“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 26, 2008

လူငယ်နှင့်နိုင်ငံရေး (youth III)


"နိုင်ငံရေး" အလွန်လှပ၍ အနှစ်သာရရှိသော စကားစုပင်ဖြစ်သည်။ နိုင်ငံရေးဟူသည် နိုင်ငံတစ်ခုလုံး၏အရေး ဖြစ်သည်ဆိုတာကို သိလျှင်ပင် နိုင်ငံရေးဆိုသော စကားလုံး၏ အနှစ်သာရနှင့် ကျယ်ပြန့်နက်ရှိုင်းမှုက ကြောက်ခမန်းလိလိပင် သာမာန်လူတို့ မလုပ်နိုင်။

နိုင်ငံရေးသည် - လူတစ်ဦးတည်း၏အရေး မဟုတ်။
နိုင်ငံရေးသည် - တစ်မိသားစုထဲ၏အရေး မဟုတ်။
နိုင်ငံရေးသည် - တစ်ဆွေတစ်မျိုး၏အရေး မဟုတ်။
နိုင်ငံရေးသည် - အုပ်စုတစ်စုအတွက် မဟုတ်။
နိုင်ငံရေးသည် - လူတန်းစားတစ်ရပ်အတွက် မဟုတ်။
နိုင်ငံရေးသည် - လူမျိုးစုတစ်ခုထဲအတွက် မဟုတ်။
နိုင်ငံရေးသည် - လုပ်စားသူများအတွက် မဟုတ်။

နိုင်ငံရေးဟူသည် - တိုင်းပြည်တစ်ပြည်အတွင်း တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ အေးအတူပူအမျှ နေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အယုတ်အလတ်အမြတ်မရွေးတို့၏ အရေးပင်ဖြစ်သည်။

ထို့အတွက် ဤနိုင်ငံရေးကို လုပ်နိုင်ရန် ထားရှိရမည့် သဘောထားမှာ အလွန်ကြီးကျယ်မြင့်မြတ်သော သဘောထားရှိနေပေသည်။ (မေတ္တာတရား ကြီးမားသူတို့သာ လုပ်နိုင်သော အရာလည်းဖြစ်သည်။)

ကိုယ်ကျိုးကိုစွန့်၍ အများချမ်းသာရေးဟူသော ဘုရားအလောင်းတော်များ ပါရမီဖြည့်စဉ်မှ ဘုရားဖြစ်သည်အထိ ထားရှိခဲ့သော ဘုရားအကြိုက် မေတ္တာတရားမျိုးရှိသူများသာ နိုင်ငံရေးကို လုပ်နိုင်ကြသည်။ (မွန်မြတ်လွန်းလှပါသည်။ အနှစ်သာရ ပြည့်ဝလွန်းလှပါသည်။)

ဤအနှစ်သာရပြည့်ဝသော နိုင်ငံရေးအစစ်ကို ယနေ့လူငယ်များက ကိုယ်ကျိုးစွန့်၍ လုပ်ပြနေသည်ကို ဗိုလ်ချုပ်အိုကြီးများ သတိမှထားမိပါရဲ့လား။ မိမိတို့ အသံကောင်း ဟစ်နေသော နိုင်ငံရေး။ (ထိထိမိမိပြောရလျှင်) အမျိုးသားနိုင်ငံရေး ဟု အာကြီးအာကျယ် ပြောနေသောနိုင်ငံရေးက ဘယ်လို နိုင်ငံရေးအမျိုးအစား ဖြစ်နေလဲ။ လူအထင်ကြီးအောင် စကားလုံးကြီးကြီးသုံးကာ အသံကျယ်ကျယ်နှင့် အော်နေရုံမျှနှင့် သင်တို့ မရှက်မကြောက် လိမ်ညာနေမှုကို ကမ္ဘာနှင့် မြန်မာပြည်သူများမသိဟု ထင်နေပါသလား။ သနားစရာကောင်းလေစွ။ ရှက်တတ်အောင် အဘယ်သို့သော ဆရာမျိုးနှင့် (ဘယ်ဗေဒင်ဆရာနှင့်) သင်ပေးရမည်ဟု တွေးပင်မတွေးတတ်တော့။

"ဆောင်ပုဒ်တွေများများရေးသော တိုင်းပြည်၏ အုပ်ချုပ်သူတို့သည် များများလိမ်သောသူများသာ ဖြစ်သည်။"

မြန်မာနိုင်ငံတွင် ဆောင်ပုဒ်တွေ အလွန်များသည်။ ဒါက ဘာကိုပြဆိုပါသလဲဆိုလျှင် ဘာအလုပ်မှ မလုပ်ချင်သော လူဖျင်းလူညံ့များက မိမိ၏ ညံ့ဖျင်းသော သရုပ်သကန်အမှန်ကို လူမသိအောင် ဆောင်ပုဒ်နှင့် ကွယ်ထားခြင်းပင် …. ဆောင်ပုဒ်တွေ ဘာကြောင့်များနေတာလဲ။

မလုပ်ဘဲနေတာတွေ များနေလို့ ဆောင်ပုဒ်တွေ များနေတာပါ။ ဒီလိုပဲ အဖြေထွက်သည်။ မလုပ်ဖြစ်သော အလုပ်မှန်သမျှ ဆောင်ပုဒ်မှာ ရှိနေသည်။ ဤနေရာတွင် ဥပမာတစ်ခု ပေးလိုသည်။

သေးမပေါက်ရဟု ဆိုသော တားမြစ်စာသည် သေးပေါက်သောလူရှိ၍ ရေးရခြင်းဖြစ်သည်။ မည်သူမျှ သေးမပေါက်လျှင် ရေးစရာပင်မလို။ "သန့်ရှင်းရေးအတွက် စနေနေ့တိုင်း လုပ်အားပေး" ဟူသော ဆောင်ပုဒ်မှာလည်း လုပ်အားပေးမည့်သူ မရှိ၍ ရေးနေရခြင်းဖြစ်သည်။ လုပ်အားပေးသူများ အမြဲရှိနေလျှင် ဤဆောင်ပုဒ်သည် မလိုတော့ပေ။ ရှိပြီးသားကိစ္စအတွက် နှိုးဆော်ရန် မလိုတော့ပါ။ ဒါကို သေသေချာချာ တွေးကြည့်ဖို့ လိုပါသည်။

"နှိုးဆော်နေရခြင်းက မလုပ်ခြင်းကြောင့် ဖြစ်သည်။" ဒီတော့ ရှင်းအောင် ပြန်မေးခွန်းထုတ်ရမည်ဆိုလျှင် ဆောင်ပုဒ် (Slogan) ဆိုတာ ဘာလို့ရှိနေတာလဲ။ တကယ် လုပ်ဆောင်နိုင်ခြင်းမရှိတာ မှန်သမျှ နှိုးဆော်နေရသော ဆောင်ပုဒ်အဖြစ် ရှိနေခြင်းပါပဲ။

ဗိုလ်ချုပ်အိုများသည် တကယ်မလုပ်တာ မှန်သမျှကို ဆောင်ပုဒ်များ ရေး၍ အများကို လုပ်စေလို၍ နှိုးဆော်သလိုလို အရောင်ပြကြသည်။ ထိုဆောင်ပုဒ်များကို ရေးစေသော သူတို့ကိုယ်တိုင်ကဖြင့် ဆောင်ပုဒ်အတိုင်း ကျင့်ကြံနေထိုင်သူများ ပုံစံဖမ်း၍ ဟန်ဆောင်နေကြသည်။

ဒါတွေကို ပြည်သူမသိဘူးဟုလည်း ထင်ကြပြန်သည်။ ဤနည်းဖြင့် မရှက်မကြောက် သူတို့ အမှန်တကယ်မလုပ်သော "အမျိုးသားနိုင်ငံရေး" ဆောင်ပုဒ်များ၊ ပလူပျံအောင် ရေးကြသည်။ နေရာတိုင်းတွင် ဆိုင်းဘုတ်ကြီးများ ရေးကြသည်။ မုခ်ဦးတွေလုပ်၍လည်း ရေးကြသည်။ စာလုံးကြီးနိုင်သမျှ ကြီးအောင် ရေးနေကြသည်။

တို့တာဝန်အရေးသုံးပါး၊ နေရာတိုင်းမှာ ပါသည်။ ဆင်ဆာဖြင့် ထုတ်သော စာအုပ်ဟူသမျှ၊ ဂျာနယ်ဟူသမျှ၊ vcd ခွေမှန်သမျှတွင် မလွတ်တမ်း ထည့်ခိုင်းသည်။ ဒါတွေပါမှ ဆင်ဆာခွင့်ပြုသည်။ ဘာကြောင့်ပါလဲ။ တို့တာဝန်အရေးသုံးပါးကို လက်တွေ့မလုပ်လို့ပါ။ အမှန်တကယ် ရှိမနေလို့ပါ။ လက်တွေ့မကျင့်လို့ပါ။ ဒါကြောင့် ဆောင်ပုဒ်တွေကိုသာ များများရေးနေခြင်း ဖြစ်သည်။

ဒါဖြင့် ဒင်းတို့လုပ်နေတာ အမျိုးသားနိုင်ငံရေး မဟုတ်တာကတော့ဖြင့် ဤသီအိုရီ အရ သေချာနေပြီ။ သွေးထွက်အောင် မှန်နေပါပြီ။ ဒင်းတို့ လုပ်နေတာ ဘာနိုင်ငံရေးလဲ။

မြန်မာပြည်သူလူထုကို ဒင်းတို့ပြောသမျှ ယုံနေလိမ့်မယ်လို့ ထင်နေလျှင် မှားမည်။ ဒင်းတို့ရေးသော စာသားများပါသည့် သတင်းစာကို မြန်မာလူမျိုးတစ်မျိုးလုံးက ဆန့်ကျင်ဘက် ပြောင်းပြန်ယူ၍ နားလည်ခဲ့သည်မှာ ဒင်းတို့၏ ဒုတိယဖခင်ကြီးအမည်ခံ ပထွေးကြီး နေ၀င်းလက်ထက်ကတည်းကပင် ဖြစ်သည်။ ဒင်းတို့ ဘာပြောပြော ပြည်သူတွေ ပြောင်းပြန်ယူခဲ့ကြသည်။ ဒင်းတို့ ဘာရေးရေး ဆန့်ကျင်ဘက် တွေးခဲ့ကြသည်။

ပထွေးကြီး နေ၀င်းလက်ထက်ကတည်းက ယနေ့ န.အ.ဖ အထိ တိုင်းပြည်ကို ဆောင်ပုဒ်များဖြင့် ထူထောင်လာခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ပြောသော"ဟိုလူ့ မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနှင့် ဖာနိုင်ငံကြီး ဖြစ်သွားလိမ့်မယ်" ဆိုတဲ့အတိုင်း တိုင်းပြည်သည် ဖာနိုင်ငံသို့ ကျရောက်နေပြီ။

နအဖတို့လုပ်သော နိုင်ငံရေးသည် အတုအယောင်နိုင်ငံရေး၊ ယုတ်ညံ့သော နိုင်ငံရေးပင် ဖြစ်သည်ကို ဤနေရာတွင် အတိအလင်း ပြောလိုသည်။ တိုင်းပြည်ဆင်းရဲနေပြီ။ လူမျိုးလည်း ပျက်ပြီ။ သာသနာလည်း ကွယ်ပြီ။ မြန်မာတိုင်းရင်းသူလေးတွေလည်း ဖာတွေဖြစ်ကုန်ပြီ။ လူမျိုးခြားတွေ စော်ကားတာ ခံနေရပြီ။

ကိုယ်တိုင် မမှန်တာ လုပ်သောသူများက မှန်ကန်သော မေတ္တာတရားရှေ့ရှု၊ ကိုယ်ချင်းစာတရားဖြင့် ဖော်ဆောင်နေသော ယနေ့လူငယ်တို့၏ စစ်မှန်သော အမျိုးသားနိုင်ငံရေးကို အနှစ်သာရမဲ့အောင် ယုတ်ညံ့သော စကားလုံးများဖြင့် ပုတ်ခတ်နေသည်။ မသမာသူတို့ သွေးထိုးမှုကြောင့် နိုင်ငံရေးထဲ ပါလာရသလိုလို။

လူငယ်တို့ ယနေ့လျှောက်လှမ်းနေသော နိုင်ငံရေးဟူသည်ကား - နိုင်ငံတစ်နိုင်ငံလုံး၏ အရေး၊ တစ်မျိုးသားလုံး၏အရေး၊ အယုတ်အလတ်အမြတ်မရွေး ပြည်သူအားလုံး၏ အရေးကို ရှေ့ရှု၍ ကြိုးပမ်းနေသော မေတ္တာတရား ဦးစီးသည့် ဘုရားအကြိုက်၊ နိုင်ငံရေးဖြစ်သည်။ ကိုယ်ကျိုးစီးပွားကိုစွန့်၍ အများအတွက်ဆောင်သော နိုင်ငံရေးဖြစ်သည်။

မိစ္ဆာဒိဋ္ဌိတို့ကို တွန်းလှန်ဖြိုဖျက်၍ သမ္မာဒိဋ္ဌိတို့ မြဲမြံစေရန် ဆောင်ရွက်နေသော နိုင်ငံရေးဖြစ်သည့်အတွက်လည်း အဓမ္မကို တိုက်နေသည့် ဓမ္မနိုင်ငံရေးဖြစ်သည်။ ဓမ္မနှင့်ယှဉ်သည့်အတွက် ကုသိုလ်အရေး ဖြစ်သည်။

အသိဥာဏ်ရှိသော လူငယ်အာဇာနည်အားလုံးတို့က နောင်ခေတ်အဆက်ဆက် မည်သည့် အဓမ္မမိစ္ဆာမျိုးကိုမဆို ဓမ္မဘက်မှ ရပ်တည်၍ တိုက်ပွဲဝင်မည့် နိုင်ငံရေး၊ စစ်မှန်သည့် နိုင်ငံရေးကို လုပ်ကြမည်ဖြစ်သည်။

"အာဇာနည်မျိုးဆက် အမြဲပေါ်ထွက်နေမည်သာ"

"အမျိုးချစ်သော တိုက်ပွဲဝင် အာဇာနည် လူငယ်အားလုံးကို ဦးညွတ်လျက်"

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */