နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှစ်ချီအရှုံးပေါ်နေ မျိုးသန့် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၂၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ အနည်းဆုံး ငါးနှစ်ဆက်တိုက် နှစ်စဉ် အရှုံးပေါ်နေခဲ့သည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးမှ အမေရိကန်အစိုးရသို့ပေးပို့သည့် လျှို့ဝှက်သတင်းပေးချက်တွင် ပါရှိသည်။
မြန်မာ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်မှုသည် ၂၀၀၆ - ၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အနည်းဆုံးဖြစ်ပြီး ထိုနှစ်မှာပင် ကျပ် ၄၃၆ ဘီလျံ အရှုံးပေါ်ခဲ့သည်။ ၂၀၀၅-၂၀၀၆ တွင် ကျပ် ၅၄၉ ဘီလျံ၊ ၂၀၀၇-၂၀၀၈ တွင် ကျပ် ဘီလျံ ၈၀၀၊ ၂၀၀၈-၂၀၀၉ တွင်ကျပ် ၆၀၁ ဘီလျံနှင့် ၂၀၀၉-၂၀၁၀ တွင် အနိမ့်ဆုံး ၄၈၄ ဘီလျံ ရှုံးမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်အစိုးရ ကန့်သတ်ဖိုင်တွဲများ ပေါက်ကြားစေသော ၀ီကီလိခ်က ဒီဇင်ဘာ ၆ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
လျို့ဝှက်သတင်းပေးပို့ချက်ကို ၂၀၀၉ ခုနှစ် ဇူလိုင်လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြထားခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရက အခွန်ကောက်ခံမှုစနစ်ကို မပြင်ဆင်သောကြောင့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွက် အခွန်ငွေရရှိမှု ၂၇ ရာခိုင်နှုန်းတိုးမြှင့်ရန် လျာထားသော်လည်း မအောင်မြင်ဟုလည်း သံတမန်ကြေးနန်းတွင် ပါရှိသည်။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချရန် အခွန်ကောက်ခံမှုစနစ်ကို ပြင်ဆင်သင့်ကြောင်း ၂၀၀၈ ခုနှစ်က အကြံပြုခဲ့သည်ဟု ဆိုသည်။
မြန်မာစစ်အစိုးရက အခွန်ငွေရရှိမှုတိုးမြှင့်သွားရန်၊ နိုင်ငံပိုင်လုပ်ငန်းများအရှုံးပေါ်မှုလျှော့ချသွားရန်၊ အစိုးရအသုံးစရိတ်လျှော့ချရန်၊ ရလဒ်မကောင်းသော ကာကွယ်ရေးနှင့် ဆောက်လုပ်ရေးများတွင် သုံးစွဲမှု လျှော့ချရေးများ လုပ်ဆောင်သွားမည်ဟု IMF အရာရှိများကို အကြောင်းပြန်ခဲ့သော်လည်း တကယ်လက်တွေ့တွင် လုပ်ဆောင်မှုသိပ်မတွေ့ရကြောင်း ပါရှိသည်။
ထို့ပြင် ကြေးနန်းစာတွင် မြန်မာနိုင်ငံတွင် လာဘ်စားမှုများအလွှာပေါင်းစုံမှာ ရှိနေပြီး အခွန်ကောက်စနစ်ပုံမှန်ဖြစ်ဖို့ ခက်ခဲသည်ဟု ဆိုပါသည်။
ပြည်တွင်းအမြတ်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့တို့တွင် အကျင့်ပျက်လာဘ်စားမှု မြင့်မားနေကြောင်း ဖော်ပြထားသည်။
မြန်မာအစိုးရ ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှု စနစ်တကျမရှိခြင်း၊ အစိုးရ၏ ထိန်းချုပ်မှုမရှိသည့် အသုံးစရိတ်များ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အရှုံးပေါ်နေမှုကြောင့် မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားရေးကောင်းမွန်မည့် အလားအလာ မရှိဟုလည်း သုံးသပ်ထားသည်။
သို့သော် မြန်မာအစိုးရအနေဖြင့် ၂၀၀၈၊ ၂၀၀၉ နှစ်များအတွင်းငွေကြေးဖေါင်းပွမှုကို ထိန်းချုပ်လာသည်ဟုလည်း ဦးခင်မောင်ညို(ဘောဂဗေဒ)က ဆိုပါသည်။
“သူတို့ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေမှာလဲ တွေ့ရတယ်၊ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်းမှာဆိုကျတယ်၊ ခါတိုင်းတုန်းကတော့ အစိုးရက ဖွံ့ဖြိုးရေး စီမံကိန်းတွေကိုပဲ ဂရုစိုက်တယ်၊ အဲဒီအတွက် သုံးတယ်လို့ပြောတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်မှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဂရုစိုက်သလို ငွေဖေါင်းပွမှုမဖြစ်အောင်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ပူးတွဲ အစည်းအဝေးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က တင်ပြခဲ့တယ်၊ အဲဒါအရဆိုရင် ငွေကြေးဖေါင်းပွမှုကို ထိန်းချုပ်တယ်လို့ယူဆရတယ်”
မြန်မာနိုင်ငံ၏ ငွေကြေးလဲလှယ်မှုနှုန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေနှင့် ထိန်းညှိရန် လိုအပ်ကြောင်း ဦးခင်မောင်ညိုက ပြောသည်။
“အဲဒါက အကြံပေးတာလဲ ကြာပါပြီ၊ အကောင်အထည်ဖေါ်ဖို့လဲ ရှိပါတယ်။ ဒါပေမဲ့ ဘာကြောင့် မဖေါ်နိုင်တာလဲတော့ မပြောတတ်ဘူး၊ ဆရာတို့လဲ အဲဒါကို တောက်လျှောက် ပြောတယ်၊ သူတို့လဲ လက်ခံတယ်၊ ဟိုးတုန်းကတော့ လက်ကို မခံဘူး၊ ဒါပေမဲ့ အခုနောက်ပိုင်း လက်ခံတယ်၊ ဒါကို ပြောင်းလဲရမယ်ဆိုတာလဲ သိတယ်၊ ဘာဖြစ်လို့ မပြောင်းလဲဆိုတာတော့ မပြောတတ်ဘူး”
စစ်အစိုးရက ယခုနှစ် အစောပိုင်းက အထည်ချုပ်၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ရုပ်ရှင်ရုံ၊ အဆောက်အဦးများပါ သော နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ကျော်ကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ၂၀၀၉ အတွင်း နိုင်ငံပိုင် အဆောက်အဦး၊ မြေယာနှင့်လုပ်ငန်းပေါင်း ၂၆၀ ကို ပုဂ္ဂလိကသို့ ရောင်းချခဲ့သည်။
http://www.mizzimaburmese.com/news/business/6565-2010-12-09-16-57-33.html

0 comments:
Post a Comment