“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, September 04, 2008

သံဃာတော်များအား ဝိနည်းနှင့်မညီ လူဝတ်လဲကာ တရားရုံးထုတ်ခြင်း

မြင့်မောင် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 03 2008 21:33 - မြန်မာစံတော်ချိန်

(သီရိလင်္ကာ သံဃာ့ ဥသျှောင် ဥက္ကဋ္ဌ ဆရာတော် ဦးသြဘာသနှင့် ဆက်သွယ် မေးမြန်းချက်)
မြန်မာ ရဟန်းသံဃာတော်များက လမ်းပေါ်ထွက်ကာ ပြည်သူလူထု၏ စားဝတ်နေရေး ဘေးဒုက္ခမှ ကင်းလွတ်စေရေးအတွက် မေတ္တာပို့ ဆုတောင်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း ပြုသဖြင့် အာဏာပိုင်များက အကြမ်းဖက် ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအကျပ် လူဝတ်လဲကာ တရားရုံးထုတ်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ခေါင်းဆောင် သံဃာတော်တပါး ဖြစ်သည့် အရှင် ဂမ္ဘီရအား နောက်ပိုင်းတွင် နအဖ စစ်အစိုးရက ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး မကြာသေးခင်က အတင်းအကျပ် လူဝတ်လဲကာ ရုံးထုတ် စစ်ဆေးခဲ့သည့်အပေါ် သာသနာ့မောဠိ - သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ခွဲ (သိရီလင်္ကာ) မှ ဥက္ကဋ္ဌ ဆရာတော် ဦးသြဘာသထံ မဇ္ဈိမသတင်းထောက် မြင့်မောင်က လျှောက်ထား မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

(မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အခက်အခဲ အကျပ်အတည်းများအား ဖြေရှင်းရာ၌ ပါဝင် ဆောင်ရွက်ရန်အတွက် အမေရိကန်နိုင်ငံတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ပီနန်ဆရာတော် ဘုရားကြီး ဦးပညာဝံသနှင့် မစိုးရိမ်ဆရာတော် ဘုရားကြီး ဦးကောဝိဒါဘိဝံသတို့ ကြီးမှူးကာ သာသနာ့မောဠိ အဖွဲ့ကြီးကို ဖွဲ့စည်း ထူထောင်ခဲ့ပါသည်။ ယခုအခါ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အဖွဲ့ခွဲများဖြင့် ပူးပေါင်းဆောင်ရွက်နေရာတွင် သီရိလင်္ကာလည်း အပါအဝင် ဖြစ်ပါသည်။)

မေး။ အရှင် ဂမ္ဘီရကို လူဝတ်လဲပြီး တရားရုံးထုတ်တာကို ဘုန်းဘုန်းအနေနဲ့ ဘယ်ကိုမြင်ပါသလဲ ဘုရား။

ဖြေ။ ဒါ မတရားတဲ့ လုပ်ရပ်တွေပဲ။ နအဖ စစ်အစိုးရ အနေနဲ့ ဘုန်းကြီးတပါးကို တရားရုံးမှာ အမှုရင်ဆိုင်တယ် ဆိုတဲ့ လုပ်ရပ်တွေကို လုပ်မယ်ဆိုလို့ရှိရင် ပထမဆုံး အနေနဲ့ သံဃနာယကဆိုတဲ့ အဖွဲ့ကြီးက ဝိနိ စရိယနဲ့အညီ ဆုံးဖြတ်ပြီးမှသာလျှင် ခုနတုန်းက ပြောတဲ့ သင်္ကန်းလဲခွင့် ရှိတယ်။

သင်္ကန်းလဲပြီးမှသာလျှင် အပြင်တရားရုံးတွေမှာ တရားစွဲတယ် ဆိုတဲ့ လုပ်ရပ်မျိုးတွေ၊ ဥပဒေနဲ့ ချမှတ်လို့ ရတယ်။ ဒီ သံဃာ အဖွဲ့အစည်းတွေကလည်း ဒီလို တရားဥပဒေ ချမှတ်တဲ့ အခါမှာ ဝတ်နည်း ဥပဒေအရ ချမှတ်တဲ့ နေရာမှာ သူတို့ ကိုယ်တိုင်လည်း သံဃာ အဖွဲ့အစည်း ကိုယ်တိုင်လည်း ဝိနည်း ဆုံးဖြတ်ချက် အပေါ်မှာ ဝိနည်းနဲ့ ထိရောက်မှု မရှိဘဲနဲ့ ရဟန်းတပါးကို လူချွတ်ပိုင်ခွင့်ဆိုတာ မရှိဘူး။ မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာဟာ ဆိုလို့ရှိရင် နအဖ အစိုးရလုပ်နေတဲ့ လုပ်ရပ်တွေဟာ အင်မတန် မတရားတဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ ဦးဇင်းက မြင်တယ်။

မေး။ ကိုလိုနီခေတ်တုန်းက ဆရာတော် ဦးဝိစာရကို အတင်းလူဝတ်လဲလို့ ဆန္ဒပြခဲ့တယ်ဆိုတာမျိုး ကြားဖူးပါတယ် ဘုရား။ ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ။ အဲဒီတုန်းက တရားစီရင်တယ် ဆိုတဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ ဗုဒ္ဓဘာသာအစိုးရ မဟုတ်ဘူး။ အခုချိန်မှာက ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ ဗုဒ္ဓဘာသာ အစိုးရ။ တချိန်တုန်းက ဥပဒေနဲ့ အခု ဥပဒေက လုံးဝ မသက်ဆိုင်တော့ဘူး။ အဲဒီတုန်းက အင်္ဂလိပ်ခေတ် အစိုးရဟာ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ တရားခွင်မှာ စစ်ပြီးတော့မှ ဆုံးဖြတ်တယ် ဆိုတာကလည်း ပိတ်ဖြူလဲရုံက လွဲပြီးတော့ နိုင်ငံရေး အကျဉ်းသား ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအကျဉ်းသား ပုံသဏ္ဍန်မျိုးနဲ့ ထားပေမယ့် ထောင်ထဲမှာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေခွင့်ရှိတယ်။

ဒီလုပ်တဲ့ လုပ်ရပ်တွေ နအဖ လုပ်တဲ့ လုပ်ရပ်တွေဟာ ဆိုလို့ရှိရင် အင်မတန်မှ ဥပဒေကို ကျော်ပြီးတော့မှ လုပ်တယ်။ ဝိနည်း စည်းကမ်း ဝိနည်းဥပဒေတွေ ကျော်လွန်ပြီးတော့မှ လုပ်တယ်။ ရှေးတုန်းက ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ ကိုယ်တိုင်တောင်မှ နအဖ လောက် မပြင်းထန်တဲ့ ဥပဒေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကြုံတွေ့ခဲ့ရသော်လည်း ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ တို့ကို ပုဂ္ဂိုလ်မျိုးတွေက မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေကို ပြုပြီးတော့မှ လုပ်ခဲ့ကြတယ်။

ကောင်းကျိုးတွေကို ကြည့်ပြီးတော့မှ လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အတွက်တောင်မှ နအဖ စစ်အစိုးရ အနေနဲ့ ဒီပုဂ္ဂိုလ်တွေအတွက်၊ ဒီဆရာတော်ကြီးတွေအတွက် အထူး ဂုဏ်ပြုထားတာတွေ ရှိတယ်။ ဂုဏ်ပြုထားတဲ့ ဆရာတော်တွေရဲ့ ပုံစံကို ကြည့်ပြီးတော့ ဆရာတော်၊ သံဃာတော်တွေဟာ ဒီပုဂ္ဂိုလ်တွေ ကြည့်ပြီးတော့ နိုင်ငံတော်အတွက် ကောင်းကျိုးလုပ်တာပဲ၊ နိုင်ငံအတွက် အလုပ်လုပ်နေတာပဲလို့ အသိဉာဏ်တရားတွေနဲ့ လုပ်မယ်ဆိုရင် ဒီလို ဥပဒေတွေကို မချမှတ်သင့်ပါဘူး။

မေး။ သံဃာတော်တွေကို တရားစီရင်ဖို့ မရောက်ခင်စပ်ကြား သံဃာတော်တွေရဲ့ အကြီးအကဲဖြစ်တဲ့ ဆရာတော်ကြီးတွေ အနေနဲ့ ဝိနည်း စည်းကမ်းအရ စစ်ဆေး မေးမြန်းနိုင်တာ၊ ဆုံးဖြတ်နိုင်တာတွေရော ရှိပါသလား ဘုရား။

ဖြေ။ ဝိနည်းအရ ရှိပါတယ်။ ဝိနည်းစည်းကမ်းအရ ကြည့်မယ်ဆိုလို့ရှိရင် အဆင့်ဆင့် ပြောရမယ်ဆိုလို့ရှိရင် ရပ်ကွက် သံဃနာယက ရှိတယ်၊ မြို့နယ်အဆင့် သံဃနာယက ရှိတယ်။ တိုင်းအဆင့် ရှိတယ်၊ ဗဟိုအဆင့် နိုင်ငံတော် မဟာ သံဃနာယက အဆင့်ဆိုတာ ရှိတယ်။ ဝိနည်းတော်တွေကို ဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင် - မိမိရဲ့ ရပ်ကွက်အတွင်းမှာ ရဟန်းသံဃာ့တော်တပါးက အပြစ်တခု ကျူးလွန်တယ်ပေါ့ဗျာ၊ အဲလိုဆိုရင် ဝိနည်းစည်းကမ်း ဥပဒေအရ အပြစ်ကို ရဟန်းတွေက ရဟန်းတွေကို အပြစ်ယူလို့ရတယ်။ အဓိကကတော့ ရဟန်းတော်တွေမှာ အပြစ်အကြီးဆုံး အပြစ် ၄ ပါးရှိတယ်။ (၁) ကာမဂုဏ် မေထုန် မမှီဝဲရဘူး။ (၂) ခိုးယူ လူယက်တာ မလုပ်ရဘူး။ (၃) လူမသတ်ရဘူး (အောက်ဆုံးအဆင့်ကို ပြောရရင် ကိုယ်ဝန်ကျဆေးကိုတောင် မပေးရဘူး)၊ (၄) ဈာန်မရဘဲ ရဟန္တာသာ မဟုတ်ဘဲနဲ့ ရဟန္တာလို့ မပြောရဘူး။

အခုခေတ်မှာ နအဖ ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်တွေဆို ချဲဂဏန်းပေးတယ်။ ရဟန္တာဆိုတဲ့ လုပ်ရပ်တွေ လုပ်လို့မရဘူး။ အဲဒီလို လုပ်လိုက်တာနဲ့၊ အဲဒီအပြစ်ကြီး ၄ ချက်ကို ကျူးလွန်မယ် ဆိုလို့ရှိရင် အဲဒီရဟန်းဟာ ရဟန်း မဟုတ်တော့ဘူး။ အဲဒီ ပုဂ္ဂိုလ်မျိုး၊ ရပ်ကွက်အဆင့်၊ ဗဟိုအဆင့် ရှိတဲ့ ဆရာတော် သံဃာတွေကလည်း ဒီအပြစ်တွေကို ကျူးလွန်လာပြီ ဆိုလို့ရှိရင် သံဃနာယက ဆရာတော်တွေကနေပြီး ကျူးလွန်တဲ့ သံဃာတော်တွေကို လူချွတ်ခွင့် ရှိတယ်။ ခုနတုန်းက ဦးဇင်းတို့ လမ်းပေါ် ထွက်ပြီးတော့မှ ငြိမ်းချမ်းစွာ ဆန္ဒပြတာလေးနဲ့ လူချွတ်ခွင့်လည်း မရှိဘူး။ ဝိနည်းအရ သေးငယ်တဲ့ အရာလေးဖြစ်တယ်။

နအဖ စစ်အစိုးရက ထုတ်ထားတဲ့ သိက္ခာပုဒ်တခု ရှိတယ်။ အဲဒီ သိက္ခာပုဒ်က ဘာလဲဆိုတော့ ရပ်ထဲရွာထဲကို မထွက်ရဘူးဆိုတဲ့ ဥပဒေပေါ့။ အဲဒီ ဥပဒေ အရဆိုလို့ရှိရင် ဦးဇင်းတို့ ဝိနည်း စည်းကမ်းအရ သေးငယ်တဲ့၊ ကုစားလို့ရတဲ့ အပြစ်လေးတခု ရှိတယ်။

တကယ်သေးငယ်တဲ့ အပြစ်လေး ဖြစ်တယ်။ အခုခေတ် ရဟန်းတွေ အားလုံးဖြစ်တယ်။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်တယ်။ အဓိကကတော့ ရပ်ထဲရွာထဲကို သင်္ကန်းရုံပြီးတော့မှ ထွက်ရမယ်၊ သင်္ကန်းမရုံဘဲနဲ့ မထွက်ရဘူးဆိုတဲ့ ဥပဒေဖြစ်တယ်။ သံဃာအားလုံးက မြင်တဲ့အတိုင်းပဲ စက်တင်ဘာ အရေးအခင်းမှာ ထွက်ကြတဲ့ သံဃာတော်တွေ အားလုံးက သင်္ကန်းရုံပြီးမှ ထွက်ခဲ့ကြတယ်။ ဒါကို အပြစ်ရှာပြီးတော့ ရွာထဲရပ်ထဲကို တရားဥပဒေမဲ့ ပုဒ်မတပ်ပြီးတော့၊ လူဝတ်လဲပြီးတော့ ခုံရုံးတွေမှာ တင်တဲ့ ကိစ္စကတော့ အခုရှိနေ၊ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဝိနည်း စည်းမျဉ်းစည်းကမ်းကို နားမလည်ဘူး။ ပြီးတော့ မဟန (မြို့နယ်သံဃမဟာနာယက) ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဝိနည်းစည်းကမ်းတွေ ဝိနည်းဥပဒေတွေ ဒါမျိုးရှိတာ သိပါလျက်နဲ့ ခုနတုန်းက တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့်၊ ဗဟိုအဆင့် သံဃနာယက အားလုံးက ဒီလိုမျိုး လက်ပိုက်ပြီး ကြည့်နေတာက သာသနာအတွက် အင်မတန် ရင်လေးစရာ ဖြစ်ရပ်တခုပဲ။

မေး။ သာသနာစက်ကို အာဏာစက်က ဖုံးတဲ့ သဘောမျိုးလား၊ ဘယ်လိုမျိုးလဲ ဘုရား။

ဖြေ။ သာသနာကို အာဏာစက် ဖုံးနေတာဖြစ်တယ်။ သာသနာ ပျက်နေတဲ့ သဘောပါပဲ။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတာဆိုလို့ရှိရင် စာသင်တိုက်တွေမှာ စက်တင်ဘာ မတိုင်မီတုန်းက ဦးဇင်းတို့လည်း ရန်ကုန်မန္တလေးတွေမှာ နေခဲ့ဖူးတယ်။ စာအာသံတွေက မြန်မာနိုင်ငံတနိုင်ငံလုံး ဆူညံနေတယ်။ အခု ဒီအသံတွေ မကြားရတော့ဘူး။ အကုန်လုံး ဆိတ်သုန်းကုန်ပြီ။

မေး။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာအပြီး တက်ကြွတဲ့ သံဃာတော်တွေကို နအဖ စစ်အစိုးရက ပြုကျင့်ခဲ့ပုံတွေကို ဘုန်းဘုန်းတို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ ဘုရား။

ဖြေ။ ရဟန်းသံဃာတော်တွေကို နှိပ်ကွပ်တဲ့ သဘောနဲ့ လုပ်နေတာပါ။ အခုဆိုလို့ရှိရင် စက်တင်ဘာမှာ ပါခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဦးဇင်းတို့ကိုယ်တိုင် ထွက်ပြေးခဲ့လို့ လွတ်မြောက်လာခဲ့တာ။ ထွက်မပြေးဘဲနဲ့ ပြည်တွင်းမှာရှိတဲ့ ဆရာတော် သံဃာတော်တွေ ဆိုလို့ရှိရင်လည်း အပြင်ကို မထွက်ရဲဘူး။ မိမိတို့ရပ်ကွက်တွေမှာ၊ ကျောင်းတွေမှာ နေပြီးတော့မှ ပုန်းလျှိုးကွယ်လျှိုး နေနေရတဲ့ဟာတွေဟာ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် မြန်မာပြည်သူ ပြည်သားတွေ စားဝတ်နေရေးဒုက္ခ၊ ပညာရေးဒုက္ခ၊ စီးပွားရေးဒုက္ခတွေကို ကယ်တင်လိုတဲ့ စိတ်ဓာတ်တွေ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ သံဃာတော်တွေထဲမှာ အကုန်လုံး စိတ်ဓာတ် အပြည့်အဝရှိတယ်။ အဲဒီလို စိတ်ဓာတ် အပြည့်အဝရှိတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် နအဖဟာ နေရာတိုင်းမှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်။

သူ့ရဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ စွမ်းအားရှင်တို့၊ ကြံဖွတ်တို့ကိုလည်း အသုံးပြုထားတာဆိုတော့ ရပ်ကွက်တိုင်း၊ နေရာတိုင်းမှာ အင်အားသုံးပြီးတယ်။ ဘုန်းကြီးတွေဘက်မှာလည်း လုပ်ရတာ အနည်းငယ် ကျပ်တည်းနေတယ်။ အဲဒီလို လုပ်လို့ရတဲ့ အချိန်မှာ ဦးဇင်းတို့က လုပ်မှာ ဖြစ်တယ်။ မိမိတို့ ဆန္ဒထုတ်ဖော်ခွင့် ရတာနဲ့ ဆန္ဒ ထုတ်ဖော်သွားမှာ ဖြစ်တယ်။ အရင်တုန်းကလည်း မေတ္တာလက်နက် ကိုင်ပြီးတော့ လုပ်သလို အခုလည်း မေတ္တာလက်နက် ကိုင်ပြီးတော့ လုပ်မှာ ဖြစ်တယ်။
http://www.mizzimaburmese.com/interview/1627-2008-09-03-15-19-45.html မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */