“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 05, 2008

အံ့ဖွယ်သုတ..နအဖ ၀န်ကြီးများ

ပြည်ထဲရေးဝန်ကြီး၏ အံ့ဖွယ်ကမ္ဘာ့အမြင်
အောင်ဇော် အောက်တိုဘာ ၃၊ ၂၀၀၈

မြန်မာနိုင်ငံ စစ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက စိတ်ကယောင်ချောက်ချား ဖြစ်နေပြီလား။ သို့တည်း မဟုတ် သူကိုယ်တိုင်က သူ၏၀န်ထမ်းများကို ပြောပြခဲ့သည့် မိန့်ခွန်းရှည်ကြီးထဲကအတိုင်း အမှန် တ ကယ် ယုံကြည် လက်ခံ နေသည်လော။ သို့မဟုတ် ကြောက်ရွံ့စိုးထိတ်နေကြသည့် သူ၏အရာရှိများကို ချွေးသိပ် နိုင်ရန် လုပ်ကြံပြောဆိုခဲ့ခြင်းလော ဆိုသည်ကို သူကိုယ်တိုင်မှသာ သိပေလိမ့်မည်။

ဧရာဝတီမဂ္ဂဇင်းသို့ ပေါက်ကြားရောက်ရှိလာသည့် ၎င်းဝန်ကြီးက လျှို့ဝှက်အစည်းအဝေးတခုတွင် ပြောဆို ခဲ့သည့် အံ့မခန်း အစည်းအဝေးမှတ်တမ်းတခုကို ဖတ်ရသည့်အခါ ဤကဲ့သို့ မေးခွန်းများ ဖြစ်ပေါ်လာရခြင်း ဖြစ် သည်။ မြန်မာနိုင်ငံတွင်းတွင် အကူအညီပေးရေး ရည်ရွယ်ချက်ဖြင့် ရုံးများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြသည့် နိုင်ငံတကာအေဂျင်စီများကလည်း စစ်အစိုးရ၏ သဘောထားအမှန်ကို သိရှိနိုင်ရန် ဤမိန့်ခွန်းကို လေ့လာသင့်သည်။

၎င်းဝန်ကြီးဆိုသူ၏ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျှို့ဝှက် ၀န်ကြီးအဖွဲ့အစည်းအဝေးများတွင် ပြော ကြားခဲ့သည့် မှတ်ချက်များ ထင်ဟပ်နေမည်၊ အကြီးအကျယ် သြဇာလွှမ်းမိုးနေမည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ ဤ၀န်ကြီးအဖွဲ့လျှို့ဝှက် အစည်းအဝေးများကို ညမှသာ ကျင်းပလေ့ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း၌ ပုံမှန် ကျင်းပလေ့ရှိသည်ဟုလည်း ဆိုကြပါသည်။

၎င်းက နိုင်ငံတကာ နိုင်ငံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အာဏာချိန်ခွင်လျှာညှိနေကြသည့် ကိစ္စများကိုလည်း တရှည် တလျား ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် အင်ပိုင်ယာချဲ့ထွင်ကြီးစိုးရေးအတွက် ရေရှည်မျှော်မှန်းချက် ရှိထားသည်ဟု လည်း သတိပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံနှင့် ဆက်ဆံ ရေးကိစ္စများတွင် ထိန်းသိမ်း ချိန်ညှိရန်လိုသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ဆတ်ဆတ်ထိမခံ၊ သိမ် မွေ့လှ သည့် အခြေအနေကြောင့်ဟု သူက သတိပေးခဲ့သေးသည်။

၎င်းက ဥရောပသမဂ္ဂ (EU) က အမေရိကန်နှင့် မဟာမိတ်ပြု၍ မြန်မာနိုင်ငံကို ပစ်မှတ်ထားနေသည်ဟု ဆိုခဲ့ သည်။အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများကို တိုက်ခိုက်ပြောဆိုသော်လည်း ဗိုလ်ချုပ် မောင်ဦးက မြန်မာနိုင်ငံတွင် ရန်သူမရှိကြောင်းနှင့် မြန်မာနိုင်ငံက ၎င်းနှင့် လိုက်လျောညီထွေသည့် အနေ အ ထားအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။ "နိုင်ငံတခုသည် မည်မျှပင်ကြီးကြီး၊ မည်မျှပင် ငယ်ငယ် တဦးတည်းရပ်၍ မရတော့" ကြောင်း သူက ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များဖြစ်သည့် ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ရှိ နိုင်ငံများသည် တရုတ်နိုင်ငံကို ၀ိုင်းပတ်ပိတ်ထားသည့် အနေအထားရှိသည်ဟု ၎င်းကပြောသည်။ တရုတ်နိုင်ငံအဖို့ မြန်မာနိုင်ငံသည် ဤပိတ်ဆို့ထားမှုမှ လွတ်ပေါက်ဖြစ်ကြောင်း၊ အကြောင်း မှာ ပင်လယ်ဆိပ်ကမ်းထွက် ပေါက်ရှိနေသောကြောင့်ဟု သူက ပြောခဲ့သလို၊ "မိမိတို့သည် တရုတ်လိုလား သူများ မဟုတ်ကြောင်း" လည်း ထည့်သွင်း ပြောကြားခဲ့သေးသည်။

ဗိုလ်ချုပ်မောင်ဦးက အမေရိကန်ပြည်ထောင်စု၏ ထောက်လှမ်းရေးဌာန စီအိုင်အေကိုလည်း နေရာတိုင်းမှာ ရှိနေသည်ဟု မြင်နေပုံရသည်။ မွန်ဂိုလီးယားမှသည် မြန်မာနိုင်ငံအထိ၊ နောက်ဆုံး မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ အတွင်းတွင်ပါ စီအိုင်အေ ရောက်နေသည်ဟု သူက ထင်နေသည်။ " သူတို့ (စီအိုင်အေ) တွေက (မြန်မာ) နိုင်ငံထဲမှာ လည်း ရှိနေကြတယ်" ဟု သူ၏၀န်ထမ်းများကို သတိပေးခဲ့သေးသည်။

စီအိုင်အေက ကမ်ဘောဒီးယားရှိ အကူအညီပေးရေး လုပ်ငန်းများ နောက်ကွယ်တွင်လည်း ရှိနေခဲ့ကြောင်း ၀န် ကြီးချုပ် ဟွန်ဆန်ကို ကိုးကား၍ စွပ်စွဲလိုက်သေးသည်။ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အန်ဂျီအို အဖွဲ့ များသည် သူတို့ယူ လာသည့် ပိုက်ဆံ သူတို့သာ သုံးသွားကြကြောင်း၊ ကမ်ဘောဒီးယားနိုင်ငံတွင် အမှိုက်ပုံသာ ကျန်ခဲ့ကြောင်း သူက စွပ်စွဲခဲ့ သည်။ အကူအညီပေးရေး အေဂျင်စီများသည်လည်း စီအိုင်အေ၏ နောက်လိုက် များ၊ တပည့်များဟုလည်း သူက ထုတ်ဖော် ကြေညာခဲ့သေးသည်။

ဗိုလ်ချုပ်မောင်ဦးက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာမူဝါဒကို ရှင်းပြရာတွင် ၀ါရှင်တန်တွင် ကဒ် ၂ ခု ရှိ ကြောင်း၊ တခုမှာ လူသားချင်းစာနာမှုကဒ်နှင့် သံတမာန်ရေးကဒ် ဖြစ်ကြောင်း ပြောသည်။ အမေရိ ကန်ပြည်ထောင်စုက " ထောင်ထဲ မှာ ဘာဖြစ်နေပါပြီ၊ ကျောင်းသားများ ဘာဖြစ်နေပါပြီ၊ ဘုန်းကြီးများ ဘာဖြစ် နေပါပြီ" စသဖြင့် ဝေဖန်ပြစ်တင်နေသည်ကို တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် တုံ့ပြန်နိုင်ခဲ့ကြောင်း၊ ယခုတော့ ၀ါရှင် တန် ရှိ အမေရိကန်အစိုးရက ကုလသမဂ္ဂဖက်သို့ လှည့်လာခဲ့ ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မောင်ဦးက ပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဆွဲချရန် ကြိုးပမ်း၍ မရ သည့်အခါ ကုလသမဂ္ဂ အေဂျင်စီများကို သုံး၍ လူမှုရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု၊ လူသား လုံခြုံရေးကိစ္စများကို ရှေ့ တန်းတင်လာခဲ့ကြောင်း ဆိုသည်။

ပြည်ထဲရေးဝန်ကြီးက ပြောရာတွင် အမေရိကန်ပြည်ထောင်စုက နာဂစ်ဆိုက်ကလုန်းမုန်တိုင်း ပြီးနောက်တွင် ကျန်းမာရေး နှင့် လူသားချင်းစာနာမှု ကပ်ဘေးဆိုင်ရာ အကြောက်တရားများ ဖြစ်ပေါ်လာစေရန် သွတ် သွင်း ပေးကြောင်း၊ ထို့နောက် ကုလသမဂ္ဂနှင့် ၎င်း၏ "ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်ဝတ္တရား" (Responsibility to protect) ကို အသုံးချ၍ မြန်မာ နိုင်ငံကို ကျူးကျော်နိုင်ရန် ဆင်ခြေ၊ အခွင့်အလမ်းများ ရှာခဲ့ကြောင်း ဆို သည်။ ဤရည်ရွယ်ချက်အောက်တွင် မြန်မာနိုင်ငံကို "လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်သည့် ရာဇ၀တ်မှု" ကျူးလွန်နေသည်ဟု စွပ်စွဲဖော်ပြရန် ကြိုးပမ်းနေ သည်ဟုလည်း ပြောခဲ့သည်။

အမေရိကန်ရေတပ်သင်္ဘောများက မြစ်ဝကျွန်းပေါ်ဒေသတွင် အကူအညီများ ချပေးမည့်အရေးကို ငြင်း ပယ်ခဲ့ရခြင်းမှာ လည်း အမေရိကန်စစ်တပ်များက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတိုင်အောင် ထွက်မသွားဘဲ အချိန်ဆွဲနေမည့်အရေးကို စစ်အစိုးရခေါင်းဆောင်များက မြင်သောကြောင့်ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်ဦးက အတည်ပြုပြောဆိုခဲ့သည်။

စိုးရိမ်စိတ်ကဲနေသည့် ၀န်ကြီးအတွက် ပိုဆိုးစေသည့်အချက်မှာ ကယ်ဆယ်ရေးလုပ်သားများနှင့်အတူ "အစိုး ရခွင့်ပြုချက် မရှိဘဲ ဆက်သွယ်ရေးစက်ပစ္စည်းများပါလာကြောင်း၊ ၎င်းတို့ကလည်း မြစ်ဝကျွန်းပေါ်ဒေသသို့ ခရီးသွားဗီဇာ Tourist visa ဖြင့် ၀င်ရောက်လာကြကြောင်း" ပြောဆိုခဲ့သေးသည်။

နိုင်ငံတကာ အန်ဂျီအိုများ၊ ကုလသမဂ္ဂ အေဂျင်စီများက အတိုက်အခံပါတီအဖွဲ့ဝင်များ၊ အစိုးရ ဆန့်ကျင် လှုပ်ရှားနေသူများ၊ ကျောင်းသားများကို အလုပ်ခန့်ထား၍ မြစ်ဝကျွန်းပေါ်ဒေသတွင် သွားရောက်လုပ်ကိုင် ခဲ့ကြကြောင်း သူက စွပ်စွဲခဲ့သည်။

အစိုးရက အကူအညီပေးရေး အေဂျင်စီများ မြစ်ဝကျွန်းပေါ်ဒေသသို့ မ၀င် ရောက်နိုင်အောင် တားမြစ်ခဲ့သည်ကို ဗိုလ်ချုပ်မောင်ဦးက ၀န်ခံပြောဆိုပြီး "ထိုသူများက မြန်မာပြည်ကလူများကို ထောက်ပံ့နေသည်ဆိုသည့် အနေအထားဖြင့် ဖြတ်စားလပ်စားလုပ်နေသည့် အဖွဲ့များဖြစ်ကြောင်း... အဓိကပြန်ကြည့်လျှင် ပြပြီး ခိုးစားနေ ခြင်းသာ ဖြစ်ကြောင်း" ဆိုခဲ့သေးသည်။

အကူအညီများကို အစိုးရထံမှ မဖြတ်ဘဲ အစိုးရက နိုင်ငံတကာ အန်ဂျီအိုများ၏ စာရင်းအင်းများ၊ အသုံးစရိတ်ကို စစ်ဆေးခွင့် မရှိကြောင်းလည်း သူက စောဒကတက် ပြောဆိုခဲ့သေးသည်။

" အောက်မှတက်သည့် စာရင်းအရ မိမိတို့က (မြစ်ဝကျွန်းပေါ်ဒေသတွင်) လူ ၆ သောင်းကျော်ကို နိုင်ငံတော် အစိုး ရ က နေ့ စဉ် ဆန်ကျွေးနေကြောင်း" ၎င်းကပြောသည်။ စစ်အစိုးရကတောင်းသည့် အဆင်သင့် စား သောက် စရာများ၊ ရေသန့်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံတကာ အန်ဂျီအိုများက လျစ်လျူရှုထားကြောင်း၊ ငြင်းပယ်ခဲ့ကြောင်းလည်း ဗိုလ်ချုပ် မောင်ဦးက စွပ်စွဲလိုက်သေးသည်။

သူက စွပ်စွဲရာတွင် နိုင်ငံတကာ အန်ဂျီအိုများသည် ကရင်လူမျိုးအများစုနေထိုင်ကြသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခြေ ကုတ်စခန်းရအောင် ယူနေကြောင်း၊ အကြောင်းမှာ ထိုင်းနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်စခန်းများမှာ ပြည်ပပြောင်းရွှေ့ အခြေချရေး အစီအစဉ်များ စတင်နေပြီ ဖြစ်သောကြောင့်ဖြစ်ကြောင်း တွက်ပြခဲ့သေးသည်။

မြစ်ဝကျွန်းပေါ်ဒေသမှ တက်လာသမျှ လေဘေးဒုက္ခသည်များကို ပြည်ပသို့ ပြောင်းရွှေ့အခြေချရေး အစီအစဉ်များတွင် လည်း ပါဝင်ပူးပေါင်းနိုင်ရန် မဲဆောက်တွင် စခန်းဖွင့်လက်ခံနေကြောင်း ၀န်ကြီးမောင်ဦးက ပြောဆိုခဲ့ပြီး "ကရင်လူမျိုးကို အခြေပြုပြီး၊ ကရင်နီလူမျိုးကို အခြေခံပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် ဆဲလ် တခုဖွဲ့စည်းရန်ဖြစ်ကြောင်း" သူက ဆက်ပြောခဲ့ သည်။

သူ၏ မိန့်ခွန်းတွင် သူက ပြည်ထဲရေးဝန်ထမ်းများကို အာမခံချက်ပေးရာ၌ ရဲတပ်ဖွဲ့သည် အနာဂတ် မည်သည့် အစိုးရလက်ထက်တွင် မဆို အစိုးရဆန့်ကျင်ရေး နှိမ်နင်းမှုများအတွက် အရေးပါသည့်အခန်းကဏ္ဍက ပါဝင် နေမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ သူက ရဲတပ်ဖွဲ့များ၏ စက်ပစ်ကွင်းများကို သွားရောက်စစ်ဆေးခဲ့ပြီး၊ အကြမ်းဖက်မှုဆိုင်ရာ ပစ္စည်း များ၊ လက်နက်ခဲယမ်းများကိုလည်း စစ်ဆေးခဲ့ကြောင်း၊ ဥပဒေ စည်းကြပ်ရေး လုပ်ငန်းများကို "နိုင်ငံတကာစံချိန်စံနှုန်း" အတိုင်း လုပ်ဆောင်နိုင်ရမည်ဟု ၀န်ထမ်း များကို အာမခံ ပြော ကြား ခဲ့ သေးသည်။

နိုင်ငံတကာ ခေါင်းဆောင်မှု အရည်အချင်းများကို သင်နေသော ဟားဗတ်တက္ကသိုလ် ကနေဒီ အုပ် ချုပ်ရေးကျောင်းသို့ ဗိုလ်ချုပ်မောင်ဦး သွားတက်ရောက်ရန်သာ ကျနော်ကတော့ အကြံပေး တိုက်တွန်း လိုက် ချင် တော့သည်။
အောင်ဇော်ရေးသားသည့် The Strange World of Burma’s Home Affairs Minister ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။ [Top]

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */