သတင်းစာဆရာ၊ စာရေးဆရာလူထုစိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်မြို့၊ ssc အထူးကုဆေးခန်းတွင် ရင်ကြပ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် အထူးဝမ်းနည်း ကြေကွဲရပါသည်
Rest of your post
Monday, June 18, 2012
စာရေးဆရာလူထုစိန်ဝင်း ကွယ်လွန်
သတင်းစာဆရာ၊ စာရေးဆရာလူထုစိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်မြို့၊ ssc အထူးကုဆေးခန်းတွင် ရင်ကြပ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် အထူးဝမ်းနည်း ကြေကွဲရပါသည်
Rest of your post
Sunday, June 17, 2012
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးပွဲကျင်းပပြုလုပ်သွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တက်ရောက်လက်ခံယူခဲ့သည်။"ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး "
ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်…. လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။
အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။
၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။
ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။
ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။
ကျွန်မတို့ကို မေ့မသွားကြပါဘူး။ မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။
နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။ မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။
ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ် ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။
ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။
ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။ ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။
စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။ အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။
နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။
ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့ မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံေ စာင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့် သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။
ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။ ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင် ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။
နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။ ……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်… …… လူသားတွေဟာ အန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်…. ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက် လိုအပ်တယ်ဆိုတာကို ယုံတယ်။
ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေ ခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။
ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။ အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့ မကြာခင်က ပြောင်းလဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။
ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှု ရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြား အပစ်အခတ် ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။ ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။
ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။
ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။
ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။
ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။
အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။ ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။
ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။ မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။
နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။
(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။
(Dr ကောင်းမြတ်ကျော်)
စေတနာရှေ့ထားပြီး ကြိုးစာ၍ ဘာသာပြန်ပေးသော Dr ကောင်းမြတ်ကျော်နှင့် မျှဝေခွင့်ပေးတဲ့ ဦးလေး မောင်ရှင်တို့အား အာဇာနည် အဖွဲ့သားများမှ မှတ်တမ်းတင် ကျေးဇူးတင်ရှိပါသည်။
နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးပွဲကျင်းပပြုလုပ်သွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တက်ရောက်လက်ခံယူခဲ့သည်။
နိုဘယ်လ်ဆုပေးပွဲအခမ်းအနား ကျင်းပပွဲတွင် တေးရေး ဆရာ အောင်လင်းရေးသားခဲ့သည့် မေတ္တာရွှေစောင်း သီချင်းကို မြန်မာအမျိုးသား စောင်းမောင်နေ၀ါက မြန်မာ့ရိုးရာ စောင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ယခု ရရှိသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံတွင် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးခံနေရစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့ခြင်းဖြစ်သော်လည်း နိုဘယ်လ်ဆုကို ကိုယ်တိုင်တက်ရောက်ယူခွင့် မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဆိုပါဆုပေးပွဲကို ခင်ပွန်းဖြစ်သူ Michael Aris နှင့် သားဖြစ်သူနှစ်ဦးတို့တက်ရောက်ခဲ့ပြီး ၄င်း၏သားဖြစ်သူနှစ်ဦးဖြစ်သော Alexander Aris (ခ)မြင့်ဆန်းအောင် နှင့် Kim Aris ((ခ) ကိုထိန်လင်း တို့က လက်ခံရယူခဲ့သည်။
ပထမဦးဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒေါ်အောင်ဆန်းစုကြည် အသက် ၄၆ နှစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၂၁နှစ်အကြာ ယခုအသက် ၆၇ နှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒုတိယအကြိမ်မြောက် ပေးအပ်ချီးမြှင့်ခြင်းခံရသူဖြစ်ပြီး ယခုကဲ့သို့ နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိသူမှာ ကမ္ဘာတွင် ပထမဦးဆုံးဖြစ်သည်။
နိုဘယ်ဆုအပြင် နိုင်ငံတစ်ကာအစိုးရမှ ပေးအပ်သော Rafto Prize, Jawaharlal Nehru Award International Simón Bolívar Prize, Olof Palme Prize, Bhagwan Mahavir World Peace ဆုများကိုလည်း ရရှိခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းကို နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီ ၀က်ဆိုဒ်ဖြစ်သော http://www.nobelprize.org/ တွင် တိုက်ရိုက် ကြည့်ရှူနိုင်သည်။
ညီအာဇာနည်
Photo by : AFP ,thestar news and daylife

Saturday, June 16, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ဖော်ပြခြင်းမရှိသည့် မြန်မာအစိုးရ
နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခမ်းမမှာ ကျင်းပတဲ့ နိုဘယ်ဆုပေးပွဲမှာ ဆုသွားရောက်လက်ခံယူပြီး ဥရောပခရီးစဉ်တွေ လှည့်လည်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲတွေ၊ နိုင်ငံတစ်ကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမူတွေကို နိုင်ငံတစ်ကာ သတင်းမီဒီယာတွေက ရုပ်မြင်သံကြားတွေ၊ သတင်းစာနဲ့ ဂျာနယ်တွေမှာ ဝေေ၀ဆာဆာ ဖော်ပြလျှက်ရှိနေသော်လည်း
မြန်မာနိုင်ငံက အစိုးရပိုင်မီဒီယာနဲ့ သတင်းတွေကတော့ မိမိတို့နှင့် မသက်ဆိုင်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြနေတာ မတွေ့ရှိရပါ။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို အကောင်အထည်ဖော်နေပါတဲ့ ဆိုတဲ့ မြန်မာစစ်အစိုးရနဲ့ ၄င်းတို့ပိုင် သတင်းမီဒီယာတွေအားလုံးရဲ့ လုပ်ရပ်နဲ့ အပြုအမူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကယ်ရော နှစ်သက်စွာလက်ခံနေပါရဲ့လားဆိုတာနဲ့ မြန်မာ့ဒီမိုကရေစီစနစ်ကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလည်းတာရော ဖြစ်ပါရဲ့လားဆိုတာကို စိုးရိမ်ပူပန်မိပါတယ်။
မောင်တောတွင် နောက်ထပ် အန်ဂျီအို ၀န်ထမ်း တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း
မောင်းတောတွင် UNHCR တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ မချိုလေးမာ ဆိုသူ အမျိုးသမီး ဖြစ်ပြီး မောင်တော အမှတ် (၃) သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရဲထောက်လှမ်းရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ဒေသခံ တစ်ဦးက ပြောသည်။
သူမအား ဖမ်းဆီးခြင်းမှာ မောင်တောတွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများနှင့် ပတ်သက်၍ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။
သူမအား အာလီဆိုသူနှင့် အတူ ဇွန်လ ၁၄ ရက်နေ့က မောင်တောရဲအဖွဲ့မှ ဖမ်းဆီးပြီး (၂) ရက်တိုင် ရဲစခန်းတွင် စစ်ဆေးမေးမြန်းကာ ယခုအခါ နစက ကျီးကန်းပြင် ဌာနချုပ်သို့ လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ရှိ နိုင်ငံခြား အန်ဂျီအိုများတွင် ၀င်ရောက်လုပ်ကိုင်နေသူ တချို့ထံမှ နိုင်ငံတော်အား ဆန့်ကျင် ရန် ကြံစည်သော စာရွက် စာတန်းများကို ဖမ်းဆီးရမိခဲ့သည်ဆိုသော သတင်းများလည်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ သို့သော်လည်း အဆိုပါ သတင်းများကို တာဝန်ရှိသူများက တစုံ တရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
မြန်မာ အစိုးရ အာဏာပိုင်များသည် ဒေါက်တာ ထွန်းအောင်အားလည်း ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်း ထားပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။
မောင်တောတွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ အနေဖြင့် အသေးစိတ် စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး နောက်ကွယ်က ဆက်စပ် အကြောင်းအရာများကို ဖေါ်ထုတ်နေကြောင်း စုံစမ်း သိရှိရသည်။
သတင်း : နိရဉ္စရာ သတင်းဌာန
မြန်မာနိုင်ငံရဲ့ ကမ္ဘာမှာ ထင်ရှားကျော်ကြားစေတဲ့ အကြောင်းအရင်း (၄) ချက်
ပဲခူးတိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို ပဲခူးတိုင်ဒေသကြီး ပညာရေးဝန်ကြီးဌာနမှ ညွန်ကြားချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်...ကျောင်းရှိစာသင်သား ကလေးငယ်များကို မြန်မာနိုင်ငံရဲ့ ကမ္ဘာမှာ ထင်ရှားကျော်ကြားစေတဲ့ အကြောင်းအရင်း (၄) ချက်ကို ရှင်းပြပေးဖို့ ညွန်ကြားထားပါတယ်...
မြန်မာနိုင်ငံအား ကမ္ဘာမှ သိစေတဲ့အကြောင်းအရင်း (၄) ချက်ကတော့.......
(၁) ထေရ၀ါဒဗုဒ္ဒဘာသာ
(၂) ဗိုလ်ချုပ်အောင်ဆန်း
(၃) UN အတွင်းရေးမှူးချုပ် ဦးသန့်
(၄) ဒေါ်အောင်ဆန်းစုကြည်
တို့ကြောင့်ဖြစ်ပါတယ်တဲ့....
အဲဒီသတင်းကို ကျွန်တော်အမေက ကျောင်းအစည်းအဝေးကပြန်လာပြီး ၀မ်းသာအားရပြောပြတော့ ကျွန်တော်ဖြင့် ပျော်လိုက်တာဗျာ..ဒါ အမှန်တရားကိုလက်ခံလာ တာပါပဲ....ပဲခူးတိုင်းပညာရေးဝန်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ..နောက် တစ်ခြား ပြည်နယ် တိုင်းတွေအနေနဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဒီလိုပြဌာန်းပေးနိုင်ပါစေလို့.......ဂုဏ်ယူ ၀မ်းမြောက်စွာ ဆုတောင်းပေးလိုက်ပါတယ်..
ကိုကိုမောင်
Facebook မှ ကူးယူဖော်ပြသည်။
.
Rest of your post
ရှက်တတ်ဖို့လိုနေပြီ
အမှန်တရားနဲ့ ပြည်သူလူထူဘက်က ရပ်တည်မှသာ မီဒီယာစစ်စစ်ဖြစ်မှာပါ။ ပြည်သူက အယုံအကြည်ကင်းမဲ့မူနဲ့ လေးစားမူမရှိတော့ဘူးဆိုရင်တော့........... Summary
Rest of your post
Monday, June 04, 2012
ဒေါ်စု မသိတဲ့ ဒုက္ခသည် စခန်း အကြောင်း
မောင်ရမ္မာ | ဇွန်လ ၂ ရက်နေ့က ကျနော်တို့နေတဲ့ မယ်လ ဒုက္ခသည်စခန်းက ခါတိုင်းနဲ့ မတူ တမူ ထူးခြား နေတယ်လို့ ပြောရပါမယ်။ စခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေတာ တပတ်လောက် ရှိနေပြီ။ ဒေါ်စု လာမယ် ဆိုတဲ့ သတင်းက စခန်းတခုလုံးမှာ ဟိုလေးတကျော် ဖြစ်နေတဲ့ သတင်းဖြစ်ပါတယ်။
ကျနော်လည်း ရှိတဲ့ ရိက္ခာ အကျန်လေးကိုချက် ငပိရည်နဲ့ မိုးဦးကျ ရာသီမှာ ဒုက္ခသည်စခန်းရဲ့ ပင်တိုင်ဟင်း ဖြစ်တဲ့ မျှစ်ပြုတ်နဲ့ လွေးအပြီး စခန်းရုံးရှိရာဘက်ကို ချီတက်လာပါတော့တယ်။ ကျနော် ရောက်နေတဲ့ အချိန်မှာ စခန်းရုံး ပတ်လည်မှာ လူတော်တော်များ နေပြီ။ တိုး မပေါက်တော့ဘူး။ ကျနော်က ဒုက္ခသည် တဦး အနေနဲ့ ဒေါ်စုကို မြင်ဖူးချင်တာပါ။ တင်ပြခွင့် ရရင် တင်ပြချင်တာလေးတွေရှိလို့ လာခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက် ကတည်းက အမိ မြန်မာပြည် ကနေ ခွဲခွာလာခဲ့တဲ့ ကျနော်၊ ဒီမိုကရေစီကို လက်နက်ကိုင်တိုက်ပွဲ ၀င်မယ်ဆိုတဲ့ သံမဏိစိတ်ဓါတ်နဲ့ တောခိုလာခဲ့တဲ့သူ။ ခုတော့ အခြေအနေအချိန်အခါအရ လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာပြီး ထိုင်းမြန်မာနယ်စပ်မှာ အကြီးဆုံးဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ တော်လှန်ရေးသမား ဘ၀ကနေ ကမ္ဘာကျော် ဒုက္ခသည် ဖြစ်လာခဲ့တာပါ။
ကမ္ဘာကျော် ဒုက္ခသည်လို့ ပြောတာက ဒီလိုပါ။ ကျနော်တို့ နေတဲ့ စခန်းက မဲဆောက်မြို့နဲ့ဆို ၄၅ မိနစ်သာရှိတဲ့ ခရီးအကွာမှာ ရှိတာကြောင့် ဥရောပက မဟာ မင်းကြီးတွေ၊ အမေရိကန် အထက် လွှတ်တော်၊ အောက် လွတ်တော်က ဧည့်သည်တော်တွေ မကြာမကြာ လာရောက်တာကြောင့် ကျနော်တို့လည်း စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတာပေါ့။ ဒါကြောင့် ကမ္ဘာကျော်တဲ့ ဒုက္ခသည်တွေပါလို့ ပြောချင်တာပါ။
အခုလည်းကြည့် ဒေါ်စု ဒုက္ခသည်စခန်းကို လာလည်မယ်ဆိုတဲ့ သတင်းက ကမ္ဘာ့မီဒီယာတွေမှာ ပါနေတာကို တပတ်လောက် ရှိနေပြီ။ ကျနော်တို့ စခန်းက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေကြမို့ပါ။
ဒုက္ခသည် စခန်းမှာရှိတဲ့ လူတွေကတော့ မြန်မာနိုင်ငံက အလွှာပေါင်းစုံကလာတဲ့ သူတွေဖြစ်တယ် ဆိုတာကို ပြောချင်တာပါ။
(၁) ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် စစ်စစ်တွေ( ရပ်ရွာတွေမရှိတော့တဲ့ သူတွေ)
(၂) နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်းရေးလုပ် အသက်ကြီးပြီး အနားယူတဲ့အခါ ဒုက္ခသည် ဖြစ်လာတဲ့သူ
(၃) ပိုက်ဆံအတော်အသင့်ရှိပြီး ဒုက္ခသည် စခန်းမှာ စီးပွားရေး လာလုပ်တဲ့ ဒုက္ခသည်တွေ
(၄) မြန်မာပြည်မှာ ချမ်းသာပြီး အမေရိကားနဲ့ ဥရောပနိုင်ငံမှာ အခြေချလိုတဲ့ မြို့ကြီးသား ဒုက္ခသည် တွေ ဆိုပြီး (ဆင်ဖြူတော် မှီပြီး ကြံစုတ်နေတဲ့ လူချမ်းသာ ဒုက္ခသည်) အမျိုးမျိုး ရှိကြပါတယ်။
ဒုက္ခသည် စခန်းကို ဒေါ်စုလာလည်မယ် ဆိုတဲ့သတင်းက မတူတဲ့ ဒုက္ခသည်တွေအတွက် တူညီတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်စုလာတာကို အကောင်းဘက်က မြင်နေကြပါတယ်။
ကျနော့် အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ နေတဲ့ ‘အမိုး’ ကတော့ ၁၉၉၆ ခုနှစ်ကရင်ပြည်နယ်အတွင်း ဆင်နွဲတဲ့ အစိုးရထိုးစစ်တွေကြောင့် ထွက်ပြေးလာတဲ့သူဖြစ်ပါတယ်။ အမိုး ကတော့ နံပါတ် (၁) ဒုက္ခသည် အမျိုးအစား ဖြစ်ပါတယ်။ ဒေါ်စုလာလည်တာ ကောင်းတယ်။ “အမိုးတို့ အိမ်ပြန်ရတော့မယ်၊ အမိုးရဲ့ မြေးတွေကို ကျောင်းထားရတော့မယ်တဲ့” အမိုး မကြာမကြာ ပြောတာတော့ အမိုးတို့က ကျုံဒိုးနဲ့ နီးတယ်တဲ့။ အမိုးရဲ့ ယောင်္ကျားက ကျောင်းဆရာလည်းလုပ်တဲ့ အကြောင်း၊ ဥယျဉ်ခြံစိုက်တဲ့အကြောင်း ကျနော်တို့ကို ခဏခဏ ပြန်ပြောပြတယ်။
အမိုး အသက်က ၇၀ ကျော်ပြီ။ မယ်လ ဒုက္ခသည် စခန်းကိုရောက်တာ အခုဆို ၁၆ နှစ်လောက် ရှိနေပြီ။ မြန်မာပြည်မှာနေခဲ့တဲ့ အချိန်ကို ခုထိ တသသ ရှိနေသေးတယ်။ မြန်မာပြည်အကြောင်းပြောရင် အမိုးရဲ့ မျက်လုံးတွေက တောက်လာတယ်။ မျက်ရည်တွေလည်း ရွှမ်းလာတယ်။ အမိုးကတော့ အခြေအနေအရသာ ဒုက္ခသည်စခန်းမှာ နေထိုင်ရပေမယ့် စိတ်ကတော့ အမိမြန်မာပြည်ကို ပြန်ရောက်နေတယ်။
အမိုးကလည်း မြန်မာပြည်က ၇ တန်းအောင်။ ဒါကြောင့် သူ့မြေးတွေကို စာတတ်စေချင်တယ်။ ဒါပေမယ့် မြေးအကြီးဆုံးက အသက်၁၈ နှစ် ကျော်တာကြောင့် အမေရိကားကို တယောက်တည်း ထွက်ခွာသွားတယ်။ ယောင်္ကျားလေးလည်း ဖြစ်ပြန်၊ အသက် ၁၈ နှစ်ကျော်ရင် မိဘနဲ့ ခွဲပြီးသွားလိုရာကို သွားနိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဥပဒေကြောင့် ခွဲခွာခွင့် ပေးလိုက်ရတာပါ။ မြေးကြီး အမေရိကားကို ထွက်သွားတော့ အမိုးခမြာ တပတ်လောက် စားမ၀င် အိပ်မပျော် ဖြစ်ခဲ့တယ်။
ဒေါ်စုလာလည်တဲ့ သတင်းကြောင့် အမိုး စိတ်ဓါတ်တွေ တက်ကြွနေတယ်။ ဒေါ်စုက အမိုး တို့ကို ပြန်ခေါ်ဖို့ လာမှာတဲ့။ ဇွန်လ ၂ ရက်နေ့က အမိုးတယောက် စခန်းရုံး နားမှာ ဖျာခင်းပြီး စောင့်နေတယ်တဲ့။ ဒေါ်စုကို တွေ့ချင်တဲ့ဇော၊ မြန်မာပြည်ကို ပြန်ချင်တဲ့ အမိုးရဲ့ ဇောကို လေးစားမိတယ်။

ဒုက္ခသည် အကြောင်းပြောရင် ၂၀၀၆ ခုနှစ်က ဒုက္ခသည်တွေရဲ့ အခြေအနေကို ပြောမှပိုပြီး နားလည်မယ်ထင်တယ်။ အရင်တုန်းကဆို ဒုက္ခသည် စခန်းဆိုတာ သူပုန်တွေနေတဲ့ နေရာလို့ နာမည်သိပ်ကြီးတာ။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ ထိုင်းအစိုးရက ဒုက္ခသည် ဖြစ်ချင်တဲ့သူတွေ စခန်းထဲကို ၀င်ရမယ်ဆိုတဲ့ မူနဲ့ ကိုင်ထည့်လိုက်တော့ မဲဆောက်အနှိပ်ခန်းမှာ အလုပ်လုပ်နေတဲ့ကောင်မလေးတွေ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးသမားတွေနဲ့ ဆက်စပ်တဲ့ ရန်ကုန်က ပိုက်ဆံချမ်းသာသူတွေ လှိမ့်ဝင်လာပါတယ်။
အဲဒီလို လှိမ့်ဝင်လာတဲ့အထဲမှာ ကျနော်တို့ အိမ်နဲ့ ကပ်လျက် နိုင်ငံခြားကို ထွက်သွားပြီဖြစ်တဲ့ ချင်းဇနီးမောင်နှံရဲ့ အိမ်ကို ဘတ်ငွေ ၄၀၀၀၀ နဲ့ဝယ်လိုက်တဲ့ ရန်ကုန်သား အဖိုးကြီးနဲ့ သူ့သမီးနဲ့ မြေးတွေလည်းပါတယ်။ သူတို့က ၂၀၀၇ မှ ၀င်လာတာကြောင့် ထိုင်းအစိုးရရဲ့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမှုကို မခံလိုက်ရရှာတဲ့ သူတွေပါ။
လူသစ် ရန်ကုန်သား အဖိုးကြီး ကတော့ နံပါတ် (၄) အမျိုးအစား အမေရိကားမှ အမေရိကားဘဲ။ ခုထိ လက်မလျှော့သေးဘူး။ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းတို့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်ပြောတော့ သိပ်ဒေါသထွက်တယ်။ ပြည်တွင်းစစ် မငြိမ်းဘဲ ဘယ်လိုမှ ပြန်လို့မရဘူးတဲ့။
ဒါပေမယ့် သူ့ရဲ့ အမျိုးသမီးကတော့ ရန်ကုန်ကို ခဏခဏ ပြန်တယ်။ ဒေါ်စု လာမယ် ပြောတော့ ရန်ကုန်သား အဖိုးကြီးလည်း စိတ်ဓါတ် တက်ကြွလာတယ်။ ဒေါ်စုလာလည်မယ်ဆိုရင် မြန်မာပြည်ကို မပြန်ချင်တဲ့အကြောင်း၊ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့အညီ ခွင့်ပြုသင့်ကြောင်းကို တင်ပြမယ်တဲ့။ ဒေါ်စုလာတာကို အခွင့်ကောင်း ယူပြီး ထိုင်းအစိုးရဆီမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရတဲ့သူ ဖြစ်အောင်လုပ်မယ် ဆိုတဲ့သူတွေ ဖြစ်ပါတယ်။
ဒေါ်စုကို မပြောပြလိုက်ရတဲ့ မယ်လဒုက္ခသည် စခန်းအကြောင်း ရှိနေပါသေးတယ်။ မယ်လ ဒုက္ခသည် စခန်း ဆိုတာ မြေဈေး အင်မတန်မှ ကောင်းပါတယ်။ လမ်းမနဲ့ နီးတဲ့အိမ်ဆိုရင် ထိုင်းဘတ်ငွေ သိန်းချီ ရှိတယ်။ မြန်မာငွေနဲ့ဆို သိန်း ၃၀-၄၀ ထိ ဈေးပေါက်တာကို ဒေါ်စုခမြာ မသိလိုက်ရှာဘူး။ ဘယ်သူမှလည်း ပြောပြမှာ မဟုတ်ဘူး။
ဒါကို မယ်လ ဒုက္ခသည် စခန်းလို့ ခေါ်ပါတယ်။ ဒေါ်စုမသိတဲ့ ဒုက္ခသည် စခန်းအကြောင်းကို နည်းနည်း ပြောချင်ပေမယ့် ခမြာတို့မှာ အနားကို ကပ်ရဖို့နေနေသာသော မြင်တောင် မမြင်လိုက်ရရှာဘူး။
ဒေါ်စု ထင်သလို ဒုက္ခသည် စခန်းဆိုတာ မြန်မာပြည်မှာ အိမ်မရှိတဲ့သူတွေများသလို ရန်ကုန်မှာ တိုက်တွေ ကားတွေပိုင်တဲ့ သူတွေလည်းအများကြီး ရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည်ဆိုတဲ့စကားလုံးက အားငယ်စရာလို့ ထင်နိုင်ပေမယ့် ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရတဲ့ စာရွက်လေးကိုရဖို့ သိန်းရာချီရင်းပြီး နေထိုင်သူတွေ ဒေါ်စုကို လာကြိုတဲ့အထဲမှာ အများကြီးရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည် လက်မှတ်က မြန်မာပြည်က သိန်းထီထက် တန်ဘိုးရှိနေတာကို ဒေါ်စုတယောက် မသိလိုက်ရှာဘူး။
နောက်တခုက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အများအပြားရှိနေတာကို ဒေါ်စုကို ပြောပြလိုက်ချင်တယ်။ ၂၀၀၈ ခုနှစ်က ဒုက္ခသည်တွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ ထုတ်ပြန်ချက်ကို ဖတ်လိုက်ရသေးတယ်။ တကယ့် ဒုက္ခသည်တွေဆီကို မရောက်ဘဲ ဆုံးရှုံးသွားတဲ့ ပမာဏကို တွက်ချက်ပြထားတယ်။ ထိုင်းဘတ်ငွေ သန်းရာချီပျောက်နေတယ်တဲ့။
ဒါကြောင့် ဒုက္ခသည် အတုနဲ့ အစစ်၊ ဒုက္ခသည်ကို အကြောင်းပြပြီး လုပ်စားနေတဲ့ အဖွဲ့အစည်း အများအပြား ရှိနေတာကို ပြောလိုက်ချင်ပေမယ့် ပြောခွင့် မရလိုက်ဘူး။ ဒေါ်စုလာလည်တဲ့အခါ တွေ့ခွင့်ရလိုက်တဲ့ အဖြူ၊ အမည်း၊ အ၀ါတွေ၊ “အမေစုကို ချစ်ပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ ရန်ကုန်သား အဖိုးကြီး၊ ဒုက္ခသည်တွေကို အိမ်ပြန်ခေါ်ဖို့ ကြားချင်နေတဲ့ အတွက် စခန်းရုံးအနီး ဖျာခင်းပြီး ထိုင်စောင့်နေတဲ့ အမိုးတို့ တတွေဟာ မယ်လ ကမ္ဘာထဲက လူသားတွေပါလို့ ပြောလိုက်ချင်ပါဘိ။
မောင်ရမ္မာ
source by : မောက္ခ

"အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြထုတ်ဖော် သွားမည်" ဆိုသည့် ငါးမင်းဆွေ(ခ) နွားမင်းဆွေ
ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာသည့် ပေးစာ တစောင်မှာ (၃.၆.၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်း မီးပွိုင့်တွင် ဖားပြုတ် မျက်နှာနှင့် လူတစ်ယောက် စာများ လိုက်ဝေနေပါသည်။ ယခုစာအား ပေးပို့လာသူမှာ ထိုစာကို ဖတ်ပြီးသည့် အချိန်မှ စပြီး ခုချိန်ထိအောင် စာ အဆိပ်သင့် ဖြစ်နေရတယ်လို့ ရေးသားလာပါတယ်..) ထိုစာသည် ငါးမင်းဆွေ (ဒေ၀ဒတ် လက်သစ်) ရေးသားထားသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စိန်ခေါ် ပုတ်ခတ်ထားသည့် စာ ဖြစ်တယ်လို့ ဆိုပါတယ်..။
စာပါ အကြောင်းအရာတွေ ကတော့ ပြီးခဲ့တဲ့ World Economic Forumမှာ ပြောကြားခဲ့တဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များအား ဝေဖန် ပြောဆိုချက်များ ပါဝင်ပြီး။ ဒေါ်အောင်ဆန်းစုကြည် အား တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရေးသား ဖော်ပြ ထားပြီး ဇူလိုင်လ(၂၁)ရက်နေ့ အထိ အကြောင်း ပြန်ကြားခြင်း မရှိပါက အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြမယ်လို့ ဆိုပါတယ်..။
ငါးမင်းဆွေ(ခ) နွားမင်းဆွေရဲ့ အထက်ပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အသရေ ဖျက်စာများ လူထုကြားထဲမှာ လိုက်လံ ဝေငှနေမှုများအား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူခြင်း မသိကျိုးကျွန် လျစ်လျှူရှု ပြုနေခြင်းဟာ စဉ်းစားစရာ အချက်ဖြစ်နေပြီး နောက်ကွယ်မှ အဖွဲ့အစည်း တခုခုမှ ထောက်ခံ အားပေး နေသည်အလား ထင်မှတ် ရပေသည်။ ယခုကဲ့သို့ ငါးမင်းဆွေ၏ လုပ်ရပ်သည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နေပါသည်ဆိုသည့် လက်ရှိ အစိုးရအားလည်း ထင်ယောင် ထင်မှား ဖြစ်စေမည့် သိက္ခာ ကျစရာ လုပ်ရပ် ဖြစ်နေပေသည်..။ ပြီးခဲ့တဲ့ နှစ်များကလည်း ဂျာနယ်တစောင်မှ ၎င်းအား တုံ့ပြန်ရေးသားမှုနှင့် ပတ်သက်ပြီး တောင်းပန်ခြင်း မရှိပါက အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေငြာချက် ထုတ်ခဲ့ဘူးသည်...။

source by : ဒီမိုဝေယံ

ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ သရုပ်မှန်အား ပြန်ဖတ်လိုလျှင်
တို့မီး ရှို့မီး မလုပ်ပါနဲ့ ငါးမင်းဆွေ
ငါးမင်းဆွေ သို့....... (၁)
ငါးမင်းဆွေ သို့....(၂)
ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ
မြို့မေတ္တာ ခံယူမယ့် ဖားမင်းဆွေ
source by : ဒီမိုဝေယံ
Subscribe to:
Comments (Atom)