မသန်စွမ်း ၁ သန်းကျော်အတွက် အလုပ်အကိုင် အခွင့်လမ်းမရှိ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၀ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့လူဦးရေ ၅၇.၃၇သန်း ရှိသည့်အနက် ၁.၃ သန်းသည် မသန်စွမ်းသူများဖြစ်ကြပြီး သူတို့အတွက် အလုပ် အကိုင် ရဖို့ အခွင့်လမ်း နည်းပါးကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။
နိုင်ငံလူဦးရေ၏ ၂.၃၂ ရာခိုင်နှုန်းက မွေးရာပါ မသန်စွမ်းသူများ၊ စစ်ပွဲနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းသွားသူများ ပါရှိသည်။
လူဦးရေ စုစုပေါင်းတွင် ၁,၁၀၅,၀၀၀ ဖြစ်သော မသန်စွမ်းသူ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့များ ဖြစ်ကြပြီး၊ အသက် ၁၆ နှစ်က ၆၅ နှစ်အတွင်းရှိ မသန်စွမ်းသူများ၏ အလုပ်ကိုင် ရရှိနှုန်းကတော့ ၁၅ ရာခိုင်နှုန်းထက် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီး ဌာနနှင့် The Leprosy Mission International (TLMI) တို့ ပူးပေါင်း ကောက်ယူသည့် စစ်တမ်းတွင်လည်း ပါရှိသည်။
လက်တွန်းသုံးဘီး ကုလားထိုင် ၅ လုံး၊ စက်ဘီးတစီးဖြင့် ရန်ကုန်မှ နေပြည်တော်သို့သွားသည့် မသန်ပေမယ့် စွမ်းကြသည့်သူ (၆) ဦး (ဓါတ်ပုံ မြန်မာ့အလင်း)
၂ဝဝ၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းမှ မသန်စွမ်းသူများ အလုပ်အကိုင် ရရှိမှုကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ် သည်။
ရန်ကုန်တိုင်းထက် ဧရာဝတီတိုင်းက ကိုယ်အင်္ဂါ မသန်စွမ်းသူများပြီး ပညာအရည်အချင်းမှာ မူလတန်း အဆင့်အထိသာ တက်ရောက် ဖူးသူ အများစု ဖြစ်သည်။
ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူ ၆ ဦးက လက်တွန်းသုံးဘီး ကုလားထိုင် ၅ လုံး၊ စက်ဘီးတစီးဖြင့် ရန်ကုန်မှ မိုင် ၂၄ဝ ကျော် ကွာဝေးသော နေပြည်တော်အထိ ၉ ရက်ခရီးဖြင့် အရောက်သွားခဲ့သည်။
မသန်စွမ်းသူ ၁၁၁ ယောက် တက်ရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို နေပြည်တော်တွင် ယနေ့ ကျင်းပခြင်းဖြစ်ပြီး လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဦးကျော်မြင့်လည်း ပါဝင် တက်ရောက်ခဲ့သည်။
ရွှေမင်းသား ပရဟိတ အကျိုးဆောင်အဖွဲ့မှ မသန်စွမ်း လေးထောင်ကျော်အတွက် ခြေတု တပ်ပေးခြင်း၊ လက်တွန်းလှည်းဘီး ကုလား ထိုင်များ ပေးအပ်လှူဒါန်းခဲ့ပြီး ရန်ကုန် - မန္တလေး လမ်းဘေးဝဲယာ ပလက်ဖောင်း တချို့တွင် မသန်စွမ်းများ အလွယ်တကူ သွားလာနိုင် ရန် ဆင်ခြေလျောများ ပြုလုပ်ပေးနေသည်ဟု ရွှေမင်းသား ပရဟိတ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ထိုင်းနိုင်ငံ အနောက်ပိုင်း မြဝတီမြို့ မယ်တော်ဆေးခန်းတွင် မြန်မာနိုင်ငံသားများ မြေမြုပ်မိုင်းကြောင့် ကိုယ်ခန္ဓာချို့ယွင်းပြီး ကုသမှု ခံယူရသူ နှစ်စဉ် ပျမ်းမျှ နှစ်ရာခန့်ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။
ယခုနှစ် မေလအတွင်းက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ယခင်တပ် ရင်း ၉၉၉) မှာပင် မသန်စွမ်းသူ ၁၀၀ ကျော် ရှိသည်ဟု နယ်ခြားစောင့်တပ် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ကတော့ “ထောင်စုနှစ်တွေ ကျော်လွန်ပြီး မသန်စွမ်းသူများအရေး ထည့်သွင်းပေးဖို့ရာ ကတိပြုကြပါ” ဖြစ်သည်။
၁၉၈၁ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို နှစ်စဉ် ဒီဇင် ဘာလ ၃ ရက်နေ့အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂမှ ၁၉၉၂ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
http://mizzimaburmese.com/news/inside-burma/6537-2010-12-03-14-12-06.html

0 comments:
Post a Comment