“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, September 06, 2008

စစ်အစိုးရကို ကန့်ကွက်ပြီး ဒေါ်စုက ပြင်ပအစားအစာများကို လက်မခံခြင်းဖြစ်

http://www.irrawaddy.org/bur/news2008/September/Sep_05c_08.html
ကိုထွေး/ကိုစိုး | စက်တင်ဘာ ၅၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်ပ အစားအစာ လက်မခံခြင်းသည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (အန်အယ်လ်ဒီ) က ယနေ့ ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဆက်လက်၍ မတရားဖမ်းဆီးထားခြင်း၊ စတင်ထိန်းသိမ်းစဉ်က ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေးစစ်ဆေးခွင့်မည်ဆိုသည့် ကတိ ပျက်ကွက်ခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်းသားအမိအား ကန့်သတ်မှုများပြုနေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည့် အနေဖြင့် နေ့စဉ်ပုံမှန် ပေးပို့နေသော ဈေးခြင်းကို လက်မခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါဈေးခြင်းကို လုံးဝလက်မခံသည်မှာ ၃ ပတ် ခန့်ရှိပြီဖြစ်သောကြောင့် အန်အယ်လ်ဒီ က အထူးစိုးရိမ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“အခု ၃ ပတ်တောင်ရှိပြီလက်မခံတာဆိုတော့ ဘာပဲဖြစ်ဖြစ် ရှိတဲ့ ရိက္ခာကလည်း လျော့လာမှာပဲ၊ အန်အယ်လ်ဒီ ကလည်း ဒေါ်စုနဲ့ တွေ့ခွင့်မရှိတဲ့ အတွက် ဒီအပေါ်မှာ အထူးစိုးရိမ်မိပါတယ် ”ဟု ၎င်း ကပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ တောင်းဆိုခဲ့သော်လည်း မရသဖြင့် ပြင်ပမှ ပုံမှန်ပို့ဆောင်နေ သော အစားအစာများကို ရပ်ဆိုင်းထားခြင်း အတွက် ကျန်းမာရေး စိုးရိမ်ရသည်ဟု သုံးသပ် ပြောကြားသည်။
“အသက်(၆၀)ကျော် ရှိနေတဲ့ အမျိုးသမီးတယောက် အနေနဲ့အစာမစားဘဲ နေတာ အတိုင်းအတာ တခုရှိလာပြီ ဆိုရင် ကျန်းမာရေး ကောင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သတင်းစာမှာပါတယ် ဆရာဝန်ကိုတွေ့ခွင့်မပေးဘူး၊ ဒါကိုက ရည်ရွယ်ချက် တခုပါနေတယ်”ဟု ဦးအေးသာအောင် က ပြောသည်။
ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် မတရား နေအိမ်အကျယ်ချုပ်ချခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်မိန့်ပါ အချက်နှင့် အကျုံးမ၀င်သည့် ကိစ္စများကို အာဏာပိုင် တို့က အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် ဒေါ်အောင်ဆန်း စုကြည်၏ ဘ၀ လုံခြုံရေး နှင့် အသက်ရှင်သန်နိုင်ရေးတို့အတွက် မတရားဖမ်းဆီးထိန်းသိမ်းထားသော အာဏာပိုင် တို့တွင် တာဝန်ရှိကြောင်းလည်း ပါရှိသည်။
ရန်ကုန်မှဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ သခင်ချန်ထွန်းကလည်း “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တကယ်စစ်မှန်ပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ စကားဝိုင်းကို ဦးတည်မှသာ ဖြေရှင်းနိုင်မှာပါ၊ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ ကျန်းမာရေး ကို ဂရုစိုက်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်”ဟုပြောသည်။
ယင်း သို့ ဒေါ်အောင်ဆန်းစုကြည် ပြင်ပ အစာအစားလက်မခံခြင်းအား အာဆီယံလွှတ်တော် အမတ်များ အဖွဲ့(AIPMC)က စိုးရိမ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အာဆီယံ အထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ်တို့အား ဒေါ်အောင်ဆန်းစုကြည် ၏ အခြေ အနေကို သွားရောက်တွေ့ဆုံမေးမြန်းရန် တိုက်တွန်းထားသော စာတစောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */