“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 29, 2010

နေပြည်တော် နိုင်ငံတကာကျောင်း ထောင်မှု ကို ကျောင်းဆရာများ ဒေါသထွက်နေကြ

မောက္ခ ပြည်တွင်း ပညာရေးသတင်း
၂၀၁၀ ခုနှစ်၊ မတ်လတွင် မြန်မာ့ ပညာရေးလောကသား များအကြား ပုဂ္ဂလိကကျောင်း ဂယက်ပြင်းထန်စွာ ရိုက် ခတ်ခဲ့သည်။ သို့လော၊ သို့လော မျှော်လင့်ချက်၊ ပြင်ဆင် ချက်များနှင့် ကြိုးပမ်းလိုစိတ်များကို ရိုက်ချိုးခံလိုက်ရသဖြင့် ပညာရေး အရည်အသွေးကို မျှော်လင့်နေသူ ပြည်သူများအကြား အကြီးအကျယ် စိတ်ပျက်ခဲ့ကြရသည်။ လွန်စွာလိုအပ်နေသည့် ပုဂ္ဂလိကကျောင်း ဥပဒေမှာ ၂၀၁၀ ခုနှစ် ကုန်ဆုံးချိန်အထိ အရိပ်အရောင်မမြင်ရသေး။ သို့သော် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းကို ခမ်းနားစွာ တည်ဆောက်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုရှိကြောင်း သတင်းရရှိပါသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ဘော်ဒါဆောင်နှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်ထားသူ ရန်ကုန်မြို့ပေါ်မှ ဆရာတစ်ဦးက ရန်ကုန်ပညာရေးလောကတွင် ဒေါသထွက်နေရကြောင်းကို မောက္ခသို့ ပြောပြခဲ့ပါသည်။ “ကျနော်တို့ အကြီးအကျယ်ကို မျှော်လင့် ပြင်ဆင်ခဲ့ဖူးပါတယ်။ ပညာရေး လွတ်လပ်ခွင့် တစ်စုံတရာတော့ ရရှိလိမ့်မယ်လို့လဲ ယုံကြည်ခဲ့တာ။ သင်ရိုးတွေ၊ ဘာသာရပ်တွေကိုတောင် နိုင်ငံတကာနဲ့ ညှိနှိုင်းပြီးတော့ ပြင်ဆင်ခဲ့ကြတာပါ။ အရည်အသွေးတိုးတက်လာအောင် ကျနော်တို့ မြန်မာဆရာတွေမှာ လုပ်လိုတဲ့ ဆန္ဒအပြည့်ရှိပါတယ်။ နိုင်ငံတကာ ပညာရေးကို ကိုယ်တိုင်လည်း လေ့လာ ထားကြသူတွေ အများကြီးပါ။ လုပ်နိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းဖွင့်ခွင့်ကို လုံးဝကို ခွင့်မပြုတော့ စိတ်ပျက်ခဲ့ကြပါတယ်။ ပညာရေး လုပ်လိုစိတ်တွေလည်း ကုန်ခမ်းသွားသလိုပါပဲ။ အခုတော့ နေပြည်တော်မှာ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကျောင်း ထောင်နေတယ်ကြားတော့ ကျနော်တို့ ပညာရေးလုပ်သားတွေကြားမှာ ဒေါသတော်တော် ထွက်နေကြတယ်။ ဒါဟာ အင်မတန်မှ အဆင့်ခွဲခြားခံနေကြရတာ ထင်ရှားတယ်။”

ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပုဂ္ဂလိကကျောင်းထောင်ရန် စိုင်းပြင်းခဲ့သူ မြစ်ကြီးနားမြို့မှ ကချင်ဆရာတစ်ဦးကလည်း စေတနာ့ဝန်ထမ်း အခမဲ့ ကျောင်းကိုတောင် ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်နေရကြောင်း ပြောပြခဲ့ပါသည်။ “ကျနော်တို့က အစိုးရသင်ရိုးညွှန်းတမ်းကိုပဲ သင်တာတောင်မှ ကျောင်းဖွင့်ခွင့်ကို မပြုနိုင်ဘူးလို့ ပြည်နယ်အဆင့် အာဏာပိုင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ မတတ်နိုင်ဘူးလေ။”

နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်မည့် နိုင်ငံတကာ အဆင့်မီကျောင်းတွင် အပြည်ပြည်ဆိုင်ရာ ဆရာအတတ်ပညာရေးဘွဲ့သင်တန်း များ အောင်မြင်ထားပြီးသူများကိုသာ ခန့်အပ်မည်ဖြစ်သည်။ မူကြိုမှ အထက်တန်းအဆင့်အထိကို internatinal bacalaureate IB ခေါ် နိုင်ငံတကာ တက္ကသိုလ်ဝင်တန်းဖြစ်သည့် ၁၂ တန်းပညာရေးနှင့်အညီ သင်ကြားမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကို အဓိက သင်ကြားမှု မဏ္ဍိုင် ဘာသာစကား medium of instruction အနေဖြင့် ပြောဆို သုံးနှုံးမည်ဟုလည်း သိရသည်။ မြန်မာစစ်ခေါင်းဆောင်ပိုင်း၏ သားသမီး၊ မြေးမြစ်များအတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်းနှင့် IB အောင်လက်မှတ်များ ရရှိပြီးပါက နိုင်ငံခြား တက္ကသိုလ်များတွင် တက်ရောက်ရန်အတွက် ရည်ရွယ်ထားပုံရကြောင်းကို နေပြည်တော်တွင် နေထိုင်သူ ၀ါရင့် ကျူရှင်ဆရာတစ်ဦးမှ မောက္ခသို့ ပြောပြခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */