“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, December 31, 2010

ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကိုပြော

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ် ၎င်းနှင့်တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသားတဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။ ဗိုလ်ချုပ်များသည် အကြောင်းပြန်ကြားချက်ကို မျှော်နေပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂအထွထွေ ညီလာခံ) အပြီးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေးအတွက် ကျွန်ုပ်တို့ ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလအတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်းသင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။

လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့်နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန်သော်လည်းကောင်း၊ မုန်းတီးဟန်သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲတလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။

၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေးရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေးကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင်ပြေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူးသံတမန်အဖြစ်ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များဘက်က လက်ကမ်းလာနေခြင်းသည် ရှင်းနေပါ သည်။

၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါနေကြောင်း၊ ဤပြဿနာသည် အမှန်တကယ်ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ဖြေရှင်းပေးရမည့်ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကို သန်းရွှေနှင့်ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ်မပေးခဲ့ချေ။ ဆီးနိတ်အမတ်က စကားကို ဖြတ်လိုက်ပြီး အခြားအကြောင်းအရာဘက်သို့ လှည့်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေးယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘော ထားပြောင်းသွားပုံရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲလုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။

မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော်သတင်းစာ မြန်မာ့အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ်အမတ်၏ အလည်အပတ်ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် ပထမဆုံးခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။

၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံးနီးပါးက ဆီးနိတ်အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်းလည်နေခဲ့ကာ ဆက်ဆံရေးကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများအတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီးအကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။

၇။ XXXXXXXXXXXX

ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း
------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီးတလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံ ကြည်နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူးကြီးကျယ်သော ကိစ္စကြီးတခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ်ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။

၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြားပေးလိမ့်မည် ဟုလည်း မျှော်လင့်နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့အနေနှင့် အမေရိကန်အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အကြီးအကျယ်ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေးအတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ဖြစ်လာနိုင်ဖွယ်ရှိသည်ကို စဉ်းစားသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန်အနေနှင့် ထည့်သွင်းစဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ မြန်မာသံရုံး မွမ်းမံ ပြင်ဆင်နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန်အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာတရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ်လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှုတို့နှင့်ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွား ရောက်လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။

ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။
---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့်အာဏာတို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်းဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့်အဆင့်တို့ကို သိရှိရေးအတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန်အခြေစိုက် အစိုးရပိုင်းပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်းသင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယားပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။

စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်းဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်းရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့်ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီတာဝန်ခံမှနေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည်အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ်လာသည်ကို သူက ထောက်ခံအားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံအားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက်ပေးသင့်ပါသည်။

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေးအကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ်လာရောက်သူများနှင့် တွေ့ဆုံခွင့်ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့်တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေးကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန်လိုအပ်ကြောင်း အလေးထားပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက်ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ တကယ်တမ်း စစ်အစိုးရဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲလုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန်သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များကပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။

၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကို စုံစမ်းမေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန်အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျအတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြားသံတမန်အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။

ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်းတခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထားကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေးသွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်းသွားသင့်ပါသည်။ စစ်အစိုးရ၏ ယခုကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။


VAJDARest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */