းသော အရာမဟုတ်ပါချေ။
စိုးဝေယံထွန်း
(၂၈. ၁၂. ၂၀၁၀)
http://www.facebook.com/?ref=home#!/note.php?note_id=177565885596848&id=100001736070502

0 comments:
Post a Comment