“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, October 31, 2010

ဘယ်သူပြောလဲ …တတောလုံးကြွေ



ကမ္ဘာ့သမိုင်း
မြန်မာ့ သမိုင်း
ခွဲခြမ်းစိတ်ဖြာ အပိုင်းပိုင်းဆစ်
သူရဲကောင်းတို့ ရဲ့ 
တိုင်းချစ်ပြည်ချစ်စိတ်ကို တွေ့ ရမယ်။

မြန်မာသမိုင်းမှာရော
ကမ္ဘာ့သမိုင်းမှာပါ မရှိတဲ့အရာ
ဟောဒီ ဒွန္နရာကြီးထဲမှာဗျာ
ကျောင်းသားတပ်မတော်ဆိုတာ
ကျနော်တို့  တိုင်းပြည် တခုထဲသာ
ရှိခဲ့တာ မဟုတ်လား ။
တပ်ဦးရဲ့ ယုံကြည်ချက် သံမဏိဓါးသွား
ခေတ်တွေကို ပိုင်းဖြတ်သွားတဲ့အခါ
ခွပ်ဒေါင်းရဲ့ ဟန် ခွပ်ဒေါင်းရဲ့ မာန်
ခွပ်ဒေါင်းရဲ့ အသံ
အာဏာရှင်စနစ်ကို မြေလှန်ပြစ်မယ့်
လူထုရဲ့  တိုက်ပွဲခေါ်သံနဲ့ ထပ်တူထပ်မျှသာပ။

ခုခံစစ်
တော်လှန်စစ်
နှစ်ဆယ့်နှစ်နှစ် ဆိုတဲ့ ခရီးလမ်းမှာ
ကိုယ်ကျိုးမဖက် ပြည်သူလူထုအတွက်သာ
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ငါတို့ မြင်သည်
ပြည်ချစ်သားကောင်း သူရဲကောင်းတို့ 
ဓါးတောင်ကိုကျော် မီးပင်လယ်ဖြတ်
တပ်ဦးရဲ မြင့်မြတ်တဲ့ အလံတော်ကို
အမြင့်ဆုံးလွှင့်ထူထားခဲ့ကြပြီ ။


အာဏာရှင်စနစ် မုချကျဆုံးရမည်။


(နှစ်ဆယ့်နှစ်နှစ်ပြည့် တပ်ဦးမွေးနေ့ သို့  အလေးပြုလျက်)
ရဲရင့်သက်ဇွဲ
၂၉ အောက်တိုဘာ ၂၀၁၀

အပြည့်အစုံသတင်းဖတ်ရန်....

ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 

ကဗျာ ရဲရင့်သက်ဇွဲ

၁။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။
၂။
ဓါးသွားထက်က ပျားရည်စက်များ
သူခိုးလက် ဓါးရိုးကမ်းသူများရဲ့ 
မိတ်ဆွေ ..
အကောင်းမြင်ဝါဒ ထားကြည့်စမ်းပါ
အရှက်တရား ကင်းတဲ့စကား
စစ်ကျွန်အဖြစ် နွံနစ်ခံကြမယ့်သူများ
အလုအယက် တိုးဝှေ့ 
ဗမာပြည်ပျက်မယ့် နေ့ ဆီ တရွေ့ ရွေ့  ။
၃။
ဘယ်လိုမျိုး တံဆိပ်တွေကပ်ကြပါစေ
ကောက်ကျစ်တဲ့ ယုတ်မာတဲ့
အုပ်စုဖွဲ့  ကိုက်ဖြတ် မှုတွေ
နိုဝင်ဘာ ခုနှစ်ရက် နေ့ နဲ့ အတူ
ပျောက်ကွယ် ပျက်သုဉ်း လူဖြစ်ရှုံးစေရမယ်
ပြည်သူ့ ရဲ့  ဒဏ် အကြိမ်ကြိမ်အဖန်ဖန်ခံရတော့မယ် ။
၎။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။
ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၂၀၁၀

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 23, 2010

မြို့တော်ဟောင်းက ဇာတ်လမ်းသစ်

     ကိုကျော်သူရဲ့ facebook http://www.facebook.com/home.php?#!/note.php?note_id=429494157913  မှာ  လောကကြီးက မတရားဘူး ဆိုတဲ့  စာနဲ့တကွ ဓါတ်ပုံတွေပါဖေါ်ပြထားတဲ့ ခံစားချက် စာတိုလေးကို ဖတ်မိတော့ ဒီအဖြစ်အပျက်ဟာ ဟိုးတုန်းက အဖြစ်အပျက်တခု အပေါ်ပဲ ကိုကျော်သူ ကောက်ကြောင်းဆွဲတာလား။ လတ်တလောဖြစ်တာများလားလို့  တွေးမိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဟိုး လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် မတ်လလောက်မှာ ကျနော် ကြားမိတဲ့ (အလားတူ) အဖြစ်အပျက် လေးကို ကဗျာရေးခဲ့ဖူးတာမို့ပါ။
(www.burmatoday.net မှာ ဖေါ်ပြခဲ့ဖူးပါတယ်။ ) တိုက်ဆိုင်မှုလား၊ အလားတူ အဖြစ်မျိုးလားတော့ မသိပါဘူး။ ကိုယ်ချင်းစာ ခံစားမိပြီး ကျနော်ရေးဖွဲ့မိခဲ့တာလေး ပြန်တင်ပြလိုက်ပါရစေ။ ခံစားချက်နဲ့ တွေးစရာတွေပေးတဲ့ ကိုကျော်သူကို ကျေးဇူးတင်ပါတယ်။
(ကဗျာနာမည်မှာ မြို့တော်ဟောင်းလို့ သုံးထားတာက အဲဒီအချိန်မှာ နေပြည်တော်မြို့တော်သစ် အကြောင်းတွေ ခေတ်စားနေတဲ့အချိန် မြို့တော်ဟောင်း ရန်ကုန်တ၀ိုက်က အဖြစ်အပျက်မို့ပါ)
(ပူးတွဲပါ ဓါတ်ပုံများဟာ ကိုကျော်သူ့ဖေ့ဘွတ်က ဖြစ်ပါတယ်)

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 18, 2010

မျော်လင့်ခြင်း

ဆန္ဒနဲ့ဘ၀ တထပ်တည်းကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို ထောင်မျှော်နေတာပါ။

ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာ အောင်ပွဲမှပြကြေးကိုး။

ဓါတ်စာအမျိုးမျိုးကို
အိပ်ယာထဲက ပူစာနေတဲ့လူမမာနဲ့ တူနေပြီမှန်းလဲ သိပါရဲ့။

အမေခွံ့ကျွေးသမျှ
(တကျိကျိ အော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။

လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ်
မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမယ့် မနက်တွေမှာ
နင်က အိပ်မောကျကာစ။

“နှင်း” သီချင်းထဲကလိုပေါ့
“အခုတော့ ပင်လယ်ပဲရှိတယ်” ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။

တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်
မျောက်ကလေးတွေ သန်းရှာနေတဲ့အရုပ်လဲပါ။

မင်းကိုနိုင်

အောက်တိုဘာလ ၁၈ ရက်နေ့(တနလာင်္) မှာ ကျရောက်မယ့် ကိုမင်းကိုနိုင် အသက် ၄၈နှစ်မြောက်မွေးနေ့ကို သူ့ကဗျာလေးနဲ့ဘဲ ဂုဏ်ပြုလိုက်ပါတယ်၊

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, July 11, 2010

ဇူလိုင် ဆယ့်ကိုး တပ်လှန့် နိုးသည်

ဇူလိုင် ဆယ့်ကိုး တပ်လှန့် နိုးသည်
ဒို့မျိုး စဉ်ဆက် တိုင်သနည်း။

ဆယ့်ကိုး ဇူလိုင် မမေ့နိုင်တည့်
မိုးရက်မိုးခါ ဖြစ်နေပါလည်း
ရှုသာ မြက်ခင်း နံနက်ခင်းနှင့်
ယင်းသည့် စနေ ဂြိုလ်ဆိုး မွှေခဲ့။

တွင်းဝန် ရုံးဆီ ဆယ်နာရီနှင့်
စွန်းသည် ဟိုဘက် နာရီဝက်တွင်
ပြည်တွက် ရေးရာ များဝန်တာကို
ဖြာဖြာ တနည်း ခေါင်းဆောင်ကြီးတို့
စုစည်း တထွေ ဆွေးနွေး နေစဉ်

ဂျစ်ကားစိမ်းမှ ဆင်းသက် ကြပြီး
လက်မှ တော်မီ စတင်းချီလျှက်
တပ်မည် နံပါတ် ဆယ့်နှစ် မှတ်သည့်
စစ်တပ် ၀တ်စုံ အရေခြုံတို့
စုပြုံ တက်သွား မိနစ် ခြားဝယ်

နားကွဲ မတတ် ဒလစပ်လျှင်
ပစ်ခတ် ဆူညံ သေနတ် သံတို့
မိုးယံ ထိုးဖောက် လေ၀ယ် နှောက်သည်
ထက်အောက် ၀န်းကျင် တုန်သနည်း ။

ကျည်ပွင့် သံလည်း
မိုးယံကိုဖွင့် လေ၀ယ် လွင့်သည်
ယမ်းပွင့် ယမ်းခိုး ဝေသတည်း ။

ဗိုလ်ချုပ် အောင်ဆန်း ပြည့်ချစ် ပန်းနှင့်
ခေါင်နန်း စာဆို ဦးဘချိုပြင်
ကြည်ညို ဆပွား ဒို့အားထားသည့်
စော်ဘွား မိုင်းပွန် လူရည်ချွန်လှ
သခင်မြနှင့်
တကွ တူပြိုင် မန်းဘခိုင် ၊
ကြိုင်လှိုင် သတင်း ဦးဘ၀င်း
ပျံ့သင်း ဂုဏ်ဒြပ် ဦးရာဇတ်တို့
ပစ်သတ် ခံရ ဆောင်ခန်းမ၀ယ်
လဲကျ သေဆုံး သွေးနီ ဖုံးသည် -------
ဆုံရှုံးခဲ့ရလေပြီတကား ။

ဤသတင်းလျှင်
ချက်ခြင်း ပျံ့သွား ပြည်သူ့ နားသို့
သိကြား မကြာ ပြည်လုံး မှာလည်း
သည်းညှာ ပျက်ပြုန်း ကြိမ်မီး အုံးသို့
ယူကျုံး မရ မျက်ရည် ကျခဲ့---------- ၊
တသ နှမြော အသေစောဟု
သောက လှိုက်ဖို ရှိုက်ငင် ငိုမိ
ရက်ကို လစား ချိန်တွေများသည်
ခြောက်ဆယ့် သုံးနှစ် တိုင်ခဲ့ပြီ။

ပြည်သူ့ လွတ်လပ်ရေး အသက်ပေး၍
စတေး ခံသွား ခေါင်းဆောင်များ အတွက်
ဒို့ကား တဖန် ဆောင်ရွက် ရန်ကား
မိမြန် အတွက် စွမ်းသည့် ဘက်မှ
ဆထက် ကြိုးကုတ် အားမာန် ထုတ်၍
ဗိုလ်ချုပ် ချမှတ် လမ်းစဉ် မြတ်ကို
ကျင့်အပ် လိုက်နာ သွားရန်သာတည်း ။

ဆယ့်ကိုး ဇူလိုင် မမေ့နိုင်သည်

ဇူလိုင် ဆယ့်ကိုး တပ်လန့် နိုးသည် --------၊
ဒို့မျိုး စဉ်ဆက် တိုင်သတည်း ။

ထွဏ်းနေနွယ်

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, July 06, 2010

➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း အချို့ရဲ့ ရင်တွင်း ခံစားမှု တချို့ ... ➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။

★ ခံစားမှု (၁)။★

ကျောင်းတော် ခရီး
လမ်းမကြီး၌
သွေးစီး ပွက်ပွက်
ခုနစ်ရက်နေ့
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင် အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ ကောင်းရာ လားစေသော်ဝ်။


★ခံစားမှု (၂)။★

လက်သီး ဆုပ်လျက် ၊ ကြွေးကြော် တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသား လူရွယ် ရဲဘက်များ ...
နီရဲ ပူနွေး သတ္တိ သွေးကား
စွန်းထင်း ကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီ တကား
သြော် ....
သမိုင်း စာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့သွေး ကွက်မူ
အသူဖျက်၍ ရအံ့နည်း။


★ခံစားမှု (၃)။★

သူရူးမ တစ်ယောက်
သားပျောက် ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်း ဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။


★ခံစားမှု (၄)။★

ငါ့ရင်ဝတွင် ကျည်ဆံ ၀င်၍
သွေးရှင် လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်း ငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင် ဆန္ဒ မရမချင်း
အားမာန် တင်း၍
လက်ငင်း တိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း များကနေ ခံစားရေးဖွဲ့ခဲ့ကြမှု များထဲမှ အချို့အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 29, 2010

သိက္ခာ

ကျက်သရေ မရှိတဲ့ မိစ္ဆာ
လူ့ ပြည်ကမကြာမှီ ထွက်ခွာပါတော့မယ်။

သိက္ခာမရှိတဲ့  ငမိုက်သား
လူ့ပြည်မှာ အလကားနေခဲ့ ။

သံဃာတွေရဲ့ အဇာတဿ
မိုက်မဲတဲ့ နာမည်နဲ့ သေသွားမယ့်သူ။

ဂူဂါလ်(Google) မှာရိုက်ကြည့်မလား
ရာဟူး(Yahoo search)မှာဘဲရှာရှာ
ကမ္ဘာ့ အာဏာရှင်စာရင်းထဲက
Black list အမဲရောင်မှောင်တဲ့ 
ဂုဏ်ရောင်မပြောင် စာရင်း အသွင်းခံထားရတဲ့ သတ္တ၀ါ
ကျုပ်သာဆို လဲသေသွားပြီ
သိက္ခာက တပြားမရှိတော့ဘဲလေ။



ဖိနပ်စောင့် နေတဲ့ အပြုံး

(ဒေါင်းတမာန်)

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 15, 2010

ကြယ်တွေ ပြိုင်တူလင်းဖို့ လိုတယ်

ကဗျာဆရာကိုကောင်းကင်ကိုရဲ့ ကဗျာစာအုပ်ထုတ်တယ်ဆိုလို့ ကျွန်တော်မှာယူဖြစ်ပါတယ်။ ကျွန်တော် ကိုကောင်းကင်ကိုရဲ့ ပရိတ်သတ်ပါ၊ ကျွန်တော် စာအုပ်ကိုမြန်နိုးလို့  စာအုပ်ရရှိခဲ့ တာ ၂လကျော်ပေမယ့် နှစ်ပုဒ်ဘဲ ဖတ်ဖြစ်သေးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပထမ တပုဒ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာပါ ဖတ်ပြီးတာနဲ့  နောက်တပုဒ် ဆက်မဖတ်ချင်တော့ပါဘူး။ အနှစ်သာရသိပ်ကောင်းလို့  နောက်တပုဒ်ကို တလကြာပြီးမှ ဖတ်ဖြစ်ပါတယ် ဒီနေ့ ပါဘဲ စနေနေ့ ဆိုတော့ ကျွန်တော် အလုပ်နားရင်း လုပ်စရာရှိတာပြီးအောင် လုပ်ပြီး ခဏ အနားယူဖို့ စဉ်းစားတော့ ဒီကဗျာစာအုပ်ကို ရုတ်တရက်စာအုပ်စင်မှာ တွေ့ လိုက်တာမို့  ဖတ်ဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ ဒီကဗျာကို အင်တာနက်စာမျက်နှာမှာ ရှာယူလို့ ရနိုင်မယ်လို့  ထင်ပါတယ် ကျွန်တော်ရှာပေမယ့်  တပိုင်းတစသာတွေ့ တာမို့  ကို ကောင်းကင်ကိုရဲ့ စေတနာ ကိုကောင်းကင်ကိုရဲ့ ပြည်သူလူထုအပေါ်ထားတဲ့  မျော်လင့်ချက် တွေ ကို ပိုသိအောင် ဒီနေရာကနေ တဆင့် ကျွန်တော် လက်ဆင့်ကမ်းလိုက်ပါတယ်။ ခင်မင်စွာဖြင့်
ဒေါင်းတမာန်
(မှတ်ချက်-ဒီကဗျာဟာ ၂၀၁၀ လိမ်လည်ရွေးကောက်ပွဲနဲ့ ဆက်နွယ်နေတာမို့  မီးမှောင်းထိုး ကဗျာအနေနဲ့  တင်ပြလိုက်ရခြင်းပါ)


ကြယ်တွေ ပြိုင်တူလင်းဖို့ လိုတယ်


သုညတလုံးဟာ
ရှေ့ မှာမနေသင့်ဘူး

မင်းတို့ နေရာပျောက်မှာ ကြောက်တာနဲ့ 
ခမ်းမတခုလုံးဖျောက်ထားရသလား။

မိုးကြိုးလျပ်စီးရယ်
မင်း..ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်းခဏဘဲ လင်းမှာပါ
လမင်းတော့ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓါတ်တွေနဲ့ တော့
ဘယ်ကိုမှာရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ့်လမ်းဟာ
ကြမ်းတော့ကြမ်းလိမ့်မယ်။

ရှေ့ မှာလည်း
တစ္ဆေတကောင်
သေနတ်ကိုင်ပြီးစောင့်နေတယ်။

တစ္ဆေမကြောက်သင့်တဲ့ အချိန်မှာတော့
ငါတို့ မျက်လုံးတွေ ကန်းသင့်ရင်ကန်း ထားရလိမ့်မယ်။

ပြီးတော့
တောက်ပတဲ့မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုဘဲတည့်တည့်ကြည့်ပြီး
ရဲရဲဝံ့ဝံ့ လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကဗျာဆရာ- ကောင်းကင်ကို

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 13, 2010

ချစ်သော သမီးသို့  မွေးနေ့ လက်ဆောင်

သင်္ကြန် မိုးပြေးနဲ့ အတူ..
ပိတောက်ဝါပွင့်တွေ နဲ့ အတူ
လူ့ ဘ၀ထဲ ရောက်ခဲ့တဲ့ သမီး..
ခုဆို..တော်တော် ကြီးလောက်ပြီ..

ဒီ အချိန်ဆို..
သမီး..ရေကစား..
သင်္ကြန် မှာပျော်နေမလား..

ဆွေမျိုးညာတိ ပေါင်းဖော်ကြား
ပျော်ရွှင်.မွေးနေ့ ပွဲ နွှဲနေတော့မလား

လက်ဖ၀ါးသေးသေးကလေး အုပ်စုံမိုး..
သြကာသ ရှစ်ခိုး ဦးခိုက်နေမလား..

တစက်စက်ကျနေတဲ့ ရေစက်ခွက်..
သမီး လက်နဲ့ ကိုယ်တိုင် ချနေမလား..

အဖေနဲ့ အမေကို ရည်စူး.
အသံစူးစူးလေး နဲ့ အမျှဝေနေမလား..

အမေတူ မျက်လုံးလေးတွေနဲ့ 
ဆံသွယ်လေးတွေ ခွေနွဲ့ ..
အပြစ်စင် အပြုံး..
ဖြူစင်ဆုံး နှလုံးသား.နဲ့ သမီးရယ်.
မြန်မာ..အမှောင်ထဲ ကျနေခိုက်
စိတ်နှလုံးသား ညစ်ပတ်မပေစေပါနဲ့ 
မျိုးရိုးမိဘ၏ ဂုဏ်သိက္ခာ သမီး စောင့်ရှောက်ပေးပါ။

မွေးနေ့ မှာ
အဖေ အမေဆီက လက်ဆောင်မပါလို့ 
နှူတ်ခမ်းစူ..ခြေဆောင့် စိတ်မကောက်လေနဲ့သမီး…

အဖေ ပေးတဲ့ ဥာဏ်ပညာ ဦးနှောက်လက်ဆောင်
သမီး အာရုံ ငါးပါးမှာ လွှမ်းခြုံ လက်နက်..
အမှားနဲ့  အမှန် ပိုင်းဖြတ်ရဲတဲ့ ယုံကြည်ချက်

အမေပေးတဲ့ သတ္တိ သွေးလက်ဆောင်
သမီး နှလုံးသားမှာ နီရဲစွာစီးဆင်းလျှက်..
မတရား အမိန့် အာဏာ ခေါင်းငုံမခံမဲ့  ဆုံးဖြတ်ချက်

ဘ၀များ စတေးထားတဲ့အဖေ နဲ့အမေ..
သမီးအတွက် စိတ်အင်အားကလွဲ..
မှတပါး ပေးစရာမရှိ..နတ္တိမွဲ..

ညညတိုင်းဆို.. အဖေ..
သမီးအတွက် အိပ်ယာဝင်ပုံပြင်တွေ..
ပြောပြောနေမိတယ်..
သမီးရယ် လေပြေတွေထဲမှာ ကြားပါ…

ဟိုးရှေးရှေးက ဗိုလ်ချူပ် အောင်ဆန်း ဆိုတဲ့သူမှာ..
အောင်ဆန်းစုကြည် ဆိုသူ သမီးလေးရှိတယ်..
သူက အဖေ့ ခြေရာနင်းတယ်..

ဟိုးရှေးရှေးက ကိုဂျင်မီ..ဆိုတဲ့သူမှာ..
ဖြူနေခြည်မင်းယု ဆိုသူ သမီးလေးရှိတယ်..
သူလည်းလေ အဖေ့ ခြေရာနင်းမဲ့သမီးလေးပါ..

အဖေ့ မျက်နှာကို သမီး မမှတ်မိပေမဲ့ 
အဖေ့ ရဲဂုဏ်သိက္ခာ.သမီးအမှတ်ရပါ။
သမီးအနားမှာ အမေ မနေနိုင်ပေမဲ့ 
အမေ့ ရဲ မေတ္တာကို.သမီး သတိရပါ။

တနေ့ နေ့ ပြန်တွေ့ မှာ အသေအချာသမီး..
မျှော်လင့်ချက် အပြည့်နဲ့  သမီးယုံကြည်
သုံးတိုင်သော မွေးနေ့  ကိတ်ပေါ်က ဖယောင်းတိုင်..
လေမှုတ်ငြိမ်းကာ..ဆုတောင်းပေါ့..
“ အဖေ အမေနဲ့ သမီး အမြန်ပြန်နေပါရစေတော့ ”

မသဒ္ဓါ ( ၄။၁၂။ ၂၀၁၀)

ဖေဖေ ဦးဂျင်မီ ( ဦးကျော်မင်းယု ကိုယ်စား ) သမီးလေးငယ် ဖြူနေခြည် မင်းယု ၏ ဧပြီ ၁၂ ရက်တွင် ကျရောက်သော (၃ ) နှစ်ပြည့် မွေးနေ့ အတွက် မွေးနေ့ လက်ဆောင်..

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 12, 2010

ကာရန်ရှိသော ရသ


၂၂ နှစ်ထဲရောက်ခဲ့ပြီ
ခံစားရတာတွေက
လမ်းမထက် မြစ်တွေအတိုင်း
သမုဒ္ဒရာထဲက ရေစက်များလို
ယုံကြည်ခဲ့မိ
အပြာရောင်ငှက်တကောင်နဲ့
မီးတောင်တွေ ငြိမ်းသတ်ခဲ့ရ။

လှိုင်းပုတ်……လေပုတ်
မုန်တိုင်းအလင်္ကာထဲ ကူးခတ်ရင်း
မိုးကြိုးတံတိုင်းတွေကို ကာရံညှိကာ
မွေးရာပါ သံဓိဋ္ဌာန်နဲ့
ငရဲဆူးတောထဲက….. ပန်းတပွင့်

အဲ့ဒါ ……
ဗေဒါပန်း။

လင်းထိုက် (ကိုရီးယား)

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 01, 2010

တို့  ဗမာပြည်


မြတ်ဗုဒ္ဓ သာသန ဌာနေ
ဒီမြေ …..ဒီလေ
ဒီရေသောက်
ဒီလောက်အောက်တန်းကျတဲ့ 
အုပ်ချုပ်သူ သူတန်းစားတွေ
ပေါများ ထွန်းကားရာမြေ
ဒါ……တို့  ဗမာပြည်။

မြတ်ဗုဒ္ဓရဲ့ အမှာစကား
ခန္တီစ သီးခံခြင်းတရား
ပြည်သူအများမှာ
မှားသူတွေကို သီးခံနေရ
သူခိုး ဓားရိုးကမ်းပေးနေကြရသလို
အားကိုးအားထားရာ အုပ်ချုပ်သူမဲ့ တဲ့  မြေ
ဒါ…..တို့  ဗမာပြည်။

မြတ်ဗုဒ္ဓညွှန်းပြခဲ့ တဲ့  နိဗ္ဗာန်လမ်း
အတ္တတွေမခမ်းနိုင်ဘဲ
ကန်း ချင်တိုင်း ကန်းနေကြတဲ့ 
အုပ်ချုပ်သူ အမည်ခံမိစ္ဆာများ
သိက္ခာတရားလည်းမရှိ လူထုအား
အကြောက်တရားနဲ့  အုပ်ချုပ်
မင်းယုတ် မင်းပျက် ထွန်းကားရာ မြေ
ဒါ…. တို့ ဗမာပြည်။

မြတ်ဗုဒ္ဓရဲ့  သာသနာတော်
ဗမာ့မြေပေါ်မှာ တစတစ ကွယ်ပျောက်
သံဃာတော်တွေလည်း ဆွမ်းမလောက်တော့
ဗမာပြည် ဒီအတိုင်းသာ ဆက်လျှောက်
နောက် အနှစ် နှစ်ဆ ထပ်ပေါင်းရင်
ဗျောက်သောက် သာသနာ ထွန်းကားတော့မယ့် မြေ
ဒါ….. တို့ ဗမာပြည်။

အို အ၇ှင်ဗုဒ္ဓမြတ်
အနတ္တသာ တည်မြဲတဲ့ 
ဒီဘ၀ဘုံ ကမ်းကုန်အောင်မိုက်နေသူများ
အရှင်ဘုရားရဲ့ တရားက
ဆင်ခြင်တုံ မှိုင်းမိ ဒီ ငမိုက် အတိတွေ
မရှင်း မလင်းနိုင်ဖြစ်ခဲ့တာလည်းဖြစ်မှာ
ငါသာ အာဏာရှင်
ငါရှင်ဖို့ အတွက် သံဃာနဲ့  ပြည်သူတွေ စတေးရမယ်ဆိုရင်တောင်
ငါ့ရဲ့ လက်ညိုးတော်စက် အာဏာသက်တည်
ဒီလို အာဏာနဲ့  ရက်စက်တဲ့ မြေ
ဒါ….ဒါ တို့ ဗမာပြည် ပါ။
ဒေါင်းတမာန် (ခေတ္တ လူ့ ပြည်)


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, February 24, 2010

သဘာဝကျကျ တွန်းလှန်ခြင်း

ဘယ်နေရာမဆို…သဘာဝ…
သဘာဝကျရတယ်.

သဘာဝအရမွေးဖွား..အရာရာတိုင်းမှာ…
အသက် ရှင်နိုင်စွမ်းအား..
မျိုးဆက်ဖြန့် စွမ်းအား..
အခက်အခဲကျော်ဖြတ်အား..
စွမ်းရည်ဆိုတာ..ရှိနှင့်ပြီးသား…
အအေးကို ကျော်ဖြတ်ရန် အပူရှိတယ်…
အပူကို သတ်ရန်..အအေးရှိတယ်.။

သဘာဝရဲ့ အနိုင် နဲ့ အရှုံး..
သေးငယ်သောမှိုကိုစား ဘက်တီးရီးယားရှိတယ်.
ဘက်တီးရီးယားကို ချေမှုန်း..ပင်နီစလင်လို မှိုမျိုးရှိတယ်။
ကျားက တောဝက် ကိုလိုက်ရန် သန်မာသောခွန်အားရှိတယ်..
တောဝက်က ကျားကိုပက်ရန် ချွန်မြသောအစွယ်ရှိတယ်။
လေထန်ကုန်းသစ်ပင် သစ်ခေါက်ထူလာမယ်။
ကမ်းနားသစ်ပင်...အမြစ်ကုတ်အားကောင်းတယ်။
သဲကန္တာရဆူးရစ်ပင်မှာ ရေသိုလှောင်တဲ့ ရွက်ပြားရှိတယ်.
ရွံ့ နွံ့ လတာပြင်က လမုပင် လေရှူမြစ်တွေ ရှိတယ်။
အမြဲစိမ်းသစ်တော ပုတ်သင် ဘဘာဝရဲ့အရောင်ပြောင်းခြယ်။
ရန်သူမြင်ရင် ရေဘ၀ဲ မှင်ခြယ် ကိုယ်ရောင်ဖျောက်တယ်။
ဘယ်လို အကောင်ငယ်ငယ်..
သဘာဝကပေး..ကာကွယ်ရေးသတ္တိ ပိုင်ဆိုင်တယ်။

ဘာမှ အားမငယ်နဲ့ …
သင်၏ အရည်အသွေး..သင်လေးစားပါ။
သင်၏ Will Power သို့ မဟုတ် သံဌိဓါန် ယုံကြည်ချက်
Survival… သို့ မဟုတ်..သက်ရှင်နိုင်မှူစွမ်းပကား..
Adaptations သို့ မဟုတ်.. ခံနိုင်ရည်ပြောင်းလွဲမှု စွမ်းပကား
သင်.ယုံကြည်လိုက်ပါ။
သင်နဲ့ အတူရှိတယ်။
သံကိုပင်.အပူပေး..ပုံစံသွင်းလို့ ရတယ်။
ပတ်ဝန်းကျင် သဘာဝ
သင် မျိုးစေ့ချဖို့ ဟာ သင်၏ တာဝန်
သင့် မျိုးဆက်ရှင်သန်ရန် သင်၏ တာဝန်။

ရေခူလို သာမညပေမဲ့..သင်..အဆိပ်ဆူးတွေ ဆင်။
ဖြူလို အကောင်သေးပေမဲ့..သင် ပက်ဆူးတွေ အသင့်ပြင်
ရေမြွေလို အိပ်နေသော်ငြား မြေဟောက်လိုပေါက်ဖို့ ပြင်။
သမင်လို အပြစ်မဲ့ပေမဲ့..ဦးချိုသွေး ခတ်ဖို့ ပြင်.

မတရားတာရှိ..သဘာဝတောင် ခေါင်းငုံ့ မကြည့်ဖူး.
အစာလုရင်…ခွေးတောင် ဟောင်တဲ့အမျိုး.
မတရားတာပြု..ကျီးကန်းတောင် ပြန်ဆိတ်တဲ့အမျိုး
အချင်းချင်းရန်စ…ကြက်တောင် ခေါင်းဆိတ်မခံတဲ့အမျိုး

ဒို့ လူသားတွေ ငြိမ်ခံရမလားဟေ့..
ဒို့ ဘိုးဘွားပိုင်..ဒို့ အားလုံးဆိုင်တဲ့မြေ…
ဒို့ သယံဇာတတွေ စားသုံးရန် အခွင့်အလန်း မရှိပါသလား။
ဒို့ ကိုးကွယ်ရာ ယုံကြည်မှု ဒို့ မ ကာကွယ်သင့်ပါသလား။
ဒို့ ဘိုးဘွားကောင်းမှု ရှေးဟောင်း အမွေအနှစ်တွေ မထိမ်းသင့်ပါသလား
ဒို့  စာပေ အနူပညာ..စာကြည့်တိုက်တွေ မရှိသင့်တော့ပြီလား.
ဒို့ နိုင်ငံ ဂုဏ်ဆောင် ပြည်သူ့ ရင်ပြင် ပြည်သူ့ ပန်းခြံ မရှိသင့်တော့ပြီလား။
ဒို့ သားမြေးတွေ ကစားရန် ကစားကွင်းတွေ မရှိသင့်ပါသလား..
ဒို့ ပြည်သူတွေ အလင်း..လျှပ်စစ်မီးမလင်းသင့်ပါသလား.
ဒို့ မြေက ထွက်သောဆန်စပါး..ဒို့ မစားထိုက်ပါသလား.
ဒို့ မျိုးဆက်တွေ အတွက် စာသင်ကျောင်း ဒို့ မတက်ထိုက်ပြီလား.
ဒို့ ပြည်သူအတွက် ကျန်းမာရေး ဆေးပေးရုံမရှိသင့်တော့ပြီလား
ဒို့  ပြည်သူုအချင်းပွား မျှတသောတရားဥပဒေမရှိတော့ပြီလား..
ရေသန့်  လေသန့်  အစာသန့်  ပတ်ဝန်းကျင်သန့် ..အကျင့်စာရိတ္တသန့် 
ဒို့ ပတ်ဝန်းကျင် ရေမြေအတွက်..ဒို့ တတွေ ထိမ်းသိမ်းရန် တာဝန်မရှိပြီလား။
ဒို့  တတွေ၏ အသက်စည်းစိမ်ဥစ္စာ..ကာကွယ်ခွင့်မရှိပြီလား.
လူ၏ တန်ဖိုး..လူ၏ လွတ်လပ်ခွင့်..လူ၏ စွမ်းအား လူ၏သမာဓိ
လူ၏ အဆင့်အတန်း လူ၏ ထီထွင်အား လူ၏ တွေးခေါ်ဥာဏ်
အမှောင်ထဲမှာ အလဟသ အချီးနှီးခံမည်လော…

ငွေများ ငွေနိုင်..ငွေရှိသူ ပိုင်..
ပြည်သူပိုင်ပစ္စည်း..လက်သင့်ရာစားတော်ခေါ်နိုင်ပါသလား.
ရှိသမျှ အမိုးခွါ.. တိုင်ချွတ်ရောင်း
ပြည်သူအတွက် မကျန်တာ တိုင်းပြည်ဘဏ္ဍာတိုက် ဟောင်းလောင်း
ပြည်သူဟာ တိရိစ္ဆာန်သာသာ..ကျွန်သာသာလား..
ငုံ့ ခံနေတာ..ဒို့ အပြစ်ပါ တကား…

ကြောင်ဆိုရင်…လက်သည်းထုတ်ကြဖို့  အချိန်တန်ပြီ..
မြွေပွေးမှန် အမောက်ထောင်ပြဖို့  လိုသည်.
ကင်းမြီးကောက် မှန် အမြီးထောင်တုတ်ကြရန်လိုပြီ။
လူတိုင်းကိုယ်စီ စွမ်းရည်ရှိသည်။.
မတရားမှုမှန် တွန်းလှန်တိုက်ခိုက်ရန် လိုသည်။

လူဘ၀ သည် တကြိမ်သာမွေး..တကြိမ်ဘဲသေသည်။
ရခဲသောလူ့ ဘ၀ လွတ်လပ်စွာ လူပီသရန်ဖြစ်သည်။
လူသတ်လက်နက်သည် ကြောက်ရန်မဟုတ်။
လူသား၏ တည်ထွင်မှူတရပ်..သာ
သင့် ၏ စွမ်းရည်သာလျှင် တန်ဖိုးမဖြတ်အပ်။
သင်သည်သာ သင်၏ ခေါင်းဆောင်ဖြစ်၏။
သင်သည်သာ သင့်အနာဂတ်အတွက် ကိုးစားရာဖြစ်၏။

သင်သည် ပိုင်သည် သင်၏ အနာဂတ်…
လမ်းဆုံမှာ ရပ်နေ..မတွေဝေနဲ့ တော့..
အာဏာရှင်နိဂုံး..အဆုံးသတ်ရန်..
တဦးချင်းစီ..တာဝန်ယူကြ။
ညီညာဖျဖျ..တွန်းလှန်ကြ။

သင်ဝိညာဉ်သည်သာ သင်၏သူရဲကောင်း..
သင်၏ ရာဇ၀င်ကြောင်းမှာ…
မဆုတ်မကွာရှိနေတယ်..

ကဲ လာ..ခွပ်လိုက်ကြစို့ သူငယ်ချင်း…
မနိုင်မချင်း…အသက်ရင်းစေ..
ဒို့ ၏ မြေအတွက်….
ဒို့ သားမြေးအတွက်..
ကျွန်ုပ်တို့ ၏ လွတ်မြောက်ရေးအတွက်…
" ကျွန်တော်လှန်ရေးက စပါတာကပ် ကိုမွေးဖွားသလို
စပါတာကပ်ကြောင့်လည်း ကျွန်တော်လှန်ရေး မွေးဖွားတယ် "
" သင်၏ သဘာဝပေးသတ္တိ..တော်လှန်ရေးအတွက် အသင့်ရှိစေ..
လက်မတို့ ပါရစေနှင့်..ရန်သူ အပေါ် မီးလို ရေလိုကျင့်.."
အမှန်ဟာ အဆုံးမှာ အနိုင်ရတာထုံးစံ..
သင့်တာဝန်က ရွေ့ အောင်သာ ဆက်တွန်းကြပါရန်။

မသဒ္ဓါ ( ၂။၂၃။၂၀၁၀)
တပြည်လုံး မိစ္ဆာဒိဌိတွေ ခိုးယူတာကုန်ပါပြီ...ရန်သူကိုတွန်းလှန်ရန်.မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ဤသည်မှာ သမိုင်းပေး တာဝန် ဖြစ်၏။
မမေ့ပါနှင့်..မြန်မာသည် သင့်ဘိုးဘွားပိုင်..သင့် ရပိုင်ခွင့် သင် ပိုင်ဆိုင်ရန်.. သတ္တိတံခွန်ထူ.. တအိမ်တယောက် အားတင်းထွက်ကြပါတော့ရန်....စေတနာဖြင့် အကျိုးမျှော်...နှိုးဆော်ပါသည်.

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, February 11, 2010

မင်္ဂလာမွေးနေ့ ပါ ကိုကျော်သူ..

သူငယ်ချင်းရေ...
အသက်နံပါတ်ကြီးတိုင်း..ရင့်ကျက်တာမဟုတ်ဘူး.
ရ၀ကျော် သေခါနီးပေမဲ့ မိုက်နေတဲ့ လူတွေရှိတယ်။

သူငယ်ချင်းရေ...
ပညာတွေတတ်တိုင်း…လူပီသတာ မဟုတ်ဘူး..
အာဏာရှင်အကြိုက် ခွေးလိုအူနေသူတွေ ရှိတယ်..

သူငယ်ချင်းရေ...
စိန်တွေ ၀တ်နိုင်တိုင်း..လူချီးမွမ်းတာမဟုတ်ဘူး..
လူပေါင်းသန်းချီ..အဖေကိုဆဲနေတာ နားထောင်ရဲတဲ့သမီးတွေရှိတယ်…

သူငယ်ချင်းရေ...
ရုပ်ရှင်အကယ်ဒမီ..ရတိုင်း ပြည်သူချစ်သောအနူပညာသည်မမည်ဘူး
သရုပ်မပီ..ပေမမှီ…အဖားကောင်း ရသူတွေလည်းရှိတယ်။

လူရဲ့ဘ၀..တိုတောင်းကာလမှာ..
ဝင်လာချိန်..နတ္တိ..ထွက်သွားချိန် နတ္တိ..
ကျန်ခဲ့သမိုင်းသာ..မှတ်ကျောက်ဖြစ်၏။
အတ္တ မောဟ ဒေါသမရှိသော..
သင်၏ သမိုင်းသည် ဖြူစင်အတိ..
ဝမ်းမြောက် သာဓုခေါ်ပါ၏။
သင်သည်..တုနှိုင်းမဲ့ မေတ္တာရှင်.

အနူပညာသည်…သင် သရုပ်ဆောင်မှမဟုတ်…
အနုပညာသည် သင် ဒါရိုက်တာလုပ်မှမဟုတ်
အနုပညာသည် သင် ကဗျာရေးမှမဟုတ်
အနုပညာသည် သင် ပန်းချီဆွဲ မှမဟုတ်
သုဿာန်မြေကို တူးသောလက်
အလောင်းစင်ကို ပြင်သောလက်…
ပူဆွေးသူကို ယုယစွာ ပွေ့ ဖက်
နာကြင်သူ သို့ ဆေးအလှူလက်
အသုဘကို ရှုသောမျက်လုံး.
စာနာတတ်သော နှလုံး
ကြင်နာပါ သော အပြုံး..
ဤအရာသည်…အနုပညာမြောက်ပါ၏။
သင်သည် ပြည်သူချစ်သော အနူပညာရှင်…

ပြောချင်သူ ပြောပစေ..ကျော်သူ စဏ္ဍာလ..
ကဲ့ရဲ့ချင်သူ ကဲ့ရဲ့ပစေ..ကျော်သူ လူမိုက်.
မခေါ်မပြောနေပစေ ..မှန်ရာကို ဦးစိုက်..
နှလုံးသားစေရာသာလိုက် သူငယ်ချင်း..
လူကောင်းသတင်း..လူလူချင်းဘဲ သိတယ်။
လူမိုက်ကဲ့ရဲ့..မှုစရာ မဟုတ်ဘူး။

အသက် (၅၁)..သင်ဘ၀ လူဖြစ်ကျိုးနပ်ခဲ့ပြီ…
သာဓု သာဓု သာဓု ကိုကျော်သူ..
သင်ပြုသော ကုသိုလ်ရေ တစ်စက်…
အာဏာရှင်ပေါ် ဖြန့် ကျက်တယ်..
အကျဉ်းချချင်ချ..အသက်သတ်သော် မရ.
ရှင်းသန့် သော သင်၏ မည်နာမ…
စံတုနှိုင်းမရ. ရှင်သန့် အသက်ဝင်..
သင်သည် ပြည်သူ့ ချစ်သော စေတနာရှင်…

သင်သေသော်ညား..
သင်၏ သင်္ချိုင်း..ပန်းပွင့်များဝေလေမည်။
သင်၏ ကုသိုလ်…နတ်လူသာဓုခေါ်တော့သည်။
သင်၏ သားသမီး စိန်မစီလည်း တင့်တယ်သည်။
သင်၏ ဇနီး..သင့်အတွက် ပီတိလွှမ်းတော့သည်။
ဖြစ်လေရာ ဘုံဘ၀..ကံသာလျှင် သင့်၏နောက်လိုက်ဖြစ်တော့သည်။

သင်သည် မသေ..
သင်၏ စေတနာသည် မသေ…
သင်၏ မေတ္တာသည် မသေ..
သင်၏ အနုပညာသည် မသေ…
နှလုံးခုန်ခဲ့သော အသက် ၅၁…
သင်သည်..လူစင်စစ်ဖြစ်ခဲ့သည်..
ကောင်းသော မွေးနေ့ ပါ သူငယ်ချင်း
ယုံကြည်ရာလမ်းသာ ဆက်သာနင်း..
သုတိ မင်္ဂလာအဖြာဖြာ..ပြည်စုံဝေဖြာ
မင်းရဲ့ မွေးနေ့ မှာ

မသဒ္ဓါ (၂။၁၁။၂၀၁၀)
စေတနာရှင်..အနုပညာရှင် ကိုကျော်သူ၏ ၅၁ နှစ်မြောက်မွေးနေ့ သို့ ..
ဂုဏ်ယူပါတယ် သူငယ်ချင်း..မင်း၏ တုနှိုင်းမရ ဂရုဏာ..စေတနာ နှင့် မေတ္တာ

အပြည့်အစုံသတင်းဖတ်ရန်....

အနိုင်နဲ့  အရှုံး..

ဂျပန်တွေနဲ့ ..စစ်တိုက်တာ..
ဗိုလ်ချုပ်အောင်ဆန်း က နိုင်တယ်…
မင်းကိုနိုင် အဖေ နဲ့ ကျ သူရှုံးတယ်…
သားကောင်းမရ…သားဆိုး၏ ဖခင်…

စိန်တွေ ခရစ်စမတ်ပင်လိုဆင်..
လူတွေကို အရှက်မဲ့ ကြွားနိုင်ခဲ့တယ်။
ဦးအုန်းသန်း ရဲ့ သမီး နဲ့ ကျ သန္တာရွှေ ရှုံးတယ်။
အဖေ အာဇာနည်ကောင်း မရ..အော့ကျောလန် လူယုတ်မာ၏ သမီး။

ရာဇပလ္လင်ပေါ် ဖင်ဝဲပေါက်မတတ် မတန်မရာထိုင်
မဆန့် မပြဲစား မင်းတြားဖြစ်ချင်ဖြစ်မယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျ သန်းရွှေ ရှုံးတယ်။
ပြည်သူ့ မေတ္တာ မရ.လက်နက်ပြဆိုးသွမ်း လူ့ မိစ္ဆာ။

နည်းပညာဝန်ကြီး…နျူကလီယားဝန်ကြီး
လူသတ်ပညာတတ်တာ နိုင်ချင်နိုင်မယ်.
ဖြူဖြူသင်း နဲ့ ကျ မောင်သောင်းရှုံးတယ်။
စေတနာမရှိ..အကြင်နာမသိ သုညနတ္တိ..အတ္တဘော။

ခေတ်မီလက်နက်.အစွမ်းထက်တာနိုင်ချင်နိုင်မယ်။
ယနေ့ ခေတ်မြန်မာတပ်မတော်သား က
ဖက်ဆစ်ပျောက်ကျားတပ် ကို ရှုံးတယ်။
ရွှေငွေအတွက် လူသတ်..လက်တဆုတ်ရဲ့ ကြေးစားတပ်။

အမှားတွေ လိမ်တာတော်ချင်တော်မယ်..
မြန်မာ့အသံ မြန်မာ့သတင်းစာ..Blogger တွေနဲ့ ကျ ရှုံးတယ်။
အစိုးရဖော်လံဖား..ကျောက်ဖားသတင်းစာဆရာများ

မှန်ဘီဒိုထဲပြရန် မြန်မာ အကယ်ဒမီဆုတွေ တန်းစီရချင်ရမယ်။
တော်ပါပေ့ဆိုတဲ့ ပေါ်လီစီ ဖားဒါရိုက်တာ.Burma VJ နဲ့ ကျ ရှုံးတယ်။
ဖြစ်ရပ်မှန်သတင်း..ဟန်ဆောင်ခြင်းနဲ့  မဖုံးသာ။

ကြီးပေ့ အိမ်ယာ..ကောင်းပေ့ အစားအစာ..
လှပသောကား..စည်းစိမ်ပကာသနများ..
တေဇ ဆိုတဲ့ လူပြိတ္တာ..ကျော်သူ နဲ့ကျ ရှုံးသွားတယ်။
မရှိတဲ့ စေတနာ..ငွေနဲ့  မဖုံးသာ…

အနိုင်တွေနဲ့  စစ်တိုက်နေတဲ့ အရှုံး..
လက်နက်နဲ့  မနိုင်..ငွေကြေးနဲ့  မနိုင်..
နျူကလီယာ လက်နက်ဆန်းတောင်မနိုင်ဘူး
ဓမ္မ နဲ့အဓမ္မ..အတ္တ နဲ့ ပရ..
တဏှာလောဘ နဲ့ စွန့် လွှတ်အနစ်နာ
ချိန်ခွင် ဇောက်ထိုး ..အမှန်တရားဘက်သာ အနိုင်ဆုံး..
အာဏာရှင် ဆိုတာ..သမိုင်းထဲမှာ လူအမည်ပျောက်ဆုံး..
နိုင်သော်လည်း..သူ ထာဝရ ရှုံးတယ်။

မသဒ္ဓါ ( ၂။ ၁၁။၂၀၁၀)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, February 10, 2010

ငါတို့ဗိုလ်ချုပ်

ဇော်သက်အောင်
Wednesday, February 10, 2010
“ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင်ကိုးရာ တဆယ့်ငါး ရှေ့နေဦးဖာသား၊
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင် ဒေါ်စုသား။

တထောင် ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန်၊
မျက်ရည်ဖြိုင်လို့ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား။
ပြည်ထောင်စုရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား’’

ငါတို့ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို၊ ခု ၂၀၁၀ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ အ သက် ၉၅ နှစ်ရှိပြီပေါ့၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား အေးပေါ့ ငါတို့ရွယ်တူ ဒါမှမဟုတ် ငါတို့ ထက်ငယ်တဲ့ တချို့ တချို့ သူတွေ ဘယ်သိနိုင်ပါ့မလဲ၊ ဗမာပြည်ရဲ့ စစ်အာဏာရှင်တွေက ငါတို့ ဗိုလ်ချုပ်ကို မှေးမှိန်အောင် ဖျောက်ဖျက် ဖုံးကွယ် ထားကြတာကိုး ငါတို့ ဗိုလ်ချုပ်ဆိုတာ ဗမာပြည်နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ဗိုလ်လရောင်ခေါ် ဗိုလ်မင်း ရောင်ရဲ့မြေး၊ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ ခင်ပွန်း၊ ဒီနေ့ခေတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗမာ့ တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့သူ၊ ဗမာ ပြည်ကို ကျွန်ဘ၀က၊ နယ်ချဲ့ လက်အောက် ဖက်စစ် လက်အောက်က လွတ်မြောက်ဘို့ စွမ်း စွမ်းတမံ ဦးဆောင်ကြိုးပမ်းခဲ့သူပေါ့။

ငါတို့ဗိုလ်ချုပ်ကို “အောင်ဆန်းဇာနည်“ ဆိုတဲ့ ကဗျာထဲကလို၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သဲချောင်းကြီး အနောက်ဖက်ကမ်း တောင်ကုန်းပေါ်က၊ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ရွာလေးမှာ၊ ၁၉၁၅ ခု ဖေဖေါ်ဝါရီလ (၁၃) ရက်၊ ဗမာလို ၁၂၇၆ ခု တပေါင်းလဆန်း (၁) ရက်၊ စနေနေ့မှာ မွေးခဲ့တယ်၊ မွေး ဇာတာမှာ စနေသားမို့ “ထိန်လင်း“ လို့ရေးပေမဲ့၊ အထက်အကို “အောင်သန်း” နဲ့ လိုက်အောင် “အောင် ဆန်း” လို့ပဲ ခေါ်ခဲ့ကြတယ်။

မိဘတွေက ဆွံ့အနေလား ထင်ရလောက်အောင် စကားပြော နောက်ကျခဲ့သလို ညီအကို လေးယောက်မှာ အငယ်ဆုံးမို့ အလိုလိုက်ထား တော့၊ အသက်(၇) နှစ်ကျော် (၈) နှစ်အထိ ကျောင်းမတက်ရသေးဘူး၊ အကို ကိုအောင်သန်းကို ရှင်ပြုပေးလို့ ရှင်လောင်းဆင်တာတွေ့ တော့ “ရှင်လောင်းလုပ်ချင်တယ်” ပူဆာ တာမှာ အမေဒေါ်စုက “ရှင်လောင်းဆိုတာ စာတတ်မှလုပ်လို့ရတာ” ပြောမှ၊ “ကျောင်းနေပါ တော့မယ်” ပြောပြီး ကတိပေး ကျောင်းတက်ဖြစ်တာ၊ နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းမှာ ကျောင်းစတက်ပြီး ရေနံ ချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းမှာ အထက်တန်း အောင်ခဲ့တယ်။ အင်္ဂလိပ် မြန်မာ သတ္တမတန်း စာမေးပွဲမှာ နဝမ အဆင့်ရ လို့ ဦးရွှေရိုးဆုနဲ့ စကောလားရှစ်ဆု ရခဲ့တယ်၊ ရန်ကုန် တက္ကသိုလ် တက်နေတဲ့ အချိန်မှာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ရဲ့ ဒု-ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ ဥက္ကဋ္ဌ၊ “အိုးဝေ” မဂ္ဂဇင်း အယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ William Ernest Henley ရဲ့ “Invictus” ကဗျာ ကို “အနိုင်မခံ” လို့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။

“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်၊ ဤ အမှောင်တွင်းမှ နေ၍ အနိုင်မခံ အရှုံး မပေးတတ်သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်း ပေးသည့် နတ်သိကြား တို့အား ငါကျေးဇူးတင်၏။ လောကဓံတရားတို့၏ ရက်စက် ကြမ်းကြုတ်သော လက်ခုပ် အတွင်းသို့ ကျရောက် နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငို ကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်၊ ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ ညွှတ်ကားမညွှတ်၊ ဤလောဘဒေါသတို့ကြီးစိုးရာဌာန၏ အခြားမဲ့ကား၊ သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။ သို့သော် ငါ့ အား မတုန်လှုပ်သည်ကို တွေ့ရအံ့၊ သုဂတိသို့သွားရာတံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုရ်၌ ငါ့ အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ၊ ငါ့ကားဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း” ။

အိုးဝေမဂ္ဂဇင်းမှာ ငရဲခွေးကြီးလွှတ်နေသည် ဆိုတဲ့ ဆောင်းပါးရေးတဲ့သူကို ထုတ်ဖော်မပြောလို့ ကျောင်း ထုတ်ခံခဲ့ရတာမှာ သမိုင်းတွင် မည့် ဒုတိယကျောင်းသားသပိတ် ဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ်။ စိတ်သန်ရာ နိုင်ငံရေးကို လိုက်စားခဲ့တာကြောင့် ရန်ကုန် တက္ကသိုလ်မှာ ခြောက်နှစ်ခွဲပဲနေခဲ့ပြီး၊ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်၊ သခင် ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ဒို့ဗမာ အစည်းအရုံးမှာ၊ “သခင်အောင်ဆန်း” ဖြစ် လာခဲ့တယ်။

ငါတို့ ဗိုလ်ချုပ်က ထောင်လည်းကျဖူးတယ်၊ ၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန် အရေးတကြီး အက်ဥပဒေနဲ့ (၁၅) ရက် ဖမ်းဆီးထောင်ချ ခံ ရတယ်၊ ဗမာပြည် ကွန်မြူနစ် ပါတီဖွဲ့တော့လဲ အထွေထွေ အတွင်းရေးမှုး တာဝန်ယူခဲ့တယ်၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် မြေအောက် တော်လှန်ရေး ဗဟိုအဖွဲ့ကို တည်ထောင်တော့ ငါတို့ဗိုလ်ချုပ်ကို ပြည်ပခေါင်း ဆောင်အဖြစ် တင်မြှောက်ကြတယ်။

ဟသာင်္တခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက ဇလွန်မှာ ချင်းတောင်း အကြောင်း ဟောပြောမှုနဲ့ ငါတို့ ဗိုလ်ချုပ်ကို ဖမ်းဖို့ ငါးကျပ်တန် ဝရမ်းကို ထုတ်ခဲ့တယ်၊ ၁၉၄၀ ခု သြဂုတ်လ (၈) ရက်နေ့မှာ သခင် လှမြိုင်နဲ့ အတူ ဟိုင်လီဆိုတဲ့ သဘောင်္နဲ့ တရုတ်ပြည်ကိုလျှို့ ဝှက် သွားခဲ့တာဟာ ငါတို့ဗိုလ်ချုပ်ရဲ့၊ ဗမာပြည် လွှတ်လပ်ရေးရဲ့၊ ဒီနေ့ခေတ် ဗမာတပ်မတော်ဖြစ်လာဖို့ရဲ့၊ သမိုင်းဝင် ခရီးစဉ် ဖြစ်လာခဲ့တယ်။

တရုတ်ပြည် အမွိုင်ကနေ ဂျပန်ပြည်တိုကျိုကို ဆက်သွားပြီး စစ်ပညာသင်ဖို့ ဆွေးနွေးခဲ့တယ်၊ ရဲဘော် သုံးကျိပ်ထဲက ပထမအသုတ် လူငယ်တချို့ကို ကိုယ်တိုင် ပြန်ခေါ်ခဲ့သေးတယ်၊ ဂျပန်ပြည်မှာ ကိုးလ စစ် ပညာသင်ပြီး (၁၉၄၁) ခု ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ည တနာရီမှာ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ၊ လက်မောင်းသွေး ဖောက်သောက် သစ္စာပြု ရင်း BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီတုန်းက ငါတို့ ဗိုလ်ချုပ်က ဗိုလ်တေဇ လို့ အမည်ခံ တယ်။

ငါတို့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူ တော်စာရင်းမှာ အမှတ်စဉ် ၅ အဖြစ် ကြေငြာခဲ့သေးတယ်။

BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော်ကနေ BDA ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောင်းတော့ ငါတို့ဗိုလ်ချုပ်က ဗိုလ်မှူးကြီး ရာထူးနဲ့ သေနာပတိ ဖြစ်လာတယ်။ ၁၉၄၂ ခု စက်တင်ဘာလ ခြောက်ရက်နေ့မှာ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ်၊ ၁၉၄၃ ခု မတ်လမှ ဗိုလ်ချုပ်ရာထူး၊ တိုးမြင့်ခြင်းခံရတယ်။

၁၉၄၄ ခု သြဂုတ်လ (၄) ရက် နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၄ စခန်းမှာ ဖက်စစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွှတ်လပ်ရေး အ ဖွဲ့ချုပ်ကြီး (ဖတပလ) ကို ငါတို့ ဗိုလ်ချုပ် ဦးဆောင်ပြီး လျှို့ဝှက်ဖွဲ့စည်းခဲ့ တာဖြစ်တယ်၊ သြဂုတ်လ နှစ်ဆယ့်သုံးရက် ဗုဒွဟုးနေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော် ပုံပါတီနဲ့ ဗမာ့တပ်မတော်ပေါင်းပြီး ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်လပ်ရေး အဖွဲ့ ချုပ်ကို ပြန်ဖွဲ့စည်း တော့လဲ ငါတို့ဗိုလ်ချုပ်အိမ်မှာပဲ။

၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ (စစ်တပ်က သူတို့ဘာသူတို့ တပ်မတော်နေ့လို့ ဇွတ်သတ်မှတ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမယ့်နေ့) မှာ ဖက်စစ်ဂျပန်တွေကို ငါတို့ဗိုလ်ချုပ် ဦးဆောင်တွန်းလှန် တိုက်ပွဲဝင်ခဲ့ တယ်။

၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ စာချုပ် လတ်မှတ်ရေး ထိုးခဲ့တာကို ကြည့်ရင် ငါတို့ ဗိုလ်ချုပ်ဟာ မြန်မာလူမျိုးတွေသာမက တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်း တယောက်ဆိုတာပေါ်လွှင်ထင် ရှားခဲ့ တယ်။

၁၉၄၇ ခု ဇူလိုင်လ (၁၉) ရက် စနေနေ့မနက် ( ၁၀ နာရီ ၃၇ မိနစ် ) မနက်ဟာ ငါတို့ဗိုလ်ချုပ် ကံဆိုးမိုး မှောင်ကျတဲ့နေ့၊ ငါတို့ ဗမာ ပြည်ရဲ့အနာဂတ် ကံဆိုးမိုးမှောင်ကျ တဲ့အချိန်ပေါ့၊ အမျိုးသားသစ္စာဖောက် မသမာသူတစုရဲ့လုပ်ကြံမှုနဲ့ ငါတို့ဗိုလ်ချုပ် ကျဆုံးခဲ့တယ်၊ ငါတို့ဗိုလ်ချုပ်သာ အဲ့ဒီတုန်းက အဲ့ဒီလို လုပ် ကြံမခံခဲ့ရရင် တပ်မတော်မှာဒီနေ့လို ခေါင်းဆောင်ဆိုးတွေ အုပ်ချုပ်လို့ရပါ့မလား၊ ဘာသာ ကို စော်ကား၊ ပြည်သူကို အနိုင်ကျင့်၊ တိုင်းရင်းသားတွေကို လူမျိုးတုံးသတ် လုပ်လို့ရပါ့မလား၊ အခုလို သူများနိုင်ငံမှာ မျှော်လင့်ချက်မဲ့ မိတကွဲ ဖတကွဲ ငါတို့နေရပါ့မလား။

ဘယ်သူတွေ ဘယ်လိုပဲလုပ်ကြံခဲ့လုပ်ကြံခဲ့၊ ဘယ်သူတွေ ဘယ်လိုပဲ ဖျောက်ဖျက် ဖုံးဖုံး၊ ငါတို့ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ်မသေ၊ ငါတို့ ပြည်သူတွေ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ် ရှိနေမှာပဲ၊ ငါတို့ဗိုလ်ချုပ်က အောင်ဆန်း တွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ၊ အဖေ့မျက်နှာ ဖျက်လောဘတက်တဲ့ ဦးအောင်ဆန်းဦးလို သားမျိုး မွေးခဲ့မိပေမဲ့၊ ဗမာရော ကမ္ဘာကပါ ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဖေ့စိတ်ဓာတ်၊ အဖေ့သတ္တိ၊ အဖေ့အမွေခံ သမီးမျိုး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို မျိုးဆက်မျိုး၊ ငါတို့ဗိုလ်ချုပ်ရဲ့သွေးတွေ၊ ငါတို့ ပြည်သူတွေအတွက် ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ။

ဆရာဒဂုန်တာယာရဲ့ ရုပ်ပုံလွှာမှာ ငါတို့ဗိုလ်ချုပ်ကို အောင်ဆန်းသို့မဟုတ် အရိုင်းလို့ ချစ်စနိုးနဲ့ခိုင်းနှိုင်းပြီး တခုတည်းသော ယုံကြည် ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်တတ်သော နိုင်ငံရေးသတ္တဝါတဲ့၊ ငါတို့ ဗိုလ်ချုပ်က ရိုင်းတယ်၊ ကြမ်းတမ်းတယ်၊ လူမှုရေးမရှိ၊ ဟန်ဆောင်ယဉ်ကျေးမှုတွေမလုပ်၊ ဒါပေမဲ့ ငါတို့ ဗိုလ်ချုပ်က ဖြူဖြောင့်တယ်၊ တည်ကြည်တယ်၊ ရိုးသားတယ်၊ ပြည်သူ့အတွက်ပဲ စဉ် စားတယ်၊ ငါတို့ကို ရှေ့ဆောင် လမ်းပြနိုင်ခဲ့တယ်၊ ငါတို့အတွက် ရဲရင့်ခြင်းအမွေတွေ ထားခဲ့တယ်၊ “ဟေ့ သေလည်းဗမာပီပီ ဇာတိ မာန်နဲ့ သေကြပါ၊ ရန်သူကမိရင် လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်၊ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲ သာ သေပြလိုက်တာပေါ့” လို့ ငါတို့ဗိုလ်ချုပ်ပြောခဲ့တဲ့စကား ငါတို့အားလုံး လက်ကိုင်ထားရမယ်။

“ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းတွေ မွေးရမယ်” တဲ့၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ သူရဲကောင်း ဖြစ်တယ်၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ အာဇာနည် အစစ်ဖြစ်တယ်။
ငါတို့ ဗိုလ်ချုပ်ကို ငါတို့ချစ်တယ် ။ ။

(၂၀၁၀ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်ပြည့် မွေးနေ့အ မှတ်တရ)။

ဇော်သက်အောင်
ဒဿမတန်း
S A W High School
Maesod, Thailand

source by : နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, February 09, 2010

ညီညီအောင် (သို့ မဟုတ်) တစောက်ကန်းရူးသွပ်သူ (ကဗျာ)

လမဲ့  ရက်ပေါင်းများစွာ
နေမဲ့ နေ့ ပေါင်းများစွာ
အမှောင်ဒေါင့်ကမ္ဘာထဲ
မျှော်လင့်ခြင်းများ စားသုံးရှင်သန်နေတဲ့
ကျနော်တို့  သူငယ်ချင်းရှိနေတယ်၊

သူဟာ
ပြစ်တင်စကားတွေ အလေးမတား
တစောက်ကန်း စွန့် လွတ်
နိုင်ငံအတွက် ရူးသွပ်သူဖြစ်တယ်၊

သူဟာ
နေ့ ည မအိပ်
စာ တကုပ်ကုပ်ရေး
စကား အခြေအတင် ဆွေးနွေး
ခေါင်းဆောင်ဆိုသူတွေကို
အားမလို အားမရဖြစ်
မြန်မာပြည် လွတ်မြောက်ရေးအတွ့က်
မိသားစုကို စတေးခံဝန့် သူဖြစ်တယ်၊


ကျနော်တို့  သူငယ်ချင်း ညီညီအောင်
ကျနော်တို့  သံယောဇဉ်ရှိသည့် ညီညီအောင်
ကျနော်တို့ နှင့် တိုက်ပွဲများစွာ လက်တွဲခဲ့သည့် ညီညီအောင်

သူဟာ
လူငယ်ဘ၀ကို စွန့် ခဲ့သူဖြစ်တယ်

သူဟာ
ဆိုးသွမ်းခဲ့တဲ့ လူငယ်တဦးဖြစ်တယ်

သူဟာ
ဘီယာနှင့် ဆေးလိပ်ကို
ခုံမင်စွာ နှစ်ခြိုက်ခဲ့သူဖြစ်တယ်

သူဟာ
ကောင်မလေးများ အချစ်ရဖို့ 
အတူတူ ၀ိုင်းပိုးခဲ့သူလည်းဖြစ်တယ်


သူဟာ
(အမေရိကားတွင်) ကားမောင်းကြမ်းမှုဖြင့်
ဒဏ်ငွေ အကြိမ်ကြိမ်ဆောင်ရသူဖြစ်တယ်

သူဟာ
သူငယ်ချင်းများကို ခင်တွယ်သူဖြစ်တယ်

သူဟာ
အကူအညီတောင်းလာသူများအတွက်
မငြင်းပယ်တတ်သည့် လူငယ်တဦးဖြစ်တယ်

သူဟာ
ဘ၀တူ ညီအကိုများအပေါ်
သစ္စာမဖောက်သည့် လူငယ်တဦးဖြစ်တယ်

သူဟာ
တရားမျှတခြင်း။ လူ့ အခွင့်အရေးများအတွက်
မြန်မာပြည်။ ယိုးဒယားပြည်တို့ တွင်
အကျဉ်းချခံခဲ့ရသူဖြစ်တယ်

သူဟာ
(၁၉၈၈)မှ သည်ကနေ့ အထိ
အာဏာရှင်ကို တော်လှန်နေဆဲဖြစ်တယ်

သူဟာ
တောင်းဆိုမှု မရ မချင်း
ကမ္ဘာကြီးကို မျက်စောင်းခဲ
အာဏာရှင်နဲ့  ရန်ဖြစ်နေဦးမယ့်သူဖြစ်တယ်၊
ဖိုးဇီဝ (ဖေဖေါ်ဝါရီ။ ၂၀၁၀ ခုနှစ်၊)
ကိုညီညီအောင်အကြောင်းကို တကယ်မသိပဲ ရေးသားနေသည့် သတင်းသမားများ။ အခြေအမြစ်မရှိ ပြောဆိုနေသည့် ခေါင်းဆောင်အမည်ခံသူများ။ (၈၈)အမည်ကို အသုံးပြု၍ အင်တာနက်စာမျက်နှာများတွင် အာဏာရှင် အလိုကျရေးသားနေသူများသို့  မိမိတို့ ရေးသားသည့် မဟုတ်တမ်းတရား စွပ်စွဲမှုများကြောင့် အများပြည်သူများေ၀၀ါး။ စိတ်ပျက်မှုများ ဖြစ်အောင် ဖန်းတီးရေးသားမှုများ မပြုကြပါနှင့်၊ မကောင်းမှုသည် စိတ်ကွယ်ရာ မရှိပါ၊ အမှန်တရားသည် တနေ့ ပေါ်ပေါက်စမြဲဖြစ်ပါသည်၊

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, January 24, 2010

ကျနော်တို့ရဲ့ အိမ်ပြန်ချိန်


ဟိုရှေ့က ကလေးတစ်ယောက် အနာဂါတ်တွေကျပျောက်
မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျရင်း
သူဆိုတဲ့ ညည်းချင်းက အဖေနဲ့အမေက သူခေါ်လို့ရှိရင်
ကြားနိုင်ပေမယ့် ခေါ်ခွင့်မရှိတဲ့ နေရာမှာတဲ့
သူလျှောက်သွားနေတဲ့ လမ်းကျဉ်းလေးက
အန္တရာယ်တွေရှိရာ သူ့ကိုခေါ်ဆောင်သွားလေရဲ့။

ဘုရားတောင်ခြေရင်းမှာ အဖွားအိုတစ်ယောက်
တောင်ဝှေးထောက်သံ တဒေါက်တဒေါက်နဲ့
အတိတ်ကို နောက်ပြန်ရစ် ကြည့်ရင်း
သူချစ်တဲ့ သားသမီးတွေမှာ ဒုက္ခတွေ တထမ်းတပိုးနဲ့
ကျိုးပဲ့နေတဲ့ မြို့ပြလူနေမှုကြောင့်
သာဓုခေါ်သံတွေ အကြိမ်ကြိမ်ထိမှန်ခံထားရတဲ့
ပိန်ချိုင့်ချိုင့် ခွက်လေးတစ်လုံးကို ကိုင်စွဲရင်း
တဒင်္ဂ ငြိမ်းအေးခြင်းကို သူရှာဖွေနေလေရဲ့။

အဝေးမှာ ဟိုး....အဝေးကြီးမှာ ဒဏ်ရာတွေနဲ့ လူတချို့
လွတ်မြောက်မှု ဧရိယာ ကိုယ့်ဖာသာ ဖန်ဆင်း
အံကြိတ်ခြင်း တောက်ခေါက်ခြင်း ခါးထောက်ခြင်းတွေနဲ့
ထွီကနဲ တံတွေးတပျစ် စစ်အာဏာကိုရင်ဆိုင်
တနေ့နိုင်ရမယ်လို့ အိမ်မက်ကိုစားသုံးရင်း သူတို့ကြီးပြင်းကြလေရဲ့။

နေခြည်ဖြိုးတောက် လူသူမရောက်တဲ့
မိုးမခ တောတွေမှာ ဟမ်ဘာဂါအစား မျှစ်တူးစားလို့
ကိုကာကိုလာမလို ကက်ပ်ချိနီု မသောက်
ငှက်ပျောအူဖေါက် သူတို့သောက်လို့
ဖေါင်တိန်မကိုင် သေနတ်ကိုင်လို့
နုပျိုစိမ်းလန်း အနာဂါတ်ပန်းတွေ
အိမ်ပြန်မဲ့ရက် လက်ချိုးရေရင်း....တော်လှန်ရေးသီချင်းဆိုကြလေရဲ့။

နောက်တနေရာကတော့
လသာတဲ့ညတွေကို မော်ကြည့်လို့မရတဲ့
နံရံလေးဖက် ကြားမှာပေါ့
ခံယူချက်ရဲ့ အကျည်းသားတွေဟာ
အခဲမကျေ အငြိုးတွေကိုစားသုံးရင်း
ယုံကြည်ခြင်း နှလုံးသားတွေခမျာ
တဖြည်းဖြည်း မာကျောလာလေရဲ့။

အချိန်ရှိသရွေ့ လွမ်းနေရတဲ့ နေရာအသီးသီးမှာ
ငါတို့ ပြည်ထောင်စုသားတွေ ရှိနေတယ်
ငါတို့ကိုယ် ငါတို့တည်ဆောက်ရင်း
တချို့ ပြိုလဲကျတယ်
ယုံကြည်ချက်တွေ ဖျားနာကုန်တယ်
တချို့ကျတော့ သန်မာနေစဲ
အံတွေခဲလို့ လှေခွက်ချည်းကျန် အလံမလဲဘူး
အော်....အိမ်ပြန်ချိန်တွေ နီးဖို့ကြိုးစားရင်း
အိမ်နဲ့ ဝေးဝေးသွားတဲ့ ငရဲက ဘယ်တော့များမှ.......လွတ်မြောက်မလဲ။

မင်းရန်နိုင် http://minyannaing-myanmar.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 28, 2008

အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 18, 2008

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့မပို့ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့လား။

ကိုယ့်အခွင့်အရေးကို သိဖို့နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို ကိုယ့်အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော့(စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ပဲ သူတို့သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့ 
မငိုလိုက်ပါနဲ့အမေရယ်။
သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တချောင်းက
ရာဘာပင် တပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တကောင်လောက်တောင် တန်ဖိုးမရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော်နေရမှာလား။
အနာရှိတာကိုလက်ခံမှ ဆေးထည့်လို့ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေလည်း အများကြီးရှိပါတယ်။
တချို့ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့လူစိတ်မရှိတာကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့တော့မတန်ဘူး အမေ။
သူတို့ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့လဲ အမေရယ်။
သားတို့ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့နိုင်ငံကွက်ကွက်လေးပဲ
သူ့ကိုလေးစားပေမဲ့
ကျွန်တော်တို့အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့အဖြစ်က ရခဲတယ်ဆို။
ရခဲတာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့သခင်က သူတို့ကို အချစ်နဲ့လှောင်ထားတာ။
ကျွန်တော်တို့ကတော့ အမုန်းနဲ့လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသားအကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

ရေးသူ...ကိုကောင်းကင်ကို
မှတ်ချက်..ရေးသူက လက်မှတ်မထိုးထားပါ။ Email ကနေရပါတယ်။ ဖတ်စေချင်လို့ ပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 11, 2008

ရွှေလက်နဲ့မခေါ်လည်းလာ ငါတို့ပါဝင်စို့

မပြေလည်ခြင်းနေ့ရက်တွေကို
ပွေ့ဖက်ထားရတာလည်း
နှစ် နှစ်ဆယ်ကြာခဲ့
သွေးနဲ့ရေးတဲ့စာမျက်နှာတွေပေါ်
ငြင်းခုန်ခြင်းတွေနဲ့ ညှိုးရော်လို့
အာဏာရှင်ကိုပျော်စေတော့မလား
မတရားမှုကောင်းကင်အောက်က
ယုံကြည်ချက်စိုက်ခင်းတွေဟာလည်း
မညီညွတ်ခြင်းတွေနဲ့ ခြောက်ကပ်လို့
ကျားကိုအတောင်ပံ တပ်ပေးတော့မှာလား

ညီအကိုတို့ရယ်...အမေ့မျက်နှာကိုကြည့်ကြပါဦး
ညီအကိုတို့ယ်.....စွန့်လွှတ်ခဲ့တာကိုငဲံ့ညှာပါဦး
ညီအကိုတို့ရယ်...၆၅ နှစ်ခံရသူတွေကို ထောက်ထားပါဦး

ဝိညာဉ်တွေသာ စကားပြောခဲ့မယ်ဆိုရင်
ဒုတိယမြောက်လွတ်လပ်ရေးမရခင် အမျှမဝေချင်ပါနဲ့
ငါတို့နဲ့ပူးကပ် သွေးကြွေးဆပ်ပါရစေဦးတဲ့
ဒီလိုနဲ့
ရန်သူရဲ့ရက်စက်တဲ့ခြေလှမ်းတွေက
ခက်ကြမ်းကြမ်းနင်းလို့ ၂၀၀၉ ကို ချဉ်းကပ်
ပြည်သူ့ဆန္ဒကို နင်းသတ်တော့မယ်

ညီအကိုတို့ရေ
အင်တာနက်စစ်မျက်နှာကိုအဆုံးသတ်
ခါးတွေမတ်မတ်ရပ်ကြတော့
ရင်ဘက်တွေကိုဖွင့်ကြတော့
မညီတဲ့လက်တွေ တွဲကြတော့
ဒါမှ...တီးသူမဲ့စန္ဒယား ၂၀၀၉ မှာအသံကြားရမှာ....။


ဇော်မြင့်
ကျေးဇူးပါ ကိုဇော်မြင့်ခင်ဗျား။

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */