“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 11, 2010

ရခိုင်ပြည်နယ်၏ သစ်မှောင်ခိုလုပ်ငန်း

Arakan Review

စစ်အစိုးရ လက်ထက်တွင် ၀ိသမ လောဘသားများသည် အာဏာပိုင်တို့နှင့် ပူးပေါင်းကာ သဘာဝရင်းမြစ် သစ်တောကြီးများကို ဖျက်ဆီး ပြီး၊ နိုင်ငံခြား တိုင်းပြည်များသို့ မိမိတို့ ကိုယ်ကျိုး စီးပွားအတွက် တရားမ၀င် ရောင်းစားလျက် ရှိရာ ယခု အခါ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့ မှာ သစ်ပင်များ ပြောင်သလင်းခါ နေရလေပြီ။

သစ်မှောင်ခိုတို့ ပျော်စံရာ

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရခိုင်ရိုးမနှင့် ပဲခူးရိုးမ အနောက်ခြမ်းတို့မှ ကျွန်းသစ်များကို မလေးရှားနိုင်ငံ ပီနံသို့ တောင်ကုတ် တောင်ကြား လမ်းမှ တဆင့် ခိုးထုတ်ကြပြီး၊ ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်း စသည့် အဖိုးတန် သစ်မာများကို အနောက်ဘက် ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံသို့ တောင်ကုတ် မြို့နယ်မှတဆင့် ခိုးထုတ်ကြသည်ကို တွေ့ရသည်။ သို့ကြောင့်ပင် တောင်ကုတ်မြို့သည် သစ်မှောင်ခိုတို့၏ မဟာဗျူဟာ အချက်အချာ ကျသည့် ဘူမိနက်သန် စံပျော်ရာအရပ် အမှန်ပင် ဖြစ်လာ ရတော့သည်။

သစ်မှောင်ခိုတို့ သွားရာ လမ်းကြောင်း

မှောင်ခို ရာဇာတို့က ပဲခူးရိုးမ အနောက်ခြမ်းမှ ကျွန်းသစ်များကို ပေါက်ခေါင်း၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း စသည့် မြို့နယ်များ မှ တဆင့် ရခိုင်ရိုးမမှသည် တောင်ကုတ်မြို့ သင်္ဘောဆိပ်ကမ်းထိ (၁၀) ဘီး ကားကြီး များဖြင့် သယ်ဆောင်ခဲ့ ကြသည်။ ဆိပ်ကမ်းမှ သစ်များကို စက်လှေများဖြင့် မော်တော်ကြီးများပေါ်သို့ တိုက်ရိုက် တင်ဆောင် ကြသလို၊ ပြည်ပသို့ သယ်ယူ ပို့ဆောင်ရန် လုံလောက်မှု မရှိသေးပါက ကလိန်တောင် မြစ်ကမ်း နံဘေးက ဆားကွင်း နေရာတွင် စုဆောင်းထား ရှိပြီး လိုအပ်သည့် ပမာဏ ရရှိသောခါ မလေးသို့ သယ်ဆောင် သွားကြသည်။ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းက ကျွန်းသစ်များကိုလည်း ကြံခင်း၊ ပန်းတောင်း၊ မင်းတုန်း၊ ကံမ မြို့နယ်တို့မှ တောင်ကုတ်မှ တဆင့် ဤနည်း အတိုင်းပင် ပီနံသို့ ဆယ်စုနှစ် နှင့် ချီလျက် လွတ်လပ်စွာ ဗြောင်ကျကျ ခိုးထုတ် နေခဲ့ကြလေသည်။

ထို့အတူ ရခိုင်ပြည်နယ်မှ ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်း စသည့် သစ်များကို မအီချောင်း၊ လမူးချောင်း၊ တန်းလွဲချောင်း စ သည့် သစ်မာထွက်ရာ ဒေသများမှ ဆင်၊ ကျွဲ၊ နွားလှည်း၊ စက်လှေငယ်တို့ဖြင့် ထုတ်ယူ၍ မော်တော်ကြီးများပေါ် တင်ဆောင်ကာ တဘက် ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံသို့ ခိုးထုတ်ခဲ့ကြသည်။

သစ် မှောင်ခိုဂိုဏ်း ဆရာကြီးများ

သစ် မှောင်ခိုလုပ်ငန်း လုပ်ကိုင်သူများ အနက် နတ်သမီး (သို့မဟုတ်) နန္ဒာလှိုင် ဟု ခေါ်ကြသည့် ကျွန်းသစ်များ ရောင်းဝယ်သူများကို ဒေသအခေါ် ဆရာကြီးများဟု ခေါ်ကြသည်။ ဤ သစ်ဆရာကြီးများ အနက်- ကျေက်တောင် (ခ) ဥာဏ်ထွန်း၊ ထွန်းလှိုင်၊ ကျော်ဆွေ၊ မြင့်သောင်း၊ ကြာနီအောင်၊ ဒေါ်လှရီတို့ (၆) ဦး မှာ ကျော်ကြား ထင်ရှားလှ၏။ ထို့ပြင် စကားဝါ၊ ပျဉ်းကတိုး၊ ကညင် စသည့် သစ်မာများကို ရခိုင်ပြည်နယ်တွင်းမှသည်၊ အနောက် ဘင်္ဂလားဒေ့(ခ်ျ) နိုင်ငံသို့ အားပါးတရ ခိုးထုတ် နေကြသော သစ် မှောင်ခိုများမှာလည်း ကျောက် တောင် အပါအ၀င် (၁၂) ဦး ရှိလေ၏။ သစ်မှောင်ခိုများသည် အချင်းချင်း ညီညွတ်ကြသည်။ ၄င်းတို့သည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်း အဆင့်ဆင့်ကို ပုံမှန် ဆက်ကြေးများ ပေးဆောင် ကြသလို သစ်ခိုးဂိုဏ်း နှိမ်နင်းရေး လုပ်ငန်းများတွင်လည်း အတူတကွ ပူးပေါင်း ဆောင်ရွက် ကြသည်ကို တွေ့ရသည်။

သစ် မှောင်ခိုဂိုဏ်း ခေါင်းဆောင်၊ သစ်မှောင်ခိုဂိုဏ်း ညီလာခံ ခေါ်ယူခြင်းမရှိပါဘဲ သစ်ဂိုဏ်းခေါင်းဆောင် အလိုအလျောက် ဖြစ်လာသူမှာ မှောင်ခို ရာဇာ ကျောက်တောင်ပင် ဖြစ်သည်။ ကျောက်တောင်မှာ တောင်ကုတ်မြို့နယ်၊ ပန်းတင်း ကျေးရွာ ဇာတိဖြစ်ပြီး၊ အဖ ဦးဘထွန်း ၏ သားကြီးဖြစ်သည်။ ပညာအရည်အချင်း (၁၀) တန်း တက်ဖူးသူ ဖြစ်ပြီး စကား အပြောကောင်းသူ တစ်ဦး ဖြစ်သည်။ အသက် (၅၃) နှစ် အရွယ်ရှိ ဦးကျောက်တောင်သည် ဇနီးသည် ဒေါ်မချေ၊ ၄င်း၏ သား နှစ်ယောက်နှင့် အတူ တောင်ကုတ်မြို့၊ ချောင်းကောက် ရပ်ကွက် ရှိ ၄င်း၏ ကိုယ်ပိုင် အိမ်၌ နေထိုင်ပြီး မှောင်ခို လုပ်ငန်းများကို သူ၏ တပည့်များအား တာဝန်ပေးလျက် စနစ်တကျ ဆောင်ရွက်ကြသည်။

ဦးကျောက်တောင်သည် (၁၉၈၈) မတိုင်ခင်က မဆလနှင့် ပေါင်းကာ ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံသို့ ဆန်စပါးများ တရားမ၀င် ပို့ဆောင် ရောင်း ချပြီး၊ ဘင်္ဂလားဒေ့(ခ်ျ)မှ ဘေထုတ်များ ယူလာကာ ရောင်းချခဲ့သည်။ ထို့ပြင် ကုလားများကိုလည်း မြန်မာပြည် တွင်းသို့ အခကြေးငွေ ယူ ၍ တရားမ၀င် ခိုးသွင်းခဲ့ကြောင်း ထိုစဉ်က သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်က ပြောပြသည်။ (၁၉၈၈) အရေးအခင်းတွင် တောင်ကုတ် မြို့ သပိတ်တပ်ဖွဲ့၊ တပ်နီ ခေါင်းဆောင် အဖြစ် ခံယူခဲ့ပြီး တံတားဖျက်၊ လမ်းဖျက် အလုပ် များကို ဆောင်ရွက်ခဲ့သည်။

၎င်းပြင် တောင်ကုတ်မြို့နယ်၊ တန်းလွဲ-ရွာမ ကုန်သွယ်လယ်ယာ စပါးဒိုင်မှ စပါးတင်း (၄၀၀၀) ကျော်ကို ဖောက်ထွင်း ယူဆောင်ကာ ဘင်္ဂလားသို့ ပို့ဆောင်ခဲ့သည်။ ရရှိလာသော ငွေကြေးဖြင့် ၄င်းကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ၌ အသုံးချခဲ့သည်။ စစ်တပ်မှ အာဏာ သိမ်းပြီးချိန်တွင် ဦးကျော်တောင်သည် ထောင်ဒဏ် (၁၆) နှစ် အပြစ်ပေးခံရပြီး သံတွဲထောင် နှင့် စစ်တွေထောင်တို့တွင် (၇)နှစ် ကျခံကာ (၁၉၉၅) ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။ ထို့နောက် သူသည် မှောင်ခို လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လာခဲ့သည်။ တိုင်းမှူး၊ ၀န်ကြီးများနှင့် ချဉ်းကပ် နားလည်မှု ရယူကာ ကျွန်းသစ် အပါအ၀င် အဖိုးတန် သစ်များကို ပြည်ပသို့ ခိုးထုတ်ကာ ရောင်းချ ခဲ့ကြသည်။ တောင်ကုတ်မြို့သို့ ရောက်လာသမျှသော တိုင်းမှူးများနှင့် အစိုးရအဖဲွဲ့ဝင် ၀န်ကြီးများနှင့် စစ်ဘက် အရာရှိများသည် ကျောက် တောင် အိမ်၌ ၀င်ရောက် အပန်းဖြေ စားသောက်လေ့ရှိပြီး လိုအပ်သည့် သတင်း အချက်အလက်များ ရယူကာ လမ်းညွှန်မှု ပြုလေ့ရှိ ကြောင်း မျက်မြင် သက်သေ များက ဆိုကြသည်။

ဦးကျောက်တောင်၏ တရားဝင် ပိုင်ဆိုင်မှုများကို ဖော်ပြရလျှင် – ကား (၆) စီး၊ မော်တော် (၉) စီး၊ အောင်တံခွန် သင်္ဘော၊ ရွှေပြည်စိုး ဆေးလိပ်၊ ရွှေပြည်စိုး လဖက်ခြောက်၊ မောင်းချောင်း ဧက (၅၀၀) ရာဘာစိုက်ခင်း၊ တောင်ကုတ် သင်္ဘော ဆိပ်ကမ်းမှ ပြည်-န၀ဒေး တံတားထိ လမ်း၊ တံတား အခွန်ကောက်ခွင့်တို့ ဖြစ်သော်လည်း နိုင်ငံကျော်နင်း သစ်အပါအ၀င် မှောင်ခို လုပ်ငန်းများစွာတို့ကို စစ်အာ ဏာပိုင်တို့နှင့် ပူးပေါင်း လုပ်ကိုင်နေခြင်းမှာ ကန့်လန့်ကာ နောက်ကွယ်တွင် ကြီးမား ကျယ်ပြန့်စွာ ထုနှင့် ထည်နှင့် ရှိနေကြောင်းကို တွေ့မြင်နိုင်သည်။ (ကျောက်တောင်၏ ရုပ်ပြ စီးပွားရေး လုပ်ငန်းများနှင့် ဟန်ပြအလှူများ အပိုင်း- (၂) ဆောင်းပါးတွင် အကျယ် ဖော်ပြပါမည်။)

နိုင်ငံရပ်ခြားရှိ ရခိုင် တိုင်းရင်းသား အင်အားစု အချို့ထံ ချဉ်းကပ်ကာ မျိုးချစ် စိတ်ဓာတ် ရှိသယောင် ထောက်ပံ့မှု အနည်းငယ် ပေးလျက် ပြည်ပ အင်အားစုများ၏ အရေးပါသော သတင်းများကို စုဆောင်းကာ နအဖထံသို့ ပေးပို့သည်။ နအဖထံမှ လုပ်ပိုင်ခွင့်ကို တောင်းခံ ရယူသည်။ နအဖ အတွက် ဦးကျောက်တောင်က ပြည်တွင်း အင်အာယ်(လ်)ဒီ များအကြား အချင်းချင်း သပ်လျှို သွေးခွဲ စိတ်ဝမ်း ကွဲစေသည်။ အင်အာယ်(လ်)ဒီ မှ တောင်ကုတ် ဒု-ဥက္ကဌ ဦးသန်းဖေကို အသုံးချလျက်၊ တောင်ကုတ် လွှတ်တော် ကိုယ်စားလှယ် အသက် (၉၀) အရွယ် ဦးကျော်ခိုင်ကို ထောင်ထဲသို့ ပို့ခဲ့ကြောင်း၊ ယခင် တောင်ကုတ် အတွင်းရေးမှူး လုပ်ခဲ့သူ ဦးခင်မောင် အပါအ၀င် ပါတီအဖွဲ့ဝင် တ ချို့ကိုလည်း ပါတီမှ နုတ်ထွက် စေခဲ့ကြောင်း၊ တောင်ကုတ်မှ ဆန်းလွင် အပါအ၀င် ပြည်ပ ရခိုင်အုပ်စုများနှင့် ဆက်သွယ်သည့် တိုင်းရင်းသား နိုင်ငံရေးသမားများကိုလည်း ထောင်ထဲသို့ အရောက် ပို့ခဲ့ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက ဆိုသည်။ (၂၀၁၀) ရွေးကောက်ပွဲတွင်လည်း သူ ကိုယ်တိုင် (သို့) သူ၏ အလိုကျ ဆောင်ရွက်မည့်သူ ဒေါက်တာ စံလှိုင် ဆိုသူ ဖြစ်စေ ၀င်ရောက် အရွေး ချယ်ခံရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

သစ်မှောင်ခိုတို့ ခင်းသော လမ်း

မှောင်ခိုလုပ်ငန်း တရားဝင် ဆောင်ရွက်နိုင်ရန် အောက်ပါ အစိုးရဌာန (၁၁) ခုကို ငွေလမ်းခင်း ကြရသည်။ သစ်မှောင်ခိုတို့သည် မော်တော်ကြီး အနည်းဆုံး (၄) စီး နှုန်းဖြင့် တစ်လ (၄) ကြိမ်နှုန်း ခိုးထုတ်လျက် ရှိရာ၊ မော်တော် တစ်စီးလျင် ခေါက်ရေ တကြိမ် အတွက်-

၁။ စ.ရ.ဖ ကို (၁) သိန်းခွဲ၊

၂။ ခ.မ.ရ- (၅၄၄) တပ်ရင်းမှူးကို (၁) သိန်းခွဲ။

၃။ တောင်ကုတ်မြို့နယ် သစ်တော ဦးစီးကို (၁) သိန်းခွဲ။

၎။ (G-1) ကို (၂) သိန်း။

၅။ မ.ယ.က ဥက္ကဌကို (၁) သိန်းခွဲ။

၆။ တောင်ကုတ် မြို့နယ် ရဲမှူးကို (၁) သိန်းခွဲ။

၇။ တောင်ကုတ်မြို့နယ် စခန်းမှူးကို (၁) သိန်းခွဲ။

၈။ (SB) ကို (၁) သိန်းခွဲ။

၉။ မူးယစ်ကို (၁) သိန်းခွဲ။

၁၀။ သံတွဲခရိုင် ဒုစရိုက် နှိမ်နင်းရေး (ဒန) ကို (၁) သိန်းခွဲ။

၁၁။ နေပြည်တော် သစ်တော အထူးက ဗိုလ်ကြီး အောင်ကျော်ထွန်းကို (၁) သိန်းခွဲ စီပေးရသည်။

ပဲခူးတိုင်းတွင်လည်း သစ် တစ်တန်ကို အနည်းဆုံး (၁၀) သိန်းခန့် အခွန် အကောက် ပေးဆောင် ခဲ့ရသေးသည်။ ဤမျှ အခွန်အတုပ် ကြီးမား လှသော်လည်း မြန်မာပြည်မှာ ကျွန်း တစ်တန်လျင် (၂) သိန်းကျော်ကို မလေးရှား နိုင်ငံတွင် မြန်မာငွေ သိန်း အဆပေါင်း များစွာ ရောင်းရကြောင်း သစ်မှောင်ခို ဂိုဏ်းသားများက ဆိုသည်။ သစ် မှောင်ခိုများထံမှ ရငွေများကို ဌာနဆိုင်ရာ အဆင့်ဆင့် ထပ်မံ ပေးရသည် ဟုလည်း အစိုးရ ၀န်ထမ်းများက ဆိုကြ ပြန်သည်။ မည်သို့ဆိုစေ မြန်မာ တစ်မျိုး သားလုံး၏ အဖိုးတန် သစ်ပင်ကြီးများ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့တွင် လုံးဝ ပျောက်ကွယ် ခဲ့ရပြီး၊ အုံ့ဆိုင်း မှိုင်းညို့သည့် သစ်တော ကြီးများမှာကား လွင်တီး လွင်ခေါင် ဖြစ်နေကြရသည်မှာ ပြည်သူများ မျက်မြင်ဒိဌိ တွေ့မြင် နေကြရပေပြီ။

သစ်သမားတို့၏ အကြမ်းဖက်မှုများ

သစ် မှောင်ခိုဂိုဏ်း ရှိသကဲ့သို့ သစ် ခိုးဂိုဏ်းများလည်း ရှိပေသည်။ ပြည်ပသို့ ခိုးထုတ်ရန် စုပုံထားသော သစ်များကို လူစု လူဝေးဖြင့် ခိုးယူကာ ပြန်လည် ရောင်းချသည့် သစ်လုပ်သူများ ဖြစ်သည်။ လွန်ခဲ့သည့် (၂၀၀၉)၊ နိုဝင်ဘာလ (၂၇)၊ (၂၈) ရက်နေ့ များတွင် တန်းလွဲ ရွာမကျေးရွာ၊ မော်လှမော်အနီး ချောင်းထဲ၌ သစ်ခိုးသူ (၇) ဦး သတ်ဖြတ် ခံရပြီး၊ ရေထဲ၌ မျောပါ နေသည်ကို ဒေသခံများ တွေ့ရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြ သလို၊ မည်သူမျှ မတိုင်တန်းဝံ့ဘဲ ပုပ်ပွ အရည်ပျော်လျက် နစ်မြုပ် ခဲ့ရသည်။ ဤသို့ သစ်ခိုးသူများကို သတ်ဖြတ်ပြီး အလောင်း ဖျောက်နေကြသည်မှာ မကြာခဏ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များပင်လျှင် သတ်ဖြတ်ရာ၌ ပါဝင် ကြကြောင်း ဒေသခံ တချို့က ယူဆ နေကြသည်။

(၁-၁၁-၂၀၀၉) နေ့၊ မအီမြို့နယ် ဇနီရွာအနီး၌ လူ (၁၁) ဦး ဒဏ်ရာ ပြင်းစွာရစေခဲ့သော ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူ ဦးမြင့်လွင်သည် သစ်မှောင်ခိုတစ်ဦးဖြစ်သလို မှောင်ခိုရာဇာ ကျောက်တောင်၏ တပည့် တစ်ဦးလည်းဖြစ်သည်။ အခန့် မသင့်၍ မှောင်ခို စက်လှေအား တပ်မတော် (ရေ) မှ ပစ်ခတ်လာ လျှင်ဖြစ်စေ၊ ဓားပြများက အနိုင်ကျင့်လျှင်ဖြစ်စေ ပြန်လည် တုန့်ပြန် ပစ်ခတ်ရန် ဘင်္ဂလားဒေ့(ခ်ျ) နိုင်ငံနှင့် ပီနံတို့မှ ၀ယ်ယူ စုဆောင်းထားကြခြင်း ဖြစ်သည်။ စင်စစ် လက်နက်ကိုင် သစ် မှောင်ခိုများ အပေါ် ဒေသ အာဏာပိုင်များပင် ကြောက်လန့် နေကြရသည် ဆိုလျှင် မှားနိုင်မည်ဟု မထင်ပေ။ ငွေယူမလား၊ ကျည်ဆန်ယူမလား ကြိုက်ရာ ရွေးနေရသည်မှာ အာဏာပိုင်များ ကိုယ်တိုင် ဖြစ်နေရပေပြီ။

သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ရာများ

သစ်တောများ ပျောက်ကွယ် ခြင်းကြောင့် ကမ္ဘာကြီး ပူနွေး လာကာ ရာသီဥတု ဖောက်လွှဲ ဖောက်ပြန် ဖြစ်မှုကို ဒေသခံများ နေ့စဉ် ခံစား နေကြရသည်။ အထူးသဖြင့် သောက်သုံးရေ ရှားပါးမှု ဒဏ်ကို ခံစား နေကြရသည်။ ယခင် နှစ်များ အတွင်းက သောက်သုံးရေ အလျှံပယ် ရရှိနေခဲ့သော ကျေးရွာများတွင် ယခုအခါ မတ်လ မတိုင်မီ ကာလမှ စ၍ သောက်ရေ လုံးဝ ပြတ်တောက်ခဲ့ရသည်။ သာဓကအားဖြင့် မအီမြို့နယ် သွီးကျောက်၊ ငရုပ်တောင်၊ ပေါက်အင်း၊ ကံ့ကူ၊ ချိုင့်ကြီး စသည့် ကျေးရွာ များတွင် ဤကာလအတွင်း သောက်သုံးရေ လုံးဝ ပြတ်လပ် နေကြရပြီး၊ ပဒါ၊ ဆားပြင် စသည့် ကျေးရွာများတွင်လည်း မကြုံစဖူး ရေရှားပါးမှု ဒဏ်ကို ဒေသခံများ ဆိုးဝါးစွာ ခံစား နေကြရသည်။

ပေါက်အင်း ကျေးရွာ၌မူ ရေ ပြတ်တောက်မှုကြောင့် ကျွဲ၊ နွား (၁၅) ကောင် ထက်မနည်း ဆုံးပါးခဲ့ရသလို၊ ဒေသရှိ ခိုင်းနွားများမှာလည်း ရေဓာတ် ဆုံးရှုံးသည့် ရောဂါနှိပ်စက်မှု ဒဏ်ကို မတ်လမှစ၍ ခံစားခဲ့ကြရသည်။ ပြင်းထန်လှသည့် အပူချိန်နှင့် အတူ ဂျပန် တုပ်ကွေး အမည်ရှိ တုပ်ကွေးတမျိုး ကူးစက်မှုကိုလည်း ရခိုင်ပြည်နယ် ဒေသတ၀ှမ်းရှိ မြို့နယ်အများစု ဒေသခံပြည်သူများ ခါးသီးစွာ ခံစားနေကြရသည်။ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ တောင်ကုတ် မြို့နယ်များသည် ဤရောဂါ ထိုးဖောက် နှိပ်စက်မှု အဆိုးဝါးဆုံး ခံစားခဲ့ရသည်။

သစ်တော ပြုန်းတီးမှုကြောင့် အပူလွန်ကဲကာ မြေဆီ သြဇာ ဆုတ်ယုတ် ပျက်စီးပြီး စပါးအထွက်နှုန်း ကျဆင်းနေသလို ငရုတ်၊ ခရမ်း၊ ပဲ၊ ပြောင်း စသည့် ကောက်ပဲသီးနှံများလည်း ဖြစ်ထွန်းမှု မရှိတော့သဖြင့် ဒေသခံများ ဆင်းရဲ ကျပ်တည်းမှုနှင့် ရင်ဆိုင် နေကြရသည်။

ဤသည်တို့မှာ သစ်မှောင်ခို လုပ်ငန်း၏ နောက်ဆက်တွဲ အကျိုးဆက် မြောက်များစွာတို့ အနက်က အနည်းငယ်မျှသော သာဓကများပင် ဖြစ်သည်။

သို့ကလို ယခင်က စိမ်းလန်း သစ်တောကြီးများ လွှမ်းခြုံထားပြီး သဘာဝ အလှတရားများဖြင့် ထင်ရှားလှသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ မသမာသူ ကိုယ်ကျိုးရှာ လူနည်းစု အတ္တသမားများကြောင့် လွင်တီးခေါင် သဲကန္တာရ တစ်ခုပမာ ဖြစ်ခဲ့ရ လေပြီ။ တရားဥပဒေ စိုးမိုးမှု မရှိသည့် အပြင် အပူချိန် ပြင်းထန်မှုကြောင့် ရောဂါဘယ ထူပြောခြင်း၊ ဆင်းရဲ မွဲတေမှု၊ ငတ်မွတ် ခေါင်းပါးမှုတို့၏ နှိပ်စက်ကလူ ပြုမူတို့ကိုလည်း နေ့စဉ်ဓူဝ ခံစားနေကြရ ပေပြီ။ မဝေးလှသည့် အနာဂတ် ကာလတွင် ရခိုင်ပြည်နယ် သာမက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သစ်တော ပြုန်းတီးမှု၏ ဆုလာဘ် အဖြစ် သဘာဝက ပေးမည့် ပြစ်ဒဏ်ကို အဆိုးဝါးဆုံး ခံစားကြရတော့မည်။ သဲကန္တာရ အဖြစ်မှသည် ငရဲဘုံ အဖြစ် ကြုံလာရ တော့မည်မှာ မြေကြီး လက်ခတ် မလွဲပေ။

သို့ပါသောကြောင့် နိုင်ငံနှင့် လူမျိုးအပေါ် ချစ်ခင် မြတ်နိုးသူတိုင်း သစ်မှောင်ခိုများနှင့် အကျင့်ပျက် ခြစားနေကြသော အာဏာပိုင်များကို နည်းမျိုးစုံနှင့် ဖယ်ရှားပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သေရေး ရှင်ရေးတမျှ အရေးတကြီး ဆောင် ရွက်ရန် အထူးလိုအပ်နေပြီ ဖြစ်ပါကြောင်း။ ။

ခိုင်မင်းစံ (ဒွါရာဝတီ) http://arakanreview.net/?p=669

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */