“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, December 14, 2010

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပြည်ထောင်စုစိတ်ဓာတ်၊ (၂)

*ရေးသူ-ဦးအေးသာအောင်* ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး

၎င်းအပြင် မြန်မာနိုင်ငံအတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ချက် များနှင့် ၄င်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားချက်များတွင် ဗိုလ်ချုပ်၏ ပြည်ထောင်စု သဘောတရားနှင့် ပြည်ထောင်စုစိတ်ဓာတ် ကို ပိုမို၍ ရှင်းလင်းစွာ တွေ့နိုင်ပေသည်။
လမ်းညွှန်မူ(၇)ချက်မှာ-

၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။

ထို့ပြင်-

၂။ ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကသတ် မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်၊ သို့သတ်မှတ် ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရရှိစေရမည်။

ထို့ပြင်-

၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။

ထို့ပြင် -

x x x

၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လူနည်းစုအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။

ထို့ပြင်-

x x x

လမ်းညွန်ချက်များအရဆိုပါက မြန်မာနိုင်ငံတော်ကို ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပေသည်။ ထိုပြည်ထောင်စုတွင် တသီး ပုဂ္ဂလ ပြည်နယ်များ(သို့မဟုတ်)သီးခြားပြည်နယ်များပါရှိရမည်။ ၄င်းအပြင် ပြည်နယ်မရရှိသော လူမျိုးများအတွက်လည်း တိုင်းရင်းသား လူနည်းစု လူမျိုးစု အခွင့်အရေးများ သတ်မှတ်ထားရှိပြီး လုံလုံလောက်လောက် ကာကွယ်ပေးရမည်ဟူသည့် အချက်များ အထင်အရှား ပါရှိပေသည်။ ရှင်းလင်းချက်များ၌ဖေါ် ပြရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် အခြေခံများကို ထင်ဟပ်စေပါသည်။

“မြန်မာ ပြည်ထောင်စုနိုင်ငံတော်ဆိုတာကို ကျနော် အထူးရှင်းပြ နေစရာမလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမည် ဆိုတဲ့ သဘောလောက်ပါပဲ။ ပြည်ထောင်စုနိုင်ငံတော်ဆိုကတည်းက ကျနော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ (Unitary Constitution) လူတမျိုး တည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်။ အဲသည်တော့ ကျနော်ကနေပြီးပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းအပ်တယ်လို့ အဆိုသွင်းတဲ့ကိစ္စမှာ ယခု ကြွရောက်လာကြတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို သည်လိုပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်နှင့် ဖွဲ့စည်းအပ်တယ်လို့ဆိုတဲ့ အခြေခံမူဟာ သင့်မသင့် ကို သည်လွှတ်တော်ကြီးက စဉ်းစားဘို့ပါပဲ။

ကျနော်တို့အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက် လို့ကြည့်လျှင် ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် ဖွဲ့စည်း တည်ထောင်မှသာလျှင် သင့်လျော်လျောက်ပတ်လိမ့်မယ်လို့ ယူဆတဲ့အတိုင်း သည်အခြေခံသဘောကို သည်အဆိုထဲမှာ ထည့်သွင်းပြီး သည်လွှတ်တော်ကြီးမှာတင်သွင်းခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ တင်ပြထားခြင်းအားဖြင့် ယခု သည်တိုင်းပြည်ပြု လွှတ်တော်မှာကြွရောက်လာကြတဲ့ တောင်တန်းဒေသများ ကိုယ်စားလှယ် အမတ်မင်းများဟာ ပြည်ထောင်စု နိုင်ငံတော်တွင် သူတို့သက်ဆိုင်ရာနယ်များက ပါဝင်ပြီးသား ဖြစ်သွားမည်လား ဆိုပြီး သံသယရှိနေတယ်လို့ ကျနော်သိရပါတယ်။

အဲသည်တော့ ဒီကစ္စနှင့်ပတ်သက်လို့ ကျနော် တိတိလင်းလင်း ရှင်းလင်းချင်တာကတော့ ဗမာပြည်ထောင်စုနိုင်ငံတော် လို့ခေါ်တွင်ဖို့ ဆိုပြီး တော့ သည်အဆိုထဲမှာတင်ပြထားပေမည့်သည်ပြည်ထောင်စုနိုင်ငံတွေထဲမှာ ဘယ်နယ်တွေပါလို့၊ ဘယ်နယ်တွေပါရမည်လို့၊ သတ် မှတ် ထားခြင်း မရှိသေး ပါဘူး။ သည်တော့ တောင်တန်းဒေသကနေပြီးတော့ တက်ရောက်လာကြတဲ့ကိုယ်စားလှယ်တွေဟာ ဘာမျှသည် ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာအလျှဉ်း မရှိပါဘူး။ သည်ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ် ဆိုင်ရာမှ နေပြီးတော့ ပါ ချင်မှပါနိုင်တာပဲ။ သည်တိုင်းပြည်ပြုလွှတ်တော် မဖွဲ့ စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှါ ကျနော်တို့ သဘော တူညီ ချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ် အရ ဆိုလို့ရှိရင် ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံးစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျနော်တို့ လက်ခံ လာခဲ့သည့် အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ (Not only the letter of agreement) သည်စာသ ဘောကို ကျနော်သဘောတူညီလာခဲ့တာတွင် မကဘဲ၊ ကျနော်တို့အဘို့မှာဆိုလိုရှိရင် (The spirit of agreement) သဘောတူညီလာခဲ့တဲ့ တကယ့် အရင်ခံ သဘောတရားကို လက်ခံပြီးတော့၊ သည် အတိုင်းဘဲ သည်တိုင်းပြည်ပြု လွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ၊ တောင်တန်း နယ် fdဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။ ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူ ညီချက် တွေကို၊ နယ်ချဲ့သမားတွေလို ကျနော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ သည်လို ပေးပြီးသား ကတိနှင့် နားလည်ပြီးသား သဘောတူညီ ချက်ကို ဖေါက်ဖျက်မည်လားလို့ သံသယရှိတဲ့လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက်အရပြောရလျင် ကျနော်တို့ ရဲ့ (Sensne of honour, Sense of self-respect, Sense of pride) တို့ကို စော်ကားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲသည်တော့ ကျနော်တို့ ပေးပြီးသား ကတိ၊ နားလည်ပြီးသားသဘောတူညီချက်တို့အရ၊ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာ တဲ့အခါ သေသေချာချာနားလည်စေချင်တာက ဘယ်နည်းနှင့်မျှ ကျနော်တို့ဗမာ လူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအား ဖြင့် ကျနော်တို့ ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြား လိမ်တဲ့နည်းနှင့် လည်း ကျနော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်ပါတယ်။”

ဤရှင်းလင်းချက်များက ပေါ်လွင်စေသည်မှာ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် အားလျော်စွာ လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံသာဖြစ်ရမည်။ ပြည်ထောင်စုများကို ပေါင်းထားသည့် ပြည်ထောင်စု ဖြစ်ရမည်ဟူ၍ ထပ်မံရှင်းလင်းထားသည်ကို တွေ့ရပေသည်။ ပြည်ထောင်စုတွင် ပါဝင်မည့် ပြည်နယ်များအနေဖြင့်လည်း လွတ်လပ်မူရှိပြီး မိမိ၏ဆန္ဒသဘော အလျောက်သာ ပါဝင်ရမည်။ အတင်းအကျပ်အားဖြင့် ပါဝင်စေခြင်းပြုလုပ်ရမည် မဟုတ်သည်ကိုလည်း ရှင်းလင်းထားပေသည်။ တဖန် ပင်လုံတွင်ချုပ်ဆိုခဲ့သော စာချုပ်စာတမ်း၏သဘောအရ၊ ၄င်းတောင်တန်းဒေသဆိုင်ရာ အစီရင်ခံစာမှ ထောက်ခံချက်များကိုသာမက၊ နှစ်ဦးနှစ်ဖက် သဘောတူညီ ချက်များကိုပါ ဖေါက်ဖျက်မည်မဟုတ်ကြောင်း၊ ရှင်းလင်းဖေါ်ပြထားပေသည်။

ဤရှင်းလင်းချက်၏အခြေခံအကြောင်းတရားများကိုနားလည်နိုင်ရန်အတွက် ပင်လုံစာချုပ်နှင့်တကွပင်လုံစာချုပ်တွင်မပါသော်လည်း ဗိုလ်ချုပ်နှင့် တိုင်းရင်း သားခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ ကတိကဝတ်များကိုပါ နားလည်သဘောပေါက်ရန်လိုပေသည်။

ဗိုလ်ချုပ်နှင့် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစားချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် သာမန် ရိုးရိုးရှင်းရှင်းစားချုပ်တခုမျှသာဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကိုမူ ပြည့် ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိပေ။ ၄င်းစာချုပ်တွင် ဖေါ်ပြထားသည်မှာ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာရလိမ့်မည်ဟု ယုံကြည်ကြသည် ဟူ၍ လည်းကောင်း၊ နယ်စပ်ဒေသများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းဒေသများကိုယ်စားလှယ်တဦးခန့်ထားရေး၊ ထိုကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၊ ကချင်ပြည်နယ်ဖွဲ့စည်းရေးကိစ္စနှင့် ဤစာချုပ်ကို အကြောင်းပြု၍ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးများကို မထိခိုက်စေရန်စသည့် အချက်များလောက်သာ ဖေါ်ပြထားပေသည်။

သို့ရာတွင် ပြည်ထောင်စုဖွဲ့စည်းရေးနှင့် သက်ဆိုင်သောအချက်များကိုကား တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် အပြန်အလှန်သဘောတူနားလည်မှုများ၊ ကတိကဝတ်များ အနေဖြင့်သာ ရှိနေကြပေသည်။ ထိုကြောင့် ဗိုလ်ချုပ်၏ ရှင်းလင်းချက်တွင်- “ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသော သဘောတူညီချက်တွေကို နယ်ချဲ့သမားလို ကျနော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ သဘောမတူဘဲ နေနိုင်တဲ့အခြေအနေမျိုးကို လက်တလုံးကြားလိမ်တဲ့နည်းနှင့်လည်း ကျနော် တို့မလုပ်ပါဘူး-” ဟူ၍ပင် ထပ်လောင်းကတိပြုခဲ့ပေသည်။

ပြည်ထောင်စု ပြည်နယ်များနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ရှင်းလင်းထားသည်ကို တွေ့ရပေသည်-

“အဲသည် နိုင်ငံဟာလည်းသမတနိုင်ငံဖြစ်ရမယ်။ သမတစနစ်အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့မူတွေ ထည့်ထားပါတယ်။ သည် နိုင်ငံတော်ဟာလည်း ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမယ်-”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွန်ပြ ဌာန်းချက်(၂)တွင်- “ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေ သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်” ဟု ပါရှိပါသည်။ ထိုအချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ် ရှင်းလင်းခဲ့သည်မှာ- “ကျနော်တို့သည် ပြည်ထောင်စုထဲမှာ ဘယ်နယ်ပယ်တွေ ပါမလဲဆိုတာကို သတ်မှတ်ရမည်။ အခု မသတ်မှတ်ရ သေးဘူး၊ ပါချင်တဲ့နယ်တွေသာသတ်မှတ် ရမည်။ အခုမသတ်မှတ်ရသေးဘူး။ ပါချင်တဲ့နယ်မှ ပါကြပါဆိုတာ ရှင်းပါတယ်။ သို့သတ်မှတ် ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိစေရမည်။

ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နောက် ကျနော်တို့ အချင်းချင်း ဆွေးနွေး၊ တိုင်ပင်၊ ညှိနှိုင်းဆုံးဖြတ်ပြီးတဲ့နောက် သတ်မှတ် ဖေါ်ပြ ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများလည်း ရှိလိမ့်မည်။ အဲသည်တော့သည်ကိစ္စမှာ ရှင်းလင်းနားလည်စေချင်တာက သည်လို ပြည်ထောင်စုနိုင်ငံတော်ထဲမှာ တသီးပုဂ္ဂလ ပြည်နယ်များဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာသည်အထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေ က ပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူးဆိုတာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ ရှိစေမယ်ဆိုတဲ့အတိုင်း၊ အဲသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေကို သတ်မှတ်ဖို့ လိုတယ်။ အထူး သဖြင့် တောင်တန်းနယ်ပယ် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။
အဲသည်လိုလုပ်ပြီးမှ သဘောတူသည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ် ချက်ကျသည်ဖြစ်စေ၊ အဲသည်လို ဆုံးဖြတ်ကြတဲ့အခါမှာ၊ သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို သဘောတူကျေနပ်လို့၊ ဝင် လာတဲ့ပြည်နယ်များသာ ပါလိမ့်မယ်။ ပြည်ထောင်စု နိုင်ငံဆိုပြီး အဲသည်လို သဘောလောက်သာထည့်ထားတယ်။ ဘယ်နယ်ကိုမှ ကျနော်တို့ အတင်း ထည့်ထားတာ မဟုတ်ပါဘူး။”

ဤရှင်းလင်းချက်များအရဆိုပါက ပြည်ထောင်စု ဖွဲ့စည်းရာတွင် တသီးပုဂ္ဂလပြည်နယ်များနှင့် ဖွဲ့စည်းရမည်။ ထိုပြည်နယ်များတွင် ကိုယ် ပိုင် အုပ်ချုပ်ရေးအာဏာများရှိရမည်။ ထိုအာဏာများကိုပင်လျှင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးဆုံးဖြတ်မည်။ ပြည်နယ် များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဆုံးဖြတ်ချက်ကျပြီးပါမှ ထိုအချက်ပေါ်မှာ နှစ်သက်မှုရှိမှသာ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်နိုင် သည်။ မိမိသဘောဆန္ဒအရ မပါဝင်ဘဲလည်း နေနိုင်သည်များကို ရှင်းလင်းထားပေသည်။ ဤအချက်များကို ကြည့် ခြင်းအားဖြင့် ပြည် ထောင်စုပြည်နယ်များပါဝင်ရေးသည် အတင်းအကျပ် ပါဝင်စေခြင်းမရှိ၊ လွတ်လပ်ပြီးသဘောတူညီမှုရှိမှသာ ဝင်ရောက်နိုင်သည်ကို တွေ့ရ ပေမည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်သည် လွတ်လပ်မှု၊ တန်းတူမှု၊ ဒီမိုကရေစီကျမှု၊ လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိမှု၊ လူမျိုးစုလူနည်းစု၏ အခွင့်အရေးများကို အလေးအနက်ထား အသိအမှတ်ပြုမှု စသည့် အခြေခံမူများပေါ်တွင် တည်ပေသည်။

ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း လူထုအားဟောပြောစဉ်။



ဤသို့အားဖြင့် ဗိုလ်ချုပ်သည် မှန်ကန်သော အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါင်းစပ်ကာ အမျိုးသား သွေးစည်း ညီ ညွတ်ရေးကို တည်ဆောက်ခဲ့၏။ တိုင်းရင်းသားလူမျိုးများပြဿနာကို ရှုမြင်သုံးသပ်ရာ တွင် လူမျိုးစွဲ၊ ဆန္ဒစွဲကင်းရှင်း၏။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေများကို နိုင်ငံတကာအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ စစ်မှန်သော ပြည်ထောင်စုမူတ ရပ်ကို ချမှတ်နိုင်ခဲ့၏။ တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြု၏။ စိတ်တူ၊ သဘောတူ၊ တန်းတူ ရည်တူမှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်ခဲ့၏။ ဗိုလ်ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး လည်း ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စုစိတ်ဓာတ်ကား ချီးကျူးလေးစားအပ်သည်။ စံပြုအတုယူလောက်ပေသည်။ ယနေ့ကာလသည်ကား ဗိုလ်ချုပ်၏ ကောင်းမြတ်သောစံနမူနာနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို လက်ကိုင်ထား ပြီး၊ အမျိုးသားသွေးစည်း ညီညွတ်ရေးကို ပြန်လည်တည်ဆောက်ကြရမည့် အချိန်သမယဖြစ်ပေသည်။

-အေးသာအောင်
အတွင်းရေးမှူး
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */