“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, October 01, 2008

ဝါးကူထိုးနေကြသူများ။

နာဂစ်ဒုက္ခသည် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့နေ
ကြည်ဝေ | စက်တင်ဘာ ၃၀၊ ၂၀၀၈

မျက်နှာကို လူတယောက်က ပုဆိုးစဖြင့် အုပ်ကာ လက်ဖြင့်အတင်းဖိထားပြီးကျန်လူ ၂ ယောက်က အဓမမ္မပြုကျင့်ခဲ့ကြသည့် အဖြစ်အပျက်ကို ယနေ့ထိတိုင် အော့နှလုံးနာစွာဖြင့် မှတ်မိနေဆဲဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် မညိုညိုဝင်း (အမည် ရင်းမဟုတ်) က ပြောပြခဲ့သည်။

မညိုညိုဝင်းက ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲအုပ်စု အတွင်းမှ ကျေးရွာတရွာတွင် နေထိုင်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်သည့် မေ ၂ ရက်နေ့ညက ပလပ်စတစ် ဆီ ဂါလန်ပုံးအလွတ်ကြီး တပုံး၏ အကူအညီဖြင့် အသက် ရှင်ခဲ့သော်လည်း ၃ ရက်နေ့ ညနေခင်းတွင် မသမာသူ လူ ၃ ဦးကြောင့် အပျိုစင်ဘ၀ ပျက်ခဲ့ရပြီး နွံအိုင်ထဲ ပစ်ချခံခဲ့ရသည် ဟု သူကဆိုသည်။

“ကျမက လာကယ်တဲ့သူတွေ မှတ်လို့ ကယ်ပါ၊ ကယ်ကြပါလို့ လဲနေရာကနေ ခေါင်းထောင်ပြီး အော်မိတယ်၊ အဲဒါနဲ့ ယောက်ျား ၃ ယောက် ကျမနားရောက်လာပြီး ပထမတော့ ကျမနားက နားကပ်ကို ဆွဲဖြုတ်တယ်၊ ပြီးတော့ ကျမတောင်းပန် တဲ့ကြားက ကျမကို မုဒိမ်းကျင့်တော့တာပဲ” ဟု မညိုညိုဝင်းက ရှိုက်ငိုကာ သူ့အဖြစ်အပျက်ဆိုးကို ပြောပြခဲ့သည်။

နွံအိုင်ထဲတွင် တညလုံး အ၀တ်မပါသော ကိုယ်ဗလာဖြင့် နေခဲ့ရပြီး နောက်တနေ့ နံနက်မှ လပွတာမြို့ပေါ်မှ ကယ်ဆယ်ရေး စက်လှေရောက်လာပြီး လပွတ္တာမြို့ပေါ်ရှိ ဘုရားဝင်း အတွင်းမှ ကယ်ဆယ်ရေးစခန်းတခုသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် အသက် မသေဆုံးခဲ့သော်လည်း မိသားစုဝင်များ ဆုံးရှုံးရခြင်း၊ အိုးအိမ် လုပ်ငန်းများ ပျက်ဆီးခဲ့ရခြင်း စသည်ဖြင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးငယ်များသည် နာဂစ်လွန်ကာလများတွင်လည်း အသက်အိုးအိမ် မလုံခြုံမှုများ၊ မတရား ကာမ ရယူခံရခြင်းများ ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး လူအသေအပျောက် များသော ရွာများ ရှိသကဲ့သို့ အိမ်အမိုးလန်ရုံ သစ်ပင် လဲရုံလောက်သာ ပျက်ဆီးခဲ့သော ရွာများလည်း ရှိသည်။ အပျက်အဆီး အထိအခိုက် နည်းသော ကျေးရွာ များတွင် နေထိုင်သူများမှာ စက်လှေများဖြင့် အသက်မသေဘဲ ကျန်သူများကို သွားရောက် ကယ်ဆယ် ကြသည်။ သို့သော် ထိုရွာများမှ မသမာသူများကတော့ အသေအပျောက်များသော ရွာများသို့ သွားရောက်ပြီး သေဆုံးသူများ ထံမှ ရွှေနှင့် အဖိုးတန်ပစ္စည်းများဖြုတ်ယူကြပြီး မသေဘဲ ကျန်ရစ်သူ အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် အဖြစ်အပျက် များရှိကြောင်း သိရှိရသည်။

မညိုညိုဝင်းကဲ့သို့ပင် မုန်တိုင်းလွန်ကာလတွင် အဓမ္မပြုကျင့်ခံရပြီး လက်စဖျောက်ခံရသော တခြားအမျိုးသမီးငယ်တဦးမှာ အသက် ၁၅ နှစ်အရွယ် ကရင်အမျိုးသမီးငယ် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ လပွတ္တာခရိုင်၊ ၀ါးဘိုးကုန်း ကျေးရွာသား တဦးက ပြောဆိုသည်။

မုန်တိုင်းပြီးသော အခါ အသက်မသေဘဲ ကျန်ရစ်ခဲ့သော ထိုအမျိုးသမီးငယ်မှာ အပေါ်အင်္ကျီစုတ်ပြဲသွားပြီး အတွင်းခံဘောင်း ဘီတိုကလေးနှင့် ၀တ်စရာ လုံခြည်၊ အင်္ကျီ လိုက်ရှာရာမှ ပစ္စည်းလိုက်ကောက်နေသူ အမျိုးသားကြီး ၂ ဦးက မုဒိမ်းကျင့်ကာ အဆိုပါ မိန်းကလေးကို ရေနှစ်သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသူ ရွာသားက ပြောပြခြင်းဖြစ်သည်။

“အဲဒီအချိန်တုန်းက ကျနော် ကြောက်လွန်းလို့ သေချင်ယောင် ဆောင်နေတာပါ။ သူတို့မှာ တုတ်နဲ့ ဓားရှည် တွေပါတယ်။ သူတို့က သေနေတဲ့ လူတွေဆီကနေ ပစ္စည်းတွေဖြတ်ယူ နေကြတယ်။ ကောင်မလေးကို တွေ့သွားတော့ သူတို့ မတရားလုပ် တာအားလုံးမြင်တယ်။ ဒါပေမယ့် ကျနော် ကြောက်ပြီး ၀င်မကူနိုင်ခဲ့ဘူး” ဟု သူက စိတ်ထိခိုက်စွာ ပြောဆိုသည်။

ထိုအဖြစ်အပျက်ကဲ့သို့ပင် လပွတ္တာခရိုင်၊ ပြင်စလူ မြို့နယ်၊ ကွင်းလျား ကျေးရွာတွင်လည်း အသက် ၁၆ နှစ်အရွယ် ကရင် မိန်းကလေးတဦးကို တပ်မ ၆၆ မှ ဗိုလ်ကြီးတဦးနှင့် နောက် လိုက် ၂ ဦးက အဓမ္မပြုကျင့်ပြီး လယ်ကွင်း ရိုးပြတ်များကြားတွင် သတ်ဖြတ်ကာ ပစ်ထားခဲ့ကြောင်း မြင်တွေ့ခဲ့ရသော ကွင်းယားကျေးရွာသား တဦးက ပြောပြသည်။

ထိုကိစ္စ မှာ နာဂစ်ဖြစ်ပြီး ၁ လ အကြာ၊ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ရင်းဒေသသို့ အသီးသီး ပြန်လွှတ်ပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကို ပြောဆိုပါက ရွာတရွာလုံးကို မီးရှုံ့မည်ဟု ၎င်း ဗိုလ်ကြီးက ခြိမ်းခြောက်ပြောဆို ထားသော ကြောင့် အဆိုပါ ကျေးရွာသားများမှာ ထိုအဖြစ် အပျက်ကို မပြောရဲကြကြောင်း သိရသည်။

ယခုအခါ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ စစ်ဗိုလ်နှင့်နောက်လိုက် ၂ ယောက်အား တပ်မ ၆၆ က လပွတ္တာ နယ်မှ တခြား နယ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကွင်းလျားကျေးရွာသားက ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးကို ထိခိုက်လျက်ရှိသော တခြားပြဿနာ တခုမှာ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သော ကျေးရွာများတွင် ပြန်လည်နေထိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

“ကျမတို့ရွာမှာ မသေဘဲကျန်ခဲ့တာ ယောက်ျား ချည်းပဲ ၈ ယောက်ရှိတယ်။ မိန်းမဆိုလို့ ကျမ တယောက်တည်း။ အဲဒါ ဘယ်လိုလုပ်ပြီး ပြန်နေရမလဲ” ဟု နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသော လပွတ္တာ၊ ပြင်စလူကျွန်းမြို့နယ်၊ ဆိပ်ကြီး ကျေးရွာသူ တဦးက ဆို သည်။

မုန်တိုင်းကြောင့် သေဆုံးကြရသူများတွင် ကလေးများနှင့်အမျိုးသမီးများမှာ သေဆုံးကြသူများ၏ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ယူနီဆက်၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး အမျိုးသမီးများမှာ ၅ ပုံ ၁ ပုံခန့် သာ ကျန်ရှိတော့ကြောင်း ပြည်တွင်းအန်ဂျီအိုတစ်ခုမှ စစ်တမ်း ကောက်ယူမှုအရ သိရှိရသည်။

မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့သူအမျိုးသမီးများအတွက် ဘ၀လုံခြုံရေးသည် တစထက် တစ ပိုမိုခက်ခဲ့လာသော အနေအထားမျိုးနှင့် တွေ့ကြုံနေရသည်ဟု အဆိုပါ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ထိုကိစ္စများအပေါ် အရေးယူဆောင်ရွက်ပေးခြင်း မရှိသော ကြောင့် လက်ရှိအခြေအနေတွင် ခွဲတမ်းပစ္စည်း ဝေပေးသည့်အခါ သွားယူသူ အမျိုးသမီးများ အမျိုးသမီးများအား ရဲဘော်များက လက်ဆွဲခြင်း၊ ပုခုံးဖက်ခြင်း စသဖြင့် ပြုလုပ်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဆန်ခွဲတမ်းဝေတဲ့နေ့က ရဲဘော်တယောက်က ကျုပ်သမီးကို လိုက်ဆွဲလို့ ဗိုလ်ကြီးကို သွားတိုင်တယ်၊ ဗိုလ်ကြီးက ခင်ဗျား သေချင်နေပြီလား အေးအေးနေလို့ ပြောပြီး ကျုပ်ကို တဲထဲကနေ ဆွဲထုတ်ခိုင်းတယ်” ဟု ကျောင်းကုန်း ကျေးရွာ အုပ်စုတွင် နေထိုင်သူ ကရင် အမျိုးသားကြီးတဦးက ပြောပြသည်။

ထိုအမျိုးသားကြီးလိုပင် သမီးတော်စပ်သူ၊ တူမတော်စပ်သူ၊ ညီမ၊ အစ်မ တော်စပ်သူများ အပေါ် စိုးရိမ်မကင်း ရှိနေကြသော ရွာသားများမှာ အခြေစိုက်ရုံးများရှိရာ မြို့ပေါ်အထိ သွားရောက် တိုင်ကြားခဲ့ကြသော်လည်း ယနေ့ထိတိုင် ဆောင်ရွက်ပေး ခြင်း မရှိဟု သိရသည်။

“ကျနော့် အစ်မကို ဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လပွတ္တာမြို့ပေါ်ထိ တိုင်စာရေး တိုင်ထားတာ ခုချိန်ထိ အရေး မယူတဲ့အပြင်၊ ကျနော့်ကိုပါ ညှိုးပြီး လုပ်အားပေးဆင်းခိုင်းတာ ရက်ဆက်ပဲ ပြင်စလူမြို့ထိ အသွားအပြန် လမ်းလျှောက်ပြီး လုပ်အားပေး ဆင်းပေးနေရတယ်” ဟု လပွတ္တာ၊ ပြင်စလူမြို့နှင့် ၁၂ မိုင်ခန့်ဝေးသော ကျေးရွာတရွာတွင်နေထိုင်သူ တဦးက ပြောဆိုသည်။

မုန်တိုင်းပြီးနောက် ကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာ ဖြစ်နေသည့် အပြင် စစ်တပ်များမှ တပ်သားများကလည်း ရွာများထဲတွင် အချိန်မရွေး ၀င်ထွက်သွားလာမှုများ ရှိနေပြီး ဒေသခံ များအား ခိုင်းစေ ခြင်း အမျိုးသမီးများကို ၎င်းတို့တဲများ သို့ ခေါ်သွားပြီး ခိုင်းစေခြင်းများ ရှိနေသောကြောင့် မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ရစ် ခဲ့ရသော အမျိုးသမီးများမှာ ၎င်းတို့၏ ဘ၀လုံခြုံရေးအတွက် အစဉ်အမြဲ စိတ်ပူပင် နေရသော အနေအထားမျိုးဖြစ် နေကြောင်း သိရှိရသည်။

အဆိုပါဒုက္ခသည်များ အနေနှင့် တခြားနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် စဉ်းစားကြသော်လည်း ၎င်းတို့၏ မှတ်ပုံတင်များမှာ နာဂစ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ယခုအခါ မှတ်ပုံတင်မရှိတော့သောကြောင့် ဒေသတခုမှ တခုသို့ ပြောင်းရွှေ့နေထိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိရသည်။ [Top] http://www.irrawaddy.org/bur/news2008/September/Sep_30b_08.html မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */