Wednesday, 27 July 2011 14:41 KNG (ပေးပို့ သူ ဗမာ့သွေး)
မြန်မာစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က နိုင်ငံမြောက်ပိုင်း ယခုကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်သောစစ်ပွဲတွင် အသက် ၁၃နှစ် ယောက်ျားလေးအား ရှေ့တန်းသတင်းအချက်အလက် ရယူရာတွင် အဓ္ဓမအသုံးချကြောင်း သိရသည်။
ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေမြို့ စရဖ က ထို ကလေးကို ချီဖွေမြို့အနောက်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA တပ်မဟာ ၁ အောက် တပ်ရင်း ၁၀ ၏ စစ်ရေးလှုပ်ရှားမှု သတင်းဓါတ်ပုံများကို အတင်းရိုက်ယူခိုင်းခဲ့သည်ဟု ကလေးမိဘများပြောသည်။
ဇူလိုင် ၂၆၊ အင်္ဂါနေ့က ချီဖွေအနီး ချန်းဇော်(Chang Zaw)ကျေးရွာ နှင့် ဒမူ(Damu)ကျေးရွာ ကြား တံတားတစ်ခုအခြေအနေကိုသိရှိရန် စရဖ မှ ကလေးငယ်အား ဓါတ်ပုံကင်မရာပေးကာ သတင်းယူစေသည်ဟု ဆိုသည်။
ထိုနေ့ မနက် ၈ နာရီကျော် ယင်းတံတားသို့ ရောက်ရှိစဉ် KIA၏ သတိပေး ပစ်ခတ်မှုတွင် ကလေးငယ် ဒဏ်ရာရရှိသွားပြီး ၎င်းအား ချီဖွေဆေးရုံသို့ မိဘများ သယ်ယူသွားသည်ဟု ကလေးမိဘနှင့် ရင်းနှီးသူများ ပြောသည်။
“ကလေးကို အဲလိုခိုင်းတဲ့လူတွေကို စိတ်နာတယ်။ ကလေးကို သွားလည်း မသယ်ကြဘူး။ ဆေးလည်း ကု မ ပေးကြဘူး။ ကလေးက သေတော့မလို ဝေဒနာခံစားနေရပြီ ချီဖွေဆေးရုံမှာ။” ဟု ကလေးမိဘများနှင့် နီးစပ်သူ ချီဖွေဒေသခံ တစ်ဦးပြောသည်။
မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေသည့်အခြေအနေကြောင့် ချီဖွေ ဒေသခံများမှာ ကြောက်ရွံ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။
“စရဖတွေက သတင်းသွားစုံစမ်းဖို့ မ လုပ်ရဲကြ။ လုံခြုံရေးယူဖို့ကြတော့လည်း မ လုပ်ရဲကြနဲ့ ပြည်သူတွေကို ဒီလို လုပ်ခိုင်းနေကြတယ်။” ဟု ဒေသခံတစ်ဦးလည်း ပြောသည်။
ဇူလိုင် ၂၅ ရက်တွင်လည်း မြန်မာစစ်တပ် ငါးဦး (ငဦး) အခြေစိုက် ခလရ (၁၂၁)နှင့် KIA တပ်ရင်း (၁၀)ကြား ချီဖွေ အနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။
Rest of your post
Thursday, July 28, 2011
၁၃ နှစ်ကလေးအား မြန်မာတပ်မှ ရှေ့တန်း သတင်းယူရန် အဓ္ဓမ အသုံးချ
မြန်မာစစ်တပ် အတွက် ရိက္ခာနှင့် မြင်းကုန်းနှီးများ သင်္ဘောဖြင့်တင်ပို့နေ
Wednesday, 27 July 2011 17:53 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
ကချင်ပြည်နယ် အတွင်း ကေအိုင်အေနှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြန်မာ စစ်တပ် စားသုံးရန် ရိက္ခာ နှင့် ထောက်ပံ့ရေးပစ္စည်း သယ်ရာတွင် အသုံးပြုသည့် မြင်း ၊လားကုန်းနှီးများ တင်ဆောင် လာသည့် သင်္ဘောတစ်စီး ဗန်းမော်ဆိပ် ကမ်းသို့ ယမန်နေ့က ဆိုက်ကပ်လာကြောင်းသိရသည်။
အဆိုပါ သဘောင်္ပေါ် တွင် မြန်မာစစ်သည် အယောက် ၅၀ ခန့်လည်း လိုက်ပါလာကြောင်း ခိုင်လုံသည့် တရုတ်နယ်စပ် စစ်ဘက်သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မနေ့က ဗန်းမော်ကို ဆိုက်တဲ့သဘောင်္ပေါ်မှာ လားကုန်းနှီးနဲ့ ရိက္ခာတွေပါလာတယ် လားကုန်းနှီးက စစ်ကားတစ်စီးစာ အပြည့်တင်သွားတယ် ဆန်အိတ်နဲ့ရိက္ခာတွေလည်း စစ်ကားတွေနဲ့လာသယ်တယ် စစ်သားကတော့ သိပ်မများဘူး ၅၀ လောက်ပါတယ် ” ဟု ကချင်ပြည်နယ်တွင်း စစ်ပွဲအခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။
ဗန်းမော်မြို့၌ မြန်မာစစ်တပ်၏ အမှတ် ၉၃၃ ဝန်တင်တပ်ရင်း အခြေစိုက်ထားပြီး ゞင်းဝန်တင်တပ်ရင်းမှ မြင်း ၊ လား များဖြင့် တောင်ပေါ်ဒေသရှိ စစ်အခြေစိုက်စခန်းများသို့ လက်နက်ရိက္ခာများ ပို့ဆောင်နိုင်ကြောင်း သိရသည်။
ယခင်ကလည်း မန်မာစစ်တပ်များ သဘောင်္ဖြင့်ပို့ဆောင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး မြန်မာစစ်တပ်မှ ကေအိုင် အေအပေါ် ထိုးစစ်ဆင်မည့် အသွင်ဆောင်နေရာ ဒေသတွင်း စစ်ပွဲပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့နှစ်ဘက်တိုက်ပွဲများယမန်နေ့ အထိဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။
Rest of your post
ငွေကြေးမတတ်နိုင်၍ မီတာဘောက်စ် ထပ်မလဲချင်ဟု ဒေသခံများပြော
Wednesday, 27 July 2011 17:50 Mo Huang (ပေးပို့ သူ ဗမာ့သွေး)
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဒေသခံများကို လျှပ်စစ်ဦးစီးမှူးက မီတာဘောက်စ်ထပ်မံလဲခိုင်းရာ ငွေကြေးမတတ်နိုင်သော ဒေသခံများကထပ်မလဲချင် ဟု ပြောကြသည်။
“အရင်က ကျမတို့ တရုတ်မီတာဘောက်စ်ကနေ ဗမာမီတာဘောက်စ်ကို တခေါက်လဲထားပြီးပြီ။ ကျမတို့ အတွက်နောက်တခေါက်လဲရမယ်ဆိုရင်တော့ မလွယ်တော့ဘူး။ ကျမတို့မှာ ငွေကြေးမတတ်နိုင်ဘူး လေ” ဟုဒေသခံတဦးကပြောသည်။
ယခင်က မီတာဘောက်စ်တခုလဲလျှင် သုံးသောင်းနှင့်ငါးသောင်းကြားပေးဆောင်ကြရပြီး ယခုမှာ ခြောက် သောင်းမှ ရှစ်သောင်းခွဲအထိ ပေးဆောင်ရမည့် အတွက်ကြောင့်ဖြစ်သည်ဟုဆို၏။
မီတာဘောက်စ်ပြန်လည်လဲလှယ်ရခြင်းမှာ မီတာ မတက်သဖြင့် မီတာခ မရခြင်းကြောင့် ဖြစ်ပြီး ယခုလ မှ စတင်၍ ရပ်ကွက်ဥက္ကဌများထံ မီတာဘောက်စ် လဲလှယ်ရန် စာရင်းသွင်း လက်မှတ်ရေးထိုးနေရပြီဟု ဒေသခံတဦးပြောသည်။
တရုတ်မီတာသုံးစဉ်က လျှပ်စစ်မီတာခ ၁ ယူနစ် ၁၀ဝ ကျပ်ခန့်ပေးဆောင်ရပြီး ဗမာမီတာဘောက်စ်မှ လျှပ်စစ် မီတာခမှာ ၂၅ ကျပ်ပေးဆောင်ရသည်ဟုဆို၏။ သို့သော် လျှပ်စစ်မီးအား မပြည့်သည့်အပြင် မကြာခဏ ပြတ် တောက်သဖြင့်ဒေသခံများမသုံးလိုကြကြောင်း၊ ထို့ထက်သာမက မီတာမတက်သည့် ဗမာမီတာဘောက်စ်ကို မီတာခတက်မည့် ဗမာမီတာဘောက်စ်နှင့်ပင် ပြန်လဲလှယ်ခိုင်းခြင်းဖြစ်ကြောင်း၊ မီတာဘောက်စ်ပြန် လည် လဲလှယ်ခမှာလည်း ဈေးကြီးနေသဖြင့် မတတ်နိုင်ကြခြင်းဖြစ်ကြောင်း သိရ၏။
နမ့်ခမ်းဒေသခံများမှာ ပြီးခဲ့သည့် ၂၀ဝ၉ က တရုတ်မီတာဘောက်စ်မှ ဗမာမီတာဘောက်စ်သို့ တခါလဲလှယ်ခဲ့ ရဖူးသည်။
Rest of your post
တပ်တွင်း နှင့် အစိုးရသစ် များအတွင်း အက်ကြောင်းများရှိ
Wednesday, 27 July 2011 15:12 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
တပ်တွင်းမိသားစု စားနပ်ရိက္ခာဖြတ်တောက်ခံရမှု၊ တိုင်းရင်းသားဒေသ ရှေ့တန်းစစ်မျက်နှာဖွင့်နေမှု အခြေအနေများကြောင့်စစ်အုပ်စုထိပ် ပိုင်းခေါင်း ဆောင်များအတွင်း သဘောထားမတိုက်ဆိုင်မှုများ ပိုမိုကြီးထွားလာကြောင်း တရုတ်မြန်မာနယ်စပ်နေ နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“သမ္မတ သိန်းစိန် က တဘက်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး နဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ က တဘက်ပေါ့။ ဘယ်လောက်အထိပြဿနာတက်လဲတော့မသိဘူး။ စစ်ထိပ်သီး သန်းရွှေ လူလွှတ်ပြီး အခြေအနေ ထိန်းသိမ်းရတဲ့အဆင့်တဲ့” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။
တပ်တွင်းစားနပ်ရိက္ခာဖြတ်တောက်ခံရမှုကြောင့် အမှတ် ၁ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် အနိမ့် ဆုံး ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ အရာရှိပေါင်း ၂၀ဝ ကျော် နှုတ်ထွက်စာ တင်ရာ၊ ထို ပြဿနာ များဖြေရှင်းနိုင်ဖို့ သမ္မတသစ်ဦးသိန်းစိန်က ရှေ့တန်းစစ်မျက်နှာဖွင့်မှုအားလုံးရပ်ဆိုင်း ရမည်ဟု ဆို၏။
သို့သော် ဒုသမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့က တိုင်းရင်းသားများအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်ဆိုင်း၍မဖြစ်နိုင်ကြောင်း၊ သျှမ်းတပ်နယ်မြေအားလုံးကို သိမ်းပိုက်နိုင်မှသာ ဝ တပ်ဖွဲ့ကို တိုက်ခိုက်ရန်လွယ်ကူမည် ဖြစ်ကြောင်း၊တပ်တွင်းစားဝတ်နေရေး ပြဿနာ အတွက် တရုတ်ထံမှ ချေးငွေရလာ ပါက အားလုံးပြေလည်သွားမည်ဖြစ်ကြောင်း - အချင်းချင်း အချေအတင် ငြင်းခုံကြသည်ဟုဆို၏။
ယခုကဲ့သို့ သမ္မတနှင့် ဒုသမ္မတအကြား မပြေလည်မှုကြောင့် အနားယူနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင် အဆုံးအဖြတ်ပေးရကြောင်း၊ ゞင်းက “ ယခုအခြေအနေ၌ လက်ရှိသမ္မတနှင့်ဒုသမ္မတတို့ သူ့နေရာ သူဆက်ရှိသင့်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုကို ဦးစားပေးသင့်ကြောင်း” ညွှန်ကြားခဲ့ဟည်ဟုအဆိုပါ ပုဂ္ဂိုလ်ကပြောပြသည်။
“သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ကို သိမ်းပိုက်ဖို့ - အဲဒါတွေနဲ့လဲဆိုင်တယ်။ တိုင်းချုပ်အောင်သန်းထွဋ် အမိန့် အရဆို ၇ ရက်အတွင်း အပြီး တိုက်ရမှာ။ အခုက ၃-၄ ရက်တောင်လွန်လာပြီ။ ရပခ၊ ရမခ၊ ရလခ လက်အောက်ခံ ဘယ် တပ်ရင်းတပ်ဖွဲ့မှ ရှေ့တိုး မတိုက်ဘူး။ တပ်တွင်း ၊အစိုးရသစ်အတွင်းအကွဲအပြဲတွေ ကြောင့် စစ်ရေးအမိန့်အာဏာ မထိ ရောက်တာလဲ ဖြစ်နိုင်တယ်” - ဟု သျှမ်းခေါင်းဆောင် တဦးက လဲ ပြောပါ သည်။
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်အုပ်စုထိပ်တန်း အကွဲအပြဲ သတင်းနှင့်ပတ်သက်၍ ဌင်းတို့ရထားသောအချက်အလက်နှင့် ကွင်းဆက်ချိတ်မိကြောင်းဆို၏။ သို့သော် သျှမ်းသံတော် ဆင့်အနေဖြင့် အဆိုပါကိစ္စအသေးစိတ်အား သီးခြားအတည်ပြုနိုင်ခြင်းမရရှိသေးပေ။
Rest of your post
အစိုးရက ရှမ်းမြောက်ပိုင်းကို ဆွေးနွေးရန် ကမ်းလှမ်း
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၈ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တိုးတက်ရေး ပါတီဌာနချုပ်ကို ရက်သတ္တတပတ်ကျော် ပိတ်ဆို့ ဝန်းရံထားသည့် အစိုးရတပ်က တနင်္လာနေ့တွင် ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်သည့်အတွက် လက်မခံသေးကြောင်း ရှမ်းတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောသည်။
“သံဃာတော် ၂ ပါး လွှတ်တာ အကျုံးမဝင်ဘူးလေ။ ဒါကြောင့် ကျနော်တို့ စစ်ခေါင်းဆောင်တွေကလည်း ငြိမ်းချမ်းရေး ဆွေးနွေးချင်ရင် အစိုးရတပ်တွေ ကျနော်တို့ ဌာနချုပ်အနီးက အရင်ဆုံး ဆုတ်ခွာပေးဖို့ တိုတိုတုတ်တုတ်ပဲ ပြန်ပြောလိုက်တယ်” ဟု SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှက မဇ္ဇျိမကို ပြောသည်။
SSPP အနေနှင့် ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်အနီးရှိ ဝမ်ဟိုင်းဌာနအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည်သာမက တပြည်လုံး အတိုင်းအတာထိ ပြည်တွင်းစစ် ရပ်စဲရန် လိုလားကြောင်း ပြောသည်။
ဇူလိုင်လ ၁၁ ရက်မစ၍ှ အစိုးရတပ်က SSPP၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ၁၈ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ ပရဟိတတကျောင်းနှင့် မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ကျောင်း မတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။
ဇူလိုင်လ ၂၄ ရက်နေ့တွင် ဝမ်ဟိုင်းဌာနချုပ်နှင့် ၁၈ မိုင် ကွာဝေးသည့် ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ပညာရေးမှူးက ကျောင်းများ ပြန်ဖွင့်ပေးရန် ဆရာ ဆရာမများကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ပြောဆိုသော်လည်း ကျောင်းများ ပြန်မဖွင့်နိုင်သေးပေ။
“ကျောင်းပိတ်တာက ကျနော်တို့ ပိတ်တာ မဟုတ်ဘူးလေနော။ ကလေးတွေရဲ့ ပညာရေးကို သူတို့ တကယ် လိုလားရင် သူတို့တပ်တွေကို အရင် ရုပ်သိမ်းပေးရမယ်။ အဲလိုဆိုရင်တော့ ကျောင်းက အလိုလို ပြန်ဖွင့်သွားမှာပါ” ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် အစိုးရတပ်များ ရောက်ရှိနေပြီး SSPP ဒေသဝန်းကျင်တွင် တပ်ရင်း ၂ဝ ခန့် တပ်စွဲထားကြောင်း SSPP က ပြောသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် မြန်မာအစိုးရတပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့ဝင်များအား စစ်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၈ ရက်နေ့နှင့် ၂ဝ ရက်နေ့အတွင်း ပျောက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှမ်းမြောက်နှင့် ပူးပေါင်းရန် စီစဉ်နေသော မဟာမိတ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။
ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီ ဖြစ်ကြောင်း ၂ဝ၁၁ မေ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော်လည်း လက်တွေ့ အနေအထားအရ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ နောက်ထပ် ဆွေးနွေးစရာ ရှိနေသေးကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။
၁၉၈၉ ခုနှစ်တွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N က ယခင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
ထို့နောက် အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးရာက လက်မခံသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကိုင်ဖက SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
Rest of your post
ဗိုလ်ချုပ်တင်ငွေ “သန့်ရှင်းသော အစိုးရ” သားကောင်ဖြစ်သွား
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၇ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရသစ်လက်ထက်တွင် စစ်ဘက်ဆိုင်ရာ အကြီးဆုံး ရာထူးမှ ဖယ်ရှားမှုဖြစ်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေအား ရာထူးမှ အနားပေးလိုက်ခြင်းမှာ အစိုးရသစ်၏ ‘သန့်ရှင်းသော အစိုးရ’ ဖော်ဆောင်ရေးတွင် သားကောင်ဖြစ်သွားသည်ဟု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“ငါတို့ ကလင်းဂါးဗားမန့် လုပ်နေတယ်ဆိုပြီး။ (ဗိုလ်ချုပ်)တင်ငွေတော့ သိပ်စားတာ မတွေ့ဘူး” ဟု ဦးအောင်ကျော်ဇော က ပြောသည်။
နောင်တွင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ရန် အလားအလာကောင်းသည်ဟု စစ်တပ် ထိပ်ပိုင်းအတွင်း ခန့်မှန်းခဲ့ကြသော ဗိုလ်ချုပ်တင်ငွေ ဖြုတ်ပစ်မှုကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တပ်တွင်း ခန့်မှန်းပြောဆိုမှုများတွင် အလယ်ပိုင်း တိုင်းမှူး ဖြစ်စဉ်ကာလ မန္တလေးအောင်ပင်လယ် မြေယာကိစ္စ အရှုတ်တော်ပုံတွင် ပါဝင်ပတ်သက်မှုကြောင့်ဟု ဆိုသည်။
ဗိုလ်ချုပ်တင်ငွေမှာ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီးမောင်အေးတို့ နှစ်ဦးလုံး၏ လူယုံဟု တပ်တွင်းသိကြသည်။
“သူတို့လူဖြစ်သော်လည်း အထောက်အထားတွေ တွေ့နေရရင် အဖြုတ်ခံရတာပဲ။ ဘိန်းစားချင်း တမူးပိုအရှူခံ ရတာပေါ့ဗျာ။ အနည်းနဲ့ အများ စားကြတဲ့ သူတွေချည်းပဲ။ သူ့အမှုက သိပ်ထင်ရှားနေလို့၊ ရန်ကုန်မှာလည်း အုတ်အော်သောင်းနင်း ဖြစ်နေလို့ဆိုရင်လည်း ချမှာပေါ့” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
အောင်ပင်လယ် မြေရိုင်းဖော်ထုတ်မှုတွင် ဗိုလ်ချုပ်တင်ငွေ မည်သို့ ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့သည်ကို အခိုင်အမာ မသိကြရသော်လည်း ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည် အရှေ့ဘက်ထိပ်မှ မြေများအား ပေးဝေခဲ့ရာတွင် ပြဿနာ အရှုတ်အထွေးများ ဖြစ်ခဲ့ကြောင်း မန္တလေးမှ စာရေးဆရာတဦးက မဇ္ဈိမကို ပြောသည်။
“သူ တိုင်းမှူးက နားရတော့မယ့်အချိန်မှာ မြေကွက်တွေ တော်တော်များများကို အလှူပွဲကြီးလိုကို ပေးပစ်လိုက်တာ
ပေါ့ဗျာ။ သူနဲ့ ပတ်သက်တဲ့ လူတွေကိုပေါ့။ နောက်တိုင်းမှူး တက်တဲ့အချိန်မှာ အဲဒီမြေတွေက တော်တော်များများ
ပြဿနာတွေ တက်ကုန်တယ်။ တချို့မြေတွေကို ၂ ယောက် ၃ ယောက် ပေးတာ၊ ထပ်ကုန်တာတွေ ဖြစ်တယ်” ဟု သူက ပြောသည်။
အောင်ပင်လယ် တောင်ဖျားရှိ ၄၈ လမ်း၊ ၄၉ လမ်း တဝိုက်တွင်လည်း အားကစားကွင်း၊ ကျောင်း၊ ပန်းခြံများ
အတွက် လျာထားသည့် မြေရိုင်းများအား အကွက်ချ၍ ရောင်းစားမှုများ ရှိခဲ့ကြောင်း အောင်ပင်လယ် ဒေသခံ တဦးကလည်း “မြေကွက်တွေ ပိုင်းရောင်းတာတွေ ရှိတယ်။ ၃၅ လမ်း မြောင်းဘေးကိုလည်း မြေဖို့လိုက်ပြီးတော့ အကွက် ယူလိုက်တယ်ပေါ့။ ဘောလုံးကွင်းတို့၊ ကျောင်းတို့၊ ပန်းခြံတို့အတွက် လျာထားတာတွေ ရောင်းသွား
တယ်ပေါ့၊ မြို့ကွက်သစ်တွေပဲ” ဟု ပြောသည်။
ဤသို့ မြေရိုင်းများအား ရောင်းချပုံမှာ အာဏာပိုင်များက ကိုယ်တိုင် ရောင်းချခြင်း မဟုတ်ဘဲ ကုန်သည်ကြီးများက တဆင့်ခံ ရောင်းချပေးခြင်းဖြစ်ကြောင်း “အဲဒါကို ရောင်းချပေးတာက မြို့ပေါ်က ကုန်သည်ကြီးတချို့ပေါ့။ သိန်းထောင်ချီ ပေးရတယ်။ အဲလို အရောင်းအဝယ်တွေ ဖြစ်ကြတယ်။ ဝယ်ထားပြီးရင်ကို ရာကြီးပိုင်းတွေ၊
ထောင်ကြီးပိုင်းတွေ ဈေးဖြစ်တာကိုးဗျ။ ပိုက်ဆံ ရတာကတော့ မူလပိုင်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေက
ရတာပေါ့” ဟု အောင်ပင်လယ် ဒေသခံက ဆက်ပြောသည်။
သို့သော် ဗိုလ်ချုပ်တင်ငွေ အလယ်ပိုင်းတိုင်းမှူးအဖြစ် မန္တလေး၌ ရှိနေစဉ် လာဘ်စားမှုဖြင့် နာမည်ပျက်
သိပ်မရှိခဲ့ကြောင်း မန္တလေး စာရေးဆရာက ဆိုသည်။
“လုပ်ငန်းရှင်တွေ ပြောကြတာက သူရှိတဲ့ကာလတုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဘာမှ ပြဿနာမရှိဘူးပေါ့။ လာဘ်ပေးလာဘ်ယူမှု သိပ်မရှိဘူးလို့တောင် ကြားဖူးပါတယ်” ဟု သူက ပြောသည်။
နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် စစ်တိုင်းမှူးဆိုသည်မှာ နယ်ဘုရင်များဖြစ်ကြပြီး ခြစားမှု မကင်းကြ
ကြောင်းလည်း ဦးအောင်ကျော်ဇောက ပြောသည်။
ကစထ ၆ ခုရှိရာ ဗိုလ်ချုပ်တင်ငွေ အနားယူသွားသည့်အတွက် ကစထ နေရာ ၃ ခု လစ်လပ်သွားပြီ ဖြစ်သည်။
ဗိုလ်ချုပ်တင်ငွေအပြင် ကာကွယ်ရေးဝန်ကြီး ဖြစ်သွားသည့် ဗိုလ်ချုပ်လှမင်းနှင့် ဒု-ကာချုပ် ဗိုလ်ချုပ်စိုးဝင်းတို့၏
နေရာများလည်း လစ်လပ်နေခြင်း ဖြစ်သည်။
Rest of your post
ကြိုတင်မဲအကြောင်း ရှင်းပြီ
ခင်ဦးသာ Wednesday, 27 July 2011 18:25 (ပေးပို့ သူ ဗမာ့သွေး)
ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရခြင်းမှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။
နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုမှ ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။
“ပါတီတခုကို ၂ မိနစ်စီ တင်ပြ ဆွေးနွေးဖို့ အချိန်ရတော့ အများစုက မဲမသမာမှုတွေကို တင်ပြကြတယ်၊ ဒီတော့ ပြန်ပြီးတော့ သုံးသပ်သွားမယ်၊ နောင် ဒီလို မဖြစ်အောင် လုပ်သွားမယ်ပေါ့၊ ဒီလောက်ပါပဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။
နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲသို့ အကဲခတ်အဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းစဉ်ကမူ အာဏာပိုင်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက် ရှိသဖြင့် အကဲခတ်သူများ မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။
ကြံ့ဖွံ့ပါတီဟု လူသိများသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှအပ အစည်းအဝေး တက်ရောက်ကြသော ပါတီ အများစုက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ဖွံပါတီ၏ မဲ မသမာမှု၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ချယ်လှယ်မှုများကို တင်ပြကြကြောင်း၊ သို့သော်လည်း ကော်မရှင်ထံမှ တိကျသော အဖြေ မရခဲ့ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လက်ခံနိုင်ပေမယ့် ဒီဥပဒေကို ပါတီတချို့က လက်တွေ့ မကျင့်သုံးတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ပြောပြသည်။
အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်အရ ဖွဲ့စည်းထားသော ကော်မရှင်သည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လွတ်လပ်မှုရှိပြီး ဘက်လိုက်မှု ကင်းရှင်းရန် လိုအပ်ကြောင်း၊ အစည်းအဝေးများတွင် ပြောဆိုနေမှုထက် လက်တွေ့ ကျင့်သုံးရန် အရေးကြီးကြောင်း၊ ကော်မရှင်အဖွဲ့ဝင် အများစုသည် ကြံ့ဖွံ့ပါတီဝင်များ ဟု သိရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခုကို နိုင်ငံရေးပါတီများက တာဝန်ယူ ကျင်းပသင့်ကြောင်း ပါတီခေါင်းဆောင်တချို့က အစည်းအဝေးတွင် တင်ပြခဲ့ကြသည်ဟု ဆိုသည်။
“(ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်) ဦးတင်အေးက ဒီကိစ္စကို လွှတ်တော်မှာပဲ တင်ပြ ဆွေးနွေးပါ၊ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြန်ဖြေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ဖွံ့ပါတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ လက်ရှိအချိန်တွင် ဦးတင်အေးက ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားခြင်း မရှိတော့ကြောင်း အစည်းအဝေး တက်ရောက်သူများကို ရှင်းပြခဲ့သည်ဟု သိရသည်။
လွှတ်တော်အစည်းအဝေးများ မည်သည့်အချိန်တွင် ပြန်လည် ကျင်းပမည်ကို မသိရသေးကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။
Rest of your post
ဆန်ရှင် ဆန့်ကျင်ရေးလုပ်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင်(မဇ္စျိမ) ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်သော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးတွင် နိုင်ငံရေး ပါတီများ ပါဝင် လုပ်ဆောင်ကြရန် နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့က ၃၇ ပါတီနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက်သည်။
စီးပွားရေး ပိတ်ဆို့မှုသည် အစိုးရနှင့် နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ မထိခိုက်ကြောင်းနှင့် ပြည်သူလူထုများကို ထိခိုက်သဖြင့် ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီများမှ ကူညီ ဆောင်ရွက်သွားဖို့ လိုသည်ဟု ပြောကြား သွားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တဦးဖြစ်သာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေး မဖွံ့ဖြိုးအောင်၊ မတိုးတက်အောင်အဟန့်အတား ဖြစ်နေတာက တချို့နိုင်ငံကြီးတွေက ဆန်ရှင်လုပ်ထားတာ။ ဆန်ရှင်ဆိုတာ တချို့က ပြောကြတယ်။ အစိုးရရဲ့ စီးပွားရေးသမားတွေပဲ ထိခိုက်တယ်လို့ ပြောတယ်။ တကယ်တော့ သူတို့ကို မထိခိုက် ပါဘူးတဲ့” ဟု ဦးသုဝေက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပူးပေါင်း၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည် သုံးသပ် သွားကြရန် တိုက်တွန်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁ဝ မတ်လဆန်းက ထုတ်ပြခဲ့သော ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ အတိုင်း ဆက်လက် လိုက်နာကျင့်သုံးရန်နှင့် ပြည်ပမှ မတရားအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ပါတီဝင်အဖြစ် လက်ခံပါက ပုဒ်မ ၆ အတိုင်း ပါတီ ဖျက်သိမ်းမည်ဟုလည်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။
ထို့ပြင် နိုင်ငံရေးပါတီ ကိုယ်စားလှယ် တဦးလျှင် ၂ မိနစ်ဆီကြာဆွေးနွေး တင်ပြခွင့်ပေးခဲ့ရာ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီက လက်ရှိ ဖြစ်ပွားနေသော
လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုင်းရင်းသားပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင် ဆွေးနွေးစေလိုကြောင်း
အဆိုပြုခဲ့သည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
“ အခုလောလောဆယ် ရှမ်းပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်တဲ့ အခမ်းအနားမှာ ပါတီတွေကို သူက အကြံပြုတာပါ။ တိုင်းရင်းသားပါတီ ပေါင်းစုံထဲက ပုဂ္ဂိုလ်တွေပါတဲ့ဆွေးနွေးစေချင်တဲ့ အကြောင်းကို အဆိုပြုတာကို ဥက္ကဋ္ဌကြီးက ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်က လုပ်လို့ မရဘူး၊ လွတ်တော်မှာ တင်ပြကြပါဆိုပြီးတော့ အကြံပြုတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
ယင်းအဆိုပြုချက်များကို ချင်း၊ အင်း၊ ဖလုံစဝေါ်၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများ ကလည်း ထောက်ခံခဲ့သော်လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် လာမည့် ပြည်ထောင်စု လွတ်တော်သို့ တင်ပြရန် အကြံပြုခဲ့သည်ဟု သူက ဆက်ပြောသည်။
အလားတူ ကော်မရှင် ဥက္ကဋ္ဌက သူ၏ အသက် ၁၈ နှစ်အရွယ်မှစ၍ တပ်မတော်တွင် ဖြတ်သန်းခဲ့သည့် သူ့ကိုယ်ရေး ရာဇဝင် အကျဉ်းကို ပြောကြားလိုက်ပြီး တပ်မတော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်ဟူ၍ပြောဆိုခဲ့သည်ဟု ဦးတင်အေးက ပြောဆိုခဲ့သည်။
“ အခုထိ လက်နက်ကိုင် ပဋိက္ခကိစ္စတွေလည်း ဖွဲ့စည်းပုံအရ လုပ်တဲ့ သဘောလို့ အကြမ်းဖျင်းပြောတယ်ဗျ။ ဒါပေမဲ့ ငြိမ်းချမ်းစေချင်တယ်။ သူတို့မှာလည်း ဆန္ဒရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းရေး ဆိုတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အရ တခုတည်းသော တပ်မတော် ဖြစ်ရမယ်ဆိုတာကို ပြန်ပြောတာပါ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
နအဖ စစ်အစိုးရလက်ထက် စစ်တပ် ရန်ပုံငွေ အတွက်ရှာသော ဦးပိုင်ကုမ္ပဏီ အကြီးအကဲအပြင် အရေးပါသော ရာထူးများ ယူခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးသည် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင်ဖြစ်ပြီး ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အဆို တင်သွင်းခဲ့ရာမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ယနေ့ ဆွေးနွေးမှုတွင် နိုင်ငံရေး ပါတီများ အနေဖြင့် ၂ မိနစ်ခန့်သာ ပြောဆိုရသဖြင့် အချိန်နည်းပါးပြီး ယခုကဲ့သို့ ရှင်းပြမှုကို မကြာခဏ ခေါ်ယူ တွေ့ဆုံသင့်ကြောင်း ဒေါက်တာ အေးမောင်က အကြံပြုသည်။
သို့သော် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒီမိုကရေစီမိတ်ဆွေများ ၁ဝ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု၊ NDF၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများက ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းတခုကို ရွေးကောက်ပွဲ
ကော်မရှင်ထံ ပေးပို့ခဲ့သည်။
စာတမ်းက ရွေးကောက်ပွဲအတွင်း အစိုးရပါတီ ကြံ့ဖွံဘက်လိုက်ကာ မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ထားခြင်းကို အဓိက မီးမောင်းထိုးပြထားသည်။
“သူကတိတော့ ပေးပါတယ်။ ကျနော်တို့ မဟာမိတ်ပါတီတွေ ညှိနှိုင်းတိုင်ပင်ပြီး ရေးတဲ့ စာတမ်းမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နည်းဥပဒေအတိုင်း မကျင့်သုံးခဲ့တာတွေ ရှိတယ်။ အဲဒါကိုရှောင်ရန် ပြုပြင်သွားဖို့။ ကြိုတင်မဲ ယူတာတို့၊ မဲရေတွက်တဲ့ အချိန် အများပြည်သူရှေ့မှာ ရည်တွက်ဖို့ အဲဒါတွေကို တင်ပြတယ် အဲဒါဖတ်ပြီးပြီ။ သူက အဲဒီစာကို ပြုပြင်သင့်တာတွေ ပြုပြင်သွားမယ်လို့ ပြောတယ်”ဟု ဒေါက်တာအေးမောင်ကပြောသည်။
ယနေ့ ဆွေးနွေးပွဲတွင် ပြည်တွင်းမှ သတင်းသမားတဦးမှ မလာရောက်သော်လည်း အစိုးရ၏ မြန်မာသတင်းစဉ်၊ MRTV စသည့် မီဒီယာများသာ တွေ့ရသည်သဖြင့် နောက်နောင် သတင်းမီဒီယာသမားများ ကိုလည်း ခေါ်ယူသင့် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ ယနေ့ ဆွေးနွေးပွဲတွင် နည်းဥပဒေ၊ ဥပဒေများကိုသာ တင်ပြဆွေးနွေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်နေ့တွင် ကျင်းပမည်၊ မဲဆန္ဒနယ် မည်မျှ ရှိသည် ဆိုသည့် အချက်များကိုမူ ပြောဆိုလာခြင်း မရှိသေးကြောင်း ဦးသုဝေက ပြောသည်။
နိုင်ငံရေးပါတီ ၃၇ ပါတီမှ ၃၆ ပါတီမှ ကိုယ်စားလှယ်မျာ တက်ရောက်ခဲ့ပြီး ဦးသိန်းတင်အောင် ဦးဆောင်သောပြည်ထောင်စု ဒီမိုကရေစီ ပါတီက တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
Rest of your post
ယိုင်နေသော မြန်မာ
တပ်မတော် အရာရှိကြီးများသည် သူတို့ ကျူးလွန်ခဲ့သည့် အပြစ်များ အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ သွားရမည် စိုးသော အကြောင်းပြချက်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် မဲအပြတ်အသတ်ဖြင့် တရားဝင် အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းမပေးဘဲ စစ်တပ်က အာဏာပြန်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲ ကောက်မရှင် ဥက္ကဌ ဦးတင်အေးက ပြစ်မှုကျူးလွန်ခဲ့ကြသူများ ကိုယ်စား တရားဝင် ဖွင့်ဟ ၀န်ခံသွားခဲ့ပါသည် ။
သူတို့ကိုယ်တိုင်ကြတော့ ပြစ်မှုများစွာ ကျူးလွန်ထားလို့ ထောင်ထဲသွားရမည့် အရေးကို တွေးကြောက်နေကြပြီး တိုင်းပြည် တိုးတက်စေရေး အတွက်
ပြည်သူလူထု ဘက်မှ ရပ်တည်ခဲ့ကြသည့် လူအများကိုတော့ ဆက်လက် ချုပ်နှောင်ထားသည်မှာ တရားမျှတသည်ဟု ထင်မြင်နေကြတာလား ။
နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးလျှင် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပါ့မယ်လို့ အတိအလင်းပြောကြားထားပါလျှက်
ပြန်မလွှတ်ပေးဘဲ Sanction ကို ဆန့်ကျင်ကြဖို့ ပြောသည့် စကားကို လွှတ်တော် အမတ်များက တုန့်ပြန်ပြောကြားခြင်း အလျှင်းမရှိဘဲ လက်ညိုးထောင် ခေါင်းငြိမ့်၍ ပြန်လာကြသည်မှာ ပြည်သူ့ ကိုယ်စားလှယ် ပီသသည်ဟု ထင်မြင်ယူဆနေကြပါလား ။
ပြဿနာ တခုရဲ့ ရင်းမြစ်မူလကို တွေ့ရှိကာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းများနဲ့ လုပ်ပိုင်ခွင့်များကို ဆုပ်ကိုင်ထားပါလျှက် ထိုသို့ ရူးကြောင်ကြောင်တွေးကာ အာဏာတည်မြဲဖို့ အရေး ကြိုးစားနေသည့် အစိုးရသည် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေပါသည် ဆိုသည့် စကားကို နိုင်ငံတကာ က ယုံကြည်ဖို့ဆိုတာ အသာထား ပြည်သူလူထုက ပင် ယုံကြည်ရန် ခက်ခဲလှသည်ကို အကြံပေးပညာရှင်များက အဘယ်ကြောင့် အကြံမပေးကြပါသနည်း ။
ပြည်သူလူထုရဲ့ ချွေးနှဲစာများဖြင့် ၀ယ်ယူထားသည့် လက်နက်ခဲယမ်း မီးကျောက်များကို အသုံးပြုကာ ကိုယ့်ညီအစ်ကို မောင်နှမ အရင်းများကို
သတ်ဖြတ်နေကြ၍ တိုင်းပြည်ကို ကာကွယ်နေပါသည့် ဆိုသည့် တပ်မတော်သားများကို ကျွန်ူပ်တို့ ဘယ်လို အသိဥာဏ်မျိုးဖြင့် လေးစားစွာ ဆက်ဆံရမည်နည်း ။
ကျူးကျော်စစ်များ ချုပ်ငြိမ်းနေသော ကာလတွင် တိုင်းပြည် တိုးတက်ရေး အတွက် လုပ်ဆောင်ရမည့် ပြည်သူ့ဘဏ္ဍာများကို ကာကွယ်ေး အတွက် အသုံးချ ၊ အာဏာတည်မြဲရေး အတွက် စစ်ပွဲများ ဖန်တီး ၊ မြေပေါ်မြေအောက် သယံဇာများကို လက်ညိုးထိုး၍ စိတ်ကြိုက်ရောင်းချရာ ကိုယ်ကျိုးအတွက် အသုံးချနေသည့် စစ်အာဏာရှင်များ၏ နေရာတည်မြဲရေးကို ကာကွယ်ပေးသည့် တပ်မတော်ကို ပြည်သူလူထုက ပြည်သူချစ်သော တပ်မတော်မဟုတ်လို့ ရွံရှာမုန်းတီးလာကြသည်မှာ ပြည်သူလူထု အမှားလား .. လက်ရှိ တပ်မတော်သားတွေရဲ့ အမှားလား ။ ဆင်ခြင်တွေးကာ ပြင်ဆင်ရေး အတွက် ကြိုးစားစေလိုပါတယ် ။
1947 ဇူလိုင်လ 19 ရက်နေ့ အာဏာကို တပ်မက်သူ လူယုတ်မာ တစုကြောင့် ပြည်ထောင်စုရဲ့ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တိုင်းပြည်ရဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့ကြ၍ နှမြောတသမဆုံးဖြစ်ကာ ယူကြုံးမရ ဖြစ်ခဲ့ကြလေသည်မှာ ယနေ့တိုင် မမေ့နိုင်ကြသေးပါ ။
ယခုလည်း မြန်မာနိုင်ငံဟု ဆိုလိုက်လျှင် ပြေးမြင်ယောင်မိသည့် ကျွန်ူပ်တို့ တိုင်းပြည်ရဲ့ အထိမ်းအမှတ် ၊ တမျိုးသားလုံး တန်ဖိုးထားည့် ဧရာဝတီ မြစ်ကြီးကို တိုင်းတပါးကို လဘ်ထိုးဖို့ အရေးအတွက် စစ်ပွဲများ ဖန်တီးနေကြသည့် လုပ်ရပ်များကို ကျွန်ူပ်တို့ မတားဆီးနိုင်ကြ
ယနေ့မြန်မာနိုင်ငံ အနေအထားက အဘက်ဘက်က ပြိုကျပျက်စီးနေလို့ အားလုံးပူးပေါင်းကာ လက်တွဲဖြေရှင်းရမည့် အနေအထား ကို ရောက်နေပါပြီ ။ Rest of your post
အစိုးရတပ်က အိမ်ထောင်စု ၂၀၀၀ ခန့် ပြောင်းရွှေ့ခိုင်း
အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 ခုနှစ် ဇော်ကြီး (ပေးပို့ သူ ဗမာ့သွေး)
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့်ဗန်းမော် မြို့အကြား ကားလမ်းဘေးရှိ ကချင်ရွာသုံးရွာမှ အိမ်ထောင်စု (၂၀၀၀)ခန့်အား ယနေ့နောက်ဆုံး ထား ပြောင်းရွှေ့ရမည်ဟု အစိုးရတပ်က အမိန့် ထုတ်ထားသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရားယန်၊ ကဇူးနှင့် သဘတ် ကျေးရွာများကို ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလနန်က ယခုလိုပြောသည်။
“ဒီနေ့ (၂၅) ရက်နေ့ နောက်ဆုံးထားပြီးတော့ အဲဒီရွာတွေက ရွာသားတွေကို ရှောင်ခိုင်းတဲ့ သဘော ရှိတယ်။ အိမ်တွေ ဘာတွေ ဖျက်တာတော့ မဟုတ်ဖူးဗျ။ ရှောင်ခိုင်းတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ လူဦးရေတော့ ခန့်မှန်းလို့ မရဘူး။ အိမ်ခြေကတော့ နှစ်ထောင်နီးပါးလောက် ရှိမယ်ထင်တယ်။ အဲဒီ ရွာတွေက ရွာကြီးတွေချည်းပဲလေ။ ရွာသုံးရွာ စလုံးက ဆက်တိုက်ကြီး ဖြစ်နေတယ်။”
မည်သည့်အတွက်ကြောင့် တိမ်းရှောင်ခိုင်းသည်ကို မသိရသော်လည်း ၀ိုင်းမော်မြို့ဖက်သို့ အုပ်စုလိုက် ရှောင်တိမ်းလာ ကြသည်ကို တွေ့မြင်ခဲ့ကြောင်း နမ်ဆန်ယန် ကျေးရွာမှ ၀ိုင်းမော်သို့ ပြန်လာသည့် ၀ိုင်းမော်မြို့ခံတဦးက ယခုလိုပြောသည်။
“ဒီကနေ့ဆိုလို့ရှိရင် လူတွေက အရမ်းပဲ ပြေးပြေးလွားလွားနဲ့ ပြေးလာခဲ့ကြတာပေါ့နော်။ များသောအားဖြင့် တော့ ကချင်တွေပေါ့လေ။ အဖွဲ့လိုက်အသင်းလိုက်တွေပေါ့နော်။ အဲဒီဖက်က ရွာတွေအသီးသီးကနေပြီး တော့ ပြေးလွားခဲ့ကြတာလေ။ အဲဒီမှာ အလုအယက်နဲ့ ဖောင်စီးပြီးတော့ ကူးခဲ့ကြတာ။ခါတိုင်းထက် အများကြီး ထူးခြားပြီးတော့မှ ပြေးလွှားလာကြတာကို တွေ့ရတယ်။”
အဆိုပါ ကျေးရွာ သုံးခုမှာ ၀ိုင်းမော်မြို့မှ (၂၁) မိုင်ခန့် အကွာတွင် တည်ရှိ၍ တရုတ်မြန်မာ နယ်စပ်နှင့် အလှမ်းကွာဝေးသည်။ ထို့အပြင် နမ်ဆန်ယန်ကျေးရွာသည် ၀ိုင်းမော်မြို့မှ လိုင်ဇာမြို့သို့သွားရာလမ်းကြောင်း ပေါ်ရှိ ကဇူးကျေးရွာ၏ အလွန်တွင် တည်ရှိသည်။
အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလ၌ ဒေသတွင်းနေ့စဉ်နှင့် အမျှ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ယခုလ (၂၀) ရက်နေ့ည ကလည်း ဂါးရားယန် ကျေးရွာအနီးရှိ တံတား တစင်းအား KIA မှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ ထို့အတွက် ထွက်ပြေးလာသူများအခက်အခဲဖြစ်ကြရ သည်ဟု ၀ိုင်းမော်မြို့ခံက ယခုလိုပြောသည်။
Rest of your post
ပြည်မြန်မာကုန်တိုက် ချိတ်ပိတ်ဟုဆို
သန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၈ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ကန့်ကွက်နေသော်လည်း ရန်ကုန်မြို့ ပြည်မြန်မာ ကုန်တိုက်ဝင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ချိတ်ပိတ်လိုက်ပြီ ဖြစ်သည်။
စီးပွားကူးသန်းဝန်ကြီးဌာနက ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ ကုန်တိုက်ဝင်း တံခါးများကို တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် ပိတ်ပစ်လိုက်ကာ “ ဤအဆောက်အဦးသည် နိုင်ငံတော်ပိုင် အဆောက်အဦး ဖြစ်သည် မည်သူမျှ ကျူးကျော် ဝင်ရောက်ခြင်း မပြုရ ဝင်ရောက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်” ဟု စာကပ်ထားသည်။
သို့သော်လည်း ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်း ၉၈ ခန်းအနက် ဆိုင်ခန်း သုံးခန်းမှာ ဆက်လက် ဖွင့်ထားဆဲ ဖြစ်သည်။
“ အစိုးရပိုင်းက တစုံတခု မပြောမချင်း ဒီနေရာက ကျနော်တို့ လုံးဝမဖယ်ဘူး ” ဟု ဆိုင်ခန်းဖွင့်ထားဆဲ ဆိုင်ရှင် တဦးက ပြောသည်။
အထပ် ရှစ်ထပ်ရှိ ကုန်တိုက် အဆောက်အဦးကို မတ်လ တတိယပတ်အတွင်း MMRD Co.Ltd ကုမ္ပဏီနှင့် AA Medical Product Co.Ltd ကုမ္ပဏီတို့မှ ကျပ်သိန်းပေါင်း လေးသောင်း တထောင်ဖြင့် ဝန်ကြီးဌာနမှ လေလံအောင်ခဲ့သည်။ ထို့နောက်ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းခဲ့သည်။
ဆိုင်ခန်းရှင်များမှ နစ်နာမှုအတွက် လျော်ကြေး သို့မဟုတ် နေရာအစားထိုးရရန် ဆိုင်ခန်းရှင်များက အာဏာပိုင်များ၏ ကြားဝင်မှုကို တောင်းဆိုခဲ့သော်လည်း လစ်လျူရှုခံနေရသည်။
ဆိုင်တခန်းချင်းစီအတွက် ကျပ်ငွေ သိန်း ၁၀၀ စီ သို့မဟုတ် ဆိုင်ခန်းအစားထိုး သို့မဟုတ် ဝါတွင်းကာလအတွင်း ဆက်လက် ဖွင့်လှစ်ရောင်းချခွင့် တို့ကို နိုင်ငံတော် သမ္မတ အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးသို့ အသနားခံစာများ ဧပြီ ပထမပတ် ကတည်းက တင်ပြထားကြသည်။
ယခုအချိန်တွင် အစိုးရဌာနဆိုင်ရာ အသီးသီးသို့ အသနားခံစာများ တင်ပြထားသည်မှာ ၁၉ ကြိမ်ရှိပြီဟုလည်း ဆိုင်ခန်းရှင်များက ဆိုကြသည်။
ဆိုင်ခန်းရှင်အချို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး ညွှန်ကြားရေး ဦးစီးဌာန ရုံးသို့ ဆိုင်ခန်းများ သွားရောက် အပ်ပြီး ဖြစ်သော်လည်း ကျန်သူများမှ သွားရောက် အပ်နှံခြင်း မရှိသေးဘဲ စောင့်ဆိုင်းနေသည်။
ပြည်မြန်မာကုန်တိုက် လေလံအောင်သူမှ လေလံအောင် ဧရိယာ အကျယ်အဝန်းဖြစ်သည့် ပေ ၈ဝ၊ ပေ ၁၂ဝ အကျယ်အဝန်းအတွင်း သာမက ကျန်ဧရိယာအတွင်းရှိ ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မေလကုန်တွင် ဖိအားပေးခဲ့ခြင်းကြောင့်လည်း လေလံအောင်သူမှာ လေလံအောင် ဧရိယာထက် ပိုယူသည်ဟု ဆိုင်ခန်းရှင်များမှ စွပ်စွဲကြသည်။
ကမာရွတ်မြို့နယ် အမှတ် ၈၁၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ထိုပြည်မြန်မာ အဆောက်အဦးကို နိုင်ငံပိုင် အဆောက်အဦးများ ရောင်းချရေး ကော်မတီမှ ယခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
၁၃၊ ၂၊ ၂ဝ၁၁ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြချက်အရ လေလံတင်သည့် အဆောက်အဦးမှာ ရှစ်ထပ်အမြင့်ရှိ ပြည်မြန်မာ ကုန်တိုက်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ပေ ၁၂ဝ၊ ပေ ၈ဝ ဖြစ်သည်။
ပြည်မြန်မာကုန်တိုက် ပရဝဏ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁,၉၄၂၇.၇၆ ဧရိယာ စတုရန်းပေရှိသည်ဟု ဆိုင်ခန်းရှင်များက မဇ္ဈိမကို ပြောကြသည်။Rest of your post
လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖို့ စီစဉ်
2011-07-26 RFA (ပေးပို့ သူ ဗမာ့သွေး)
ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးကို လာမယ့် သြဂုတ်လ နောက်ဆုံးပတ်မှာ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ အမျိုးသားလွှတ်တော် အမတ်တဦးက RFA ကို ဒီကနေ့ ပြောကြား ပါတယ်။
ပထမအကြိမ် လွှတ်တော်ကို အခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ ကနေ မတ်လ ၃၀ ရက်နေ့ အထိ ကျင်းပခဲ့ပြီး၊ အခု တကြိမ် ခေါ်ယူမယ့် လွှတ်တော်ဟာ အထူး အစည်းအဝေး ဖြစ်တဲ့အတွက် လွှတ်တော် အမတ်တွေကို ၁၅ ရက် ကြိုတင် ဖိတ်ကြားရမှာ ဖြစ်ပါတယ်။ လာမယ့် လွှတ်တော်မှာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် အဆင့် အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းကို အဓိက ဆွေးနွေးဖွယ် ရှိတယ်လို့ လွှတ်တော် အမတ် တဦးက ပြောပါတယ်။
ဒီအတောအတွင်း ၂၀၁၀ ရွေးကောက်ပွဲ အားနည်းချက်တွေနဲ့ လာမည့် ရွေးကောက်ပွဲတွေ အတွက် အကြံပြုချက် ပါဝင်တဲ့ စာတမ်း တစောင်ကို ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ဝင် ၉ ပါတီက ခေါင်းဆောင်တွေ စုပေါင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ ဒီကနေ့ ပေးပို့လိုက်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးသိန်းတင်အောင်က ပြောပါတယ်။
လာမည့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို အဆင့်ဆင့်မှာ အဓိက လိုက်နာနိုင်အောင် ဖြစ်ကြောင်း သူက ပြောပါတယ်။ မနက်ဖြန်မှာတော့ တည်ဆဲ နိုင်ငံရေး ပါတီ ၃၇ ဦးက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ နေပြည်တော်မှာ ပထမဆုံး အကြိမ်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
Rest of your post
မြန်မာ-ထိုင်း နယ်စပ် တံတားသစ် ထပ်ဆောက်မည်
ကျော်ခ | အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၆ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနှင့် ထိုင်းနှစ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မဲဆောက်-မြဝတီ
မြို့ များကို ကူးလူးဆက်သွယ်ပေးမည့် ဒုတိယမြောက် ချစ်ကြည်ရေး တံတားကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ တပ်ခရိုင် အာဏာပိုင်သတင်းရပ်ကွက်ကပြောသည်။
လောလောဆယ် မဲဆောက်-မြဝတီကို ပိုင်းခြားထားသည့် သောင်းရင်းမြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထားသော ချစ်ကြည်ရေးတံတား အမှတ် (၁) ရှိသော်လည်း ယခုထပ်ဆောက်မည့် တံတားကို ကုန်စည် သယ်ပို့ရန် အသုံးပြု သွားမည် ဖြစ်သည်။
သြဂုတ်လတွင် စတင်မည့် တံတား တည်ဆောက်ရေး အတွက် ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံက ကျခံမည် ဖြစ်ကြောင်း
နှင့် မဲဆောက်မြို့နယ် ဝမ်းစခီးယန်းကျေးရွာမှ တဆင့် မြဝတီမြို့နယ် ရေပူရွာအထိ ဖြတ်သန်း ဆက်သွယ်မည်ဟု သိရသည်။ ယင်းမှတဆင့် မြဝတီ ကုန်သွယ်ရေးဇုန်သို့ ပို့ဆောင်မည် ဖြစ်သည်။
“ဒီတံတားက ကုန်ကားသွားဖို့ပေါ့။ မြဝတီမြို့ မဝင်တော့
ဘူးလေ။ ဒီကနေ တိုက်ရိုက် ကုန်သွယ်ရေးဇုန် အပေါက်ပေါ့” ဟု ထိုင်းအရာရှိက မဇ္ဈိမကို ပြောသည်။
ချစ်ကြည့်ရေးတံတား (၁) မှာ ကြံ့ခိုင်မှု အားနည်းသဖြင့် ယင်းတံတားကို လူများကူးသန်း သွားလာရန် သီးသန့် ထားရှိမည် ဟုလည် ၎င်းက ပြောသည်။
အမှတ် ၂ ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ရန် အတွက် ဇွန်လ ၂၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့တွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီး
ဌာန ပြည်သူ့ဆောက်လုပ်ရေး ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ လမ်းတံတားနှင့် နည်းပညာဌာန တို့မှ ၂ ဘက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့ ကုန်စည် သယ်ဆောင်မည့် တံတားသစ် တည်ဆောက်ခြင်းကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အပါအဝင် အခြားမြို့များမှလာသော ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ ယခင်ထက် ပိုမိုလွယ်ကူစွာ တင်သွင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။
ယခုလက်ရှိ အသုံးပြုနေသည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို ၁၉၉၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင် ရေတိုက်စားမှုကြောင့် တံတားကြံ့ခိုင်မှု အားနည်းလာပြီး ကုန်စည်များကို မြစ်ကြောင်း တလျှောက်ရှိ ကူးတို့ ဂိတ်ငယ်များမှ တဆင့် စက်လှေများဖြင့် သယ်ဆောင် ခဲ့ကြရသည်။
ယင်းချစ်ကြည်ရေးတံတား အပါအဝင် ကူးတို့ဆိပ်များကို ၂ဝ၁ဝ ခုနှစ် ဇူလိုင်လပိုင်းတွင် မြန်မာ အစိုးရဘက်က ပိတ်ပစ်ခဲ့သည်။ ယင်းကဲ့သို့ ပိတ်ပင်မှုကြောင့် ထိုင်းနိုင်ငံဘက်မှ
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အဝတ် အထည်၊ စက်ပစ္စည်း၊ အချိုမှုန့်နှင့် စားသောက်ကုန် မျိုးစုံ တင်သွင်းနေသည့် ကုန်သည်များ ထိခိုက်နစ်နာခဲ့ကြသည်။
ချစ်ကြည်ရေးတံတား မပိတ်မီက မြဝတီလမ်းကြောင်းမှ မြန်မာနိုင်ငံဘက် ပို့နေသည့် ပို့ကုန် တန်ဖိုး တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,ဝဝဝ ရှိနေရာမှ တံတားပိတ်ပြီး နောက်ပိုင်း တလ ဘတ်သန်း ၁,၂ဝဝ ခန့်သာ ရှိတော့ကြောင်း မဲဆောက်အခြေစိုက် အကောက်ခွန်ဇုန်ရုံး ဦးစီးမှူးပြောကြား ချက်များအရသိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီမြို့ပေါ်ရှိ ဈေးဆိုင်များ၊ တည်းခိုခန်းများ အပါအဝင် လုပ်ငန်းအများအပြား လည်ပတ်မှု ကျဆင်းသွားသည်။
ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများတွင် မဲဆောက်-မြတီလမ်းကြောင်းအပြင် မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းနှင့် ရနောင်း-ကော့သောင်း လမ်းကြောင်းများလည်း ရှိသည်။ မဲဆောက်-မြဝတီ လမ်းကြောင်းမှာ အကြီးဆုံးဟု ဆိုနိုင်သည်။
Rest of your post
လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ စစ်ပွဲတွေရပ်ဖို့ ရှမ်းပါတီ တောင်းဆို
2011-07-26 RFA (ပေးပို့ သူ ဗမာ့သွေး)
ဇူလိုင်လ (၁၁) ရက်နေ့က စတင်ဖြစ်ပွါးခဲ့တဲ့ ရှမ်းပြည်နယ်အတွင်း စစ်ပွဲနဲ့ ဆက်နွှယ်ကာ မြန်မာ အစိုးရတပ်တွေက ဒေသခံ ရွာသားတွေကို ခေါ်ယူ စစ်ဆေးပြီး သတ်ဖြတ်တာတွေ ရှိနေတယ်လို့ SSA ရှမ်းပြည် မြောက်ပိုင်းတပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက RFA ကို ပြောပါတယ်။
ဝန့်ဟိုင်း တ၀ိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကျောင်းဆရာ ဆရာမတွေ ဒေသကနေ ထွက်ခွါသွားကြသလို ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးကြရတဲ့အတွက် ကျောင်းတွေ အလိုလို ပိတ်သွားခဲ့တယ်လို့လည်း ပြောပါတယ်။ ၂၄ ရက်နေ့မှာတော့ မြို့နယ် ပညာရေးမှူးက ကျောင်းပြန်ဖွင့်ဖို့ ပြောဆိုကြောင်း၊ ဘာမှ မဖြစ်စေရဘူးလို့ ပြောဆိုမှာကြားခဲ့ပေမဲ့ ၀န့်ဟိုင်း အပစ်ရပ် ခေါင်းဆောင်တွေကတော့ ကျောင်းပြန်ဖွင့်ဖို့ အတွက် အနီးတ၀ိုက်မှာ ရှိတဲ့ တပ်တွေ မရုပ်သိမ်းသေး သမျှ တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့မှာရှိတဲ့ အစိုးရ တပ်စခန်းတခုကို SSA မြောက်ပိုင်းတပ်တွေ တိုက်ခိုက် မီးရှို့ ဖျက်ဆီးပြီး နောက်ပိုင်း မြန်မာအစိုးရ တပ်တွေကလည်း မိုင်းရယ်မြို့နားက နမ့်ပုတ်ရွာကို ၀င်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ အိမ်ခြေ (၅၀) ကျော်ရှိတဲ့ အဲဒီရွာမှာ သက်ကြီး ရွယ်အိုကလွဲပြီး ကျန်ရွာသားတွေ ထွက်ပြေးခဲ့ကြ ပါတယ်။
အဲဒီနောက် အစိုးရတပ်တွေက အဲဒီရွာက အိမ်တွေကို စစ်စခန်း အဖြစ် အသုံးပြုနေကြောင်း သိရပါတယ်။ ဒီအတောအတွင်း ရှမ်းပြည်နယ် အတွင်း ဖြစ်ပွါးနေတဲ့ ထိုးစစ်တွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာတွေ ဖြေရှင်းပေးဖို့ ဇွန်လ (၃၀) ရက်နေ့ ကြားဖြတ် အထူး လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က အဆိုပြု စာတမ်း တစောင် တင်သွင်းခဲ့ကြောင်း SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက RFA ကို ပြောပါတယ်။
SNDP ပါတီကို မဲပေးခဲ့ကြတဲ့ ရှမ်းပြည်သူ လူထုကလည်း စစ်ပွဲတွေ ရပ်ဆိုင်းရေး လိုလားနေတာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးတဲ့အကြောင်း၊ ကြားဖြတ် လွှတ်တော်ဟာ ၂ ရက်သာ ဖြစ်တဲ့အတွက် မှတ်တမ်းတင်တဲ့ အဆင့်သာ ရှိမှာ ဖြစ်ကြောင်း၊ နောင်ပုံမှန် လွှတ်တော် အစည်းအဝေး ကျမှသာ ထူးခြားနိုင်မယ်လို့ ယူဆကြောင်း ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။ လောလောဆယ် မှာတော့ SNDP ပါတီ ခေါင်းဆောင်တွေဟာ အရေးပေါ် အစည်းဝေး တရပ် ကျင်းပနေကြောင်း သိရပါတယ်။
Rest of your post
အင်တာနက် အလွန်အကျွံသုံးလျှင် ဦးနှောက်ကို ထိခိုက်နိုင်
Monday, 25 July 2011 19:35 administrator (ပေးပို့ သူ ဗမာ့သွေး)
ဆယ်ကျော်သက်များ အင်တာနက်ကို အလွန်အကျွံ သုံးခြင်းသည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ဆေးရုံများမှ သုတေသနပညာရှင်များ၊ သိပ္ပံသုတေသ်ီများ၏ လေ့လာမှုအရ သိရှိရပါသည်။
သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ အင်တာနက် သုံးချိန် ကြာမြင့်လေလေ ဦးနှောက်ကို ထိခိုက်လေဟု ဆိုသည်။ အင်တာနက်ကို အချိန်ကြာမြင့်စွာသုံးခြင်းဖြင့် အာရုံ စူးစိုက်နိုင်စွမ်းနှင့် မှတ်ဥာဏ်အပေါ် သက်ရောက်မှု ရှိစေရုံ သာမက ဆုံးဖြတ်ချက်များ ချနိုင်စွမ်း၊ ရည်မှန်းချက်များ ချမှတ်နိုင်စွမ်းကို လျော့ကျစေကာ ပုံမှန် မဟုတ်သည့် အပြုအမူများ ဖြစ်ပေါ် စေတတ်သည်ဟု ဆိုသည်။
သုတေသနပြုမှုတွင် တစ်နေ့ လျှင် ၈ နာရီမှ ၁၃ နာရီအထိ အင်တာနက် ဂိမ်းသုံးစွဲသည့် အသက် ၁၉ နှစ်ရှိ တက္ကသိုလ် ကျောင်းသား ပေါင်း ၁၈ ဦး၏ ဦးနှောက်ကို BrainScan များ ရိုက်ပြီး လေ့လာခဲ့သည်။
၎င်းကျောင်းသားအုပ်စုနှင့် တစ်နေ့လျှင် ၂ နာရီမျှ အင်တာနက်သုံးသည့်ကျောင်းသားများနှင့် နှိုင်းယှဉ်လေ့လာခဲ့ရာ ဦးနှောက်၏ ဥာဏ်ရည်ခံ စားမှု၊ အကြား၊ အမြင် စသည်တို့ကို လုပ်ဆောင်ပေးသည့် Grey Matter အစိတ်အပိုင်းသည် အင်တာနက်သုံးလေလေ မျက်နှာ ပြင် ကျုံ့လေလေဖြစ်သည်ကို တွေ့ရှိ ခဲ့ရသည်။ ထို့အပြင် နာ့ဗ်ကြောစနစ်တွင် Grey Matter ဧရိယာအသီးသီး အကြား သတင်းပေးပို့ပေးသော ဦးနှောက် အတွင်းပိုင်း တစ်သျှူး Whit Matter များပါ ပြောင်းလဲစေသည့် သက်ရောက်မှုဖြစ်စေသည်ဟု ဆို သည်။
ထိုသို့ဆိုးကျိုးများ ဖြစ်ပေါ် စေလျက်ရှိသည့် အင်တာနက်ကြည့်ချိန် များလွန်းခြင်းသည် ဆယ်ကျော် သက်ကလေးများ၏ ကျန်းမာရေး အတွက် စိုးရိမ်စရာဖြစ်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် အင်တာနက်ကို ခုံမင်လွန်းသည့်လူငယ်ပေါင်း ခန့်မှန်းခြေ ၂၄ သန်းအထိ ရှိသည်။
Rest of your post
ချင်းပြည်နယ်က သစ်များ ထုတ်ယူမှု
2011-07-26 RFA (ပေးပို့ သူ ဗမာ့သွေး)
ချင်းပြည်နယ်အတွင်း က သစ်တောတွေကို ပြည်နယ်ချင်း ကပ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကနေ ထုတ်ယူနေတယ်လို့ ချင်းတိုးတက်ရေးပါတီ CPP ဒီကနေ့ ပြောပါတယ်။
ချင်းပြည်နယ်အတွင်း သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ ပါတီဝင်တွေနဲ့အတူ လေ့လာ စုံစမ်းပြီး ဒီကနေ့ပဲ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ CPP ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ပူးလျှံန်း(ရ်)ထွန်း ကနေ ပြောလိုက်တာပါ။ အဲဒီလို ချင်းပြည်နယ်က ပိုင်ဆိုင်တဲ့ သစ်တောတွေကို ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်ရှိအောင် သူတို့ ပါတီက ကြိုးစားသွားမယ်လို့ ပူးလျှန်း(ရ်)ထွန်း RFA ကို ပြောပါတယ်။
“ကျနော်တို့ CPP အနေနဲ့ ကွင်းဆင်းလေ့လာပြီးတော့မှ တွေ့ထားတာ ဘာဖြစ်လဲ ဆိုတော့ ဒီ သစ်တောနဲ့ ပတ်သက်လို့ရှိရင် မင်းတပ်နဲ့ ကန်ပက်လက်ခရိုင်မှာ ထွက်တဲ့ သစ်တွေက မကွေးတိုင်းက ဘက်ဂျက်ကိုသွားတယ်။ ဂန့်ဂေါခရိုင် သစ်ထုတ်လုပ်ရေး နာမည်နဲ့ ထုတ်ထားတဲ့ မတူပီခရိုင်မှာ ထုတ်တဲ့ ဟာကလည်း မကွေးတိုင်းရဲ့ ဘက်ဂျက်ထဲမှာ စီးဝင်သွားတယ်။ ပလက်ဝ ဒေသကထွက်တဲ့ သစ်တွေက စစ်တွေရဲ့ ဘက်ဂျက်ထဲကို စီးသွားတဲ့ အခါမှာ အဲဒီဟာတွေကို ဒီ ချင်းပြည်နယ်အစိုးရကို ပြန်လွှဲနိုင်ဖို့အတွက် ကျနော်တို့ အခု ခရီးသွားပြီး လေ့လာနေတယ်” ချင်းတိုးတက်ရေးပါတီ CPP က အမတ်တဦးကို ချင်းပြည်နယ် အစိုးရမှာ သစ်တောဝန်ကြီးအဖြစ် ခန့်အပ်ထားပေမဲ့ လက်ရှိအတိုင်း လုပ်ပိုင်ခွင့်ဘာမှမရှိရင် ရာထူးကနေ နုတ်ထွက်မယ်လို့လည်း ပါတီ တွဲဖက်အတွင်းရေးမှူး ပူးလျှန်း(ရ်)ထွန်း က RFA ကို ပြောပါတယ်။
“CPP အနေနဲ့က လက်ရှိ သစ်တောဝန်ကြီးနေရာတော့ ရတယ်ပေါ့။ ကျနော်တို့ ၀န်ကြီးဦးကျော်ငြိမ်းက သစ်တောနဲ့ သတ္ထု ဒီလိုလုပ်ပိုင်ခွင့်တွေ ဘာတခုမှ မရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ ပါတီအနေနဲ့ကတော့ ၀န်ကြီးဆိုတဲ့ ရာထူးကိုလည်း မမက်ပါဘူး။ ဒီရာထူးကို စွန့်ဖို့ဆိုတာလည်း ကျနော်တို့ အတွက် မခဲယဉ်းပါဘူး။ ဒါက တော်တော်လေးစဉ်းစားရမယ့် အပိုင်းမှာ ဖြစ်သွားပြီ။ ချင်းပြည်နယ်ဒေသက ထွက်ရှိတဲ့ သစ်တောတွေကို ချင်းပြည်နယ်အစိုးရထဲကို ဘက်ဂျက်စီးဆင်းနိုင်အောင် ကျနော်တို့ လုပ်ပိုင်ခွင့် ဘာမှ မရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ CPP ပါတီ အနေနဲ့ နုတ်ထွက်ဖို့ ၀န်မလေးပါဘူး။
အတတ်နိုင်ဆုံးတော့ ပြည်နယ်မှာလည်း တင်မယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်းတင်ပြီး တောင်းဆိုရမှာပေါ့နော်။ အဓိကကတော့ ချင်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဒါကိုမြင်ပြီး တောင်းဖို့လိုပါတယ်။ ဒီသစ်တောတွေကို ကျနော်တို့ကိုပြန်လွှဲမယ်။ ချင်းပြည်နယ် အစိုးရထဲ ဘက်ဂျက်ပြန်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်ထောင်စု အစိုးရတောင် မှီခိုစရာ မလိုပါဘူး ကိုယ့်ဘာသာကိုယ် stand လုပ်လို့ရပါတယ်”
Rest of your post
ကျောက်ဖြူမြေကွက် ဗိုလ်ချုပ်များ အပိုင်စီး
ခင်ဦးသာ Tuesday, 26 July 2011 18:47 (ပေးပို့ သူ ဗမာ့သွေး)
တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မြေနေရာတချို့ကို စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ဒေ၀ူးကုမ္ပဏီသို့ ရောင်းချနေကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ ဂုံးချိန်ကျေးရွာ သမ၀ါယမပိုင် မြေကွက်လည်း ထိုသို့ ရောင်းချခံရသဖြင့် ဒေသခံများက တရားစွဲရန် ပြင်ဆင်နေကြောင်း ပြည်ပ အခြေစိုက် နိရဉ္စရာ သတင်းဌာန၏ သတင်းတပုဒ်တွင်လည်း သောကြာနေ့က ရေးသားထားသည်။
ကျောက်ဖြူမြို့ခံတဦးက “ဒေ၀ူးကုမ္ပဏီကို ကျပ် သိန်းတထောင်နဲ့ ရောင်းစားလိုက်ပါတယ်၊ နောက် ထပ်မြေဧက ရာချီပြီးတော့ သိမ်းယူထားတာ ရှိပါသေးတယ်” ဟု ဧရာဝတီကို ပြောသည်။
ဦးမောင်ဦးသည် ထိုဒေသတွင် စစ်တိုင်းမှူးအဖြစ် ၂၀၀၂ ခုနှစ်က ၃ နှစ်ကြာ တာဝန် ထမ်းဆောင်စဉ်က ဂုံးချိန်ကျေးရွာ သမ၀ါယမ မြေကွက်ကို ၎င်း၏ဇနီး ဖြစ်သူ ဒေါက်တာဒေါ်ညွန့်ညွန့်ဦး ပိုင်ဆိုင်သည့် အနေအထားရောက်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင် ဒေ၀ူးသို့ ရောင်းလိုက်ကြောင်း ကျောက်ဖြူမြို့ခံ တဦးက ဆိုသည်။
ဦးမောင်ဦးသည် ယခင် နအဖအစိုးရ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်သည်။
ရခိုင်ဒေသတွင် တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့လည်း စီမံကိန်းတွင် ပါဝင်နေသည့် လယ်မြေ၊ နွားစားကျက် ဧက ရာပေါင်းများစွာကို ဦးမောင်ဦး နည်းတူ သိမ်းယူ ရောင်းချခဲ့ကြောင်း သိရသည်။
ဤအတောအတွင်း စစ်တပ်အာဏာပိုင်တို့သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဒေသ၊ ဂက်စ်ပိုက်လိုင်းလမ်းကြောင်းတလျှောက် နှင့် ကျောက်ဖြူမြို့မင်းပြင်ရွာ အနီး လယ်မြေများကို သိမ်းယူနေဆဲဖြစ်သည်ဟု သတင်းရကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“မင်းပြင်ရွာ အနီးမှာ တည်ဆောက်မယ့် ဟိုတယ်စီမံကိန်းနဲ့ စက်မှုဇုံတွေ တည်ဆောက်မယ့် နေရာ တ၀ိုက်မှာလည်းပဲ စစ်တပ်က သိမ်းယူနေတယ်လို့ သိရပါတယ်၊ ကျနော်တို့ဆီကို ဒေသခံတွေက တိုင်ထားတဲ့ အချက်အလက်တွေ ခိုင်မာရင် ဥပဒေအရ ဆောင်ရွက်ပေးနိုင်အောင် လုပ်သွားဖို့ ရှိတယ်” ဟု သူက ရှင်းပြသည်။
ကျောက်ဖြူ၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်း တို့ကို တရုတ်နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ တခု ဖြစ်သော တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြသည်။
ရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။
ဓာတ်ငွေ့ စတင် ပို့လွှတ်မည့် ကျောက်ဖြူတွင် ပိုက်လိုင်းတည်ဆောက်ရေး စတင်နေပြီ ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
Rest of your post
ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှု ဒေါ်စု NLD CEC ကို ရှင်းပြ
y ဒေါ်ခင်မျိုးသက် အင်္ဂါ, 26 ဇူလိုင် 2011 (ပေးပို့ သူ ဗမာ့သွေး)
မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ မနေ့တုန်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီနေ့မှာ ပြန်ပြီး တင်ပြခဲ့ပါတယ်။ အဖွဲ့ချုပ်ကလည်း မနေ့တုန်းက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ကို ကျေနပ်အားရကြောင်း ပြောကြားခဲ့သလို ၀ါရင့် နိုင်ငံရေးသမားကြီးတွေကလည်း ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ တိုးတက်တဲ့ ခြေလှမ်းတရပ်အဖြစ် လက်ခံခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် အဖွဲ့ဝင် ၀န်ကြီး ဦးအောင်ကြည်တို့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီကနေ့ ပြန်လည် ရှင်းပြခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူးက မနေ့တုန်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ အချက်အလက် အသေးစိတ်တွေကို တင်ပြပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က မနေ့တုန်းက နှစ်ဘက် ပူးတွဲကြေညာချက် အတိုင်းပဲ သဘောတူကြောင်း မှတ်တမ်းတင်ထားပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ကိစ္စဟာ ကျနော်တို့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက်ပြီး ရပ်တည်နေတဲ့ကိစ္စ၊ နောက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆိုတဲ့ ကိစ္စလည်း တရားဥပဒေ စိုးမိုးရေးကိစ္စလို့ ကျနော်တို့ဘက်ကလည်း မြင်ပါတယ်။ သူတို့ဘက်ကလည်း အဲဒီလို မြင်ပုံရပါတယ်။
“Issue တခုစီ အလိုက်တော့ ကျနော် ဘာမှ ပြောစရာ မရှိပါဘူး။ ပြည်သူလူထု အကျိုးအတွက် ရည်ရွယ်ပြီး လုပ်ကြတဲ့ နေရာမှာ သူ့အမြင် ကိုယ့်အမြင် ရှိကြတဲ့သဘော အဲဒါကို ပြောတာပါ။ NLD ဘက်ကလည်း မနေ့က ဆွေးနွေးချက်တွေကို အသိအမှတ် ပြုသလို မနေ့က ဆွေးနွေးချက်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကလည်း တကယ့်ကို ပကတိအတိုင်းပဲ အားရကျေနပ်ဖွယ် ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဘာမှ ဖြည့်စွက်ပြီး ထပ်မံ ပြောစရာ မရှိတော့ပါဘူး။ မနေ့က ဦးအောင်ကြည် ပြောတာလည်း ကောင်းပါတယ်လို့ ကျနော်တို့ ပြောခြင်း ဖြစ်ပါတယ်။”
အခုတက်လာတဲ့ အစိုးရသစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ တက်လာသလို အရပ်သားစစ်စစ် အနည်းစုနဲ့ စစ်ဘက်က အသွင်ပြောင်းလာတဲ့ အများစု ပါဝင်နေတာမို့ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ဆက်ပြီး လုပ်ဆောင်နေတာမျိုးတွေ တွေ့နေရပေမဲ့ အခုလို စတင် တွေ့ဆုံမှုတွေ အကောင်အထည် ဖော်လာတာဟာ ကောင်းတဲ့ ခြေလှမ်းတရပ်ပါလို့ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက မြင်ပါတယ်။
“ကောင်းတဲ့ လက္ခဏာ တရပ်ပါပဲ။ ဦးသိန်းစိန် ကိုယ်တိုင်က တွေ့ဖို့ကောင်းတာပေါ့၊ အမှန်က။ သို့သော်လည်း ခေါ်ပြီးတော့ ဆွေးနွေးတာကိုက တိုးတက်တဲ့ ခြေလှမ်းတရပ် ဖြစ်တာပဲလေ။ ဒါက ရှေ့ဆက်ပြီးတော့ များများတွေ့နိုင်လေ ကောင်းလေပဲပေါ့။ မင်္ဂလာရှိတဲ့ သတင်းပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ ထိပ်တန်း တာဝန်ရှိသူတဦး ဖြစ်တဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေးကြတဲ့ အထဲက တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ NLD ပါတီရဲ့ တရားဝင် ရပ်တည်ရေးဆိုင်ရာ အပြင် အခုထိ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးသမားတွေ အရေးကို ဆွေးနွေးခဲ့ကြတာပါ။ စစ်အစိုးရ လက်ထက်ကတည်းက ရှိနေတဲ့ ဒီပြဿနာကို အစိုးရသစ် အဖွဲ့ရဲ့ သမ္မတ ဦးသိန်းစိန်က ညင်ညင်သာသာနဲ့ ကိုင်တွယ်နိုင်စွမ်း ရှိမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
“နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ကတော့ အချိန်ကြာပြီလေ။ ပြီးတော့ NLD ကိုလည်း ဖျက်ဆီးချင်လို့ ရတာမဟုတ်ဘူး။ သူ့အုပ်က၊ လူထုထောက်ခံမှုက အများကြီးရှိတယ်။ မှတ်ပုံတင်မလုပ်လို့ ဖျက်တယ် ဆိုတာလည်း ဖျက်စရာရှိရင်တော့ ဖျက်ပြီးပြီပေါ့လေ။ အခုက သူတို့လည်း တော်တော် စဉ်းစဉ်းစားစားနဲ့ အလုပ်လုပ်တာပါပဲ။ NLD အနေနဲ့ကတော့ သူက သူ့ရဲ့ လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်လုပ်သွားနိုင်မယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူလူထု တရပ်လုံးက ချစ်ခင် မြတ်နိုးနေကြတာကိုး။ အဲတော့ ဒီဟာကိုလည်း အစိုးရက အတော်လေး သဘောပေါက်ပြီနဲ့ တူပါတယ်။ အဲတော့ ဒီပြဿနာတွေ ဖြေရှင်းအောင် ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က သူတို့ခေါင်းပေါ်က ဒီအထုပ်ကြီးကို ဦးသိန်းစိန် ခေါင်းပေါ်ကို ပစ်တင်ခဲ့ကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်ဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လည်း တာဝန်ယူသင့်တယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ အစိုးရမှာ လုံးဝ တာဝန်ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို။ ပြည်သူလူထု တရပ်လုံးက နေပြီးတော့ လူများစုကြီးရဲ့ ထောက်ခံမှုရတဲ့ ပုဂ္ဂိုလ်တဦးဆီကို၊ အမှန်ကတော့ သူတို့ အုပ်ချုပ်ရေးထဲမှာကိုပါ ထည့်ပြီးတော့ လုပ်သွားဖို့ ကောင်းတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”
မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံ နောင်ရေးအတွက် ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးပြီး လုံခြုံ စိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ ၀န်းကျင်မျိုးမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။Rest of your post
KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ် ၊ ရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေး
Tuesday, 26 July 2011 17:34 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ဒေသခံရွာ သားများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မံစီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု ခေးတိပ်ရွာနှင့် ယခုလ ၂၃ ရက်နေ့က ကောင်လွေ ရွာအနီးတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခေးတိပ်ရွာအနီးတွင် ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ယနေ့ မြန်မာစစ် တပ်မှ အင်အား ၅၀ ဝန်းကျင်ခန့် ဌင်းရွာသို့ ထပ်မံရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြော သည်။“မနေ့ညနေ ၃ နာရီလောက်က ခေးတိပ်ရွာနားမှာ ဖြစ်တယ် ၁၀ မိနစ်လောက် ပစ်ခတ်ကြတယ် ဒီကနေ့ ဗမာစစ် တပ်ဘက် က အင်အားလေးငါးဆယ်လောက် ကားတွေနဲ့ ရွာကိုထပ်ရောက်လာတယ် အကျအဆုံးကတော့ မသိရဘူး ” ဟု သူက ဆိုသည်။
အလားတူ ယခုလ ၂၃ ရက်နေ့က ကေအိုင်အေမှ ကောင်လွေရွာ၌ ဝင်ရောက်ရမ်းကားနေသော မြန်မာစစ်တပ်အား ရွာ အထွက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ ရွာသားများ ကြောက်လှန့်၍ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြောင်း ကောင်လွေ ဒေသခံ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။“အင်အား ၅၀ လောက်ရှိတဲ့ ဗမာစစ်တပ်က ကောင်လွေရွာထဲ ဝင်ပြီး ရမ်းကားနေတာ သူတို့လိုချင်တဲ့ ပစ္စည်း အကုန်ယူ တယ် ဓါးမတောင်မချန်ဘူး တံခါးပိတ်ထားတဲ့ အိမ်တစ်လုံးကို လက်ပစ်ဗုံးပစ်သွင်းပြီး ဖေါက်ခွဲလိုက် သေးတယ် သူတို့ပြန် အထွက်မှာ ကေအိုင်အေက ဝင်တိုက်တာ ဗမာတပ်ကတော်တော်သေတယ် ရွာမှာလူတစ် ယောက်မှ မကျန်ဘူး ထွက် ပြေးကုန်ပြီ” ဟု ဆိုသည်။
ယခုအခါ နှစ်ဘက်တိုက်ပွဲများအတွင်း ဝိုင်းမော်မြို့နှင့် နမ်ဆန်ယန် ကားလမ်းတစ်လျှောက် ကျေးရွာများမှဒေသခံ များ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။မြန်မာစစ်တပ်မှ အဆိုပါ ဒုက္ခသည်များကို စုစည်း၍ ယမန်နေ့မနက်ပိုင်းက ဝိုင်းမော်မြို့၌ ဒုက္ခသည်စခန်းတစ်ခု ဖွင့် လှစ်ခဲ့ကြောင်း ကေအိုင်အေ စစ်ဘက်သတင်းရပ်ကွက်မှ သိရသည်။“ဒုက္ခသည်စခန်းဖွင့်တာက မြန်မာစစ်တပ်က တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်လိုက်တာပေါ့ နမ်ဆန်ယန်နဲ့ဝိုင်းမော် မြို့ ကြားက ရွာတွေကို စုစည်းပြီး ကေအိုင်အေနဲ့ လူထုအဆက် ပြတ်သွားအောင် လုပ်တာ နောက်တစ်ခုကေအိုင် အေ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာမျိုး မြင်လာအောင်လုပ်ပြတာ” - ဟု စစ်ဘက်နှင့်နီးစပ်သူကဆိုသည်။
ယခုအခါ နှစ်ဘက်တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် အပြင် မြန်မာစစ်တပ်မှ ကေအိုင်အေဋ္ဌဌာနချုပ်ရှိရာ တရုတ် နယ်စပ် အနီးလိုင်ဇာမြို့နှင့် ကပ်လျှက်ရှိသည့် ဖွန်းပျဉ်ဘွမ်စခန်းအား လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် နေကြောင်း၊ တဘက်တွင်လည်း ကေအိုင်အေနှင့် အပစ်ရပ်ရန် မြန်မာစစ်တပ်မှ ကမ်းလှမ်းမှုများရှိနေကြောင်း သိရပါသည်။
Rest of your post
တရုတ်ကုမ္ပဏီ ဓာတ်ငွေ့ပိုက်လိုင်းများ စချ
ရန်ပိုင် Tuesday, 26 July 2011 18:20 (ပေးပို့ သူ ဗမာ့သွေး)
ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို မကွေးတိုင်း အတွင်းတွင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီက လုပ်ငန်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းမည့် အဆိုပါ စီမံကိန်းအတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ အုတ်သျှစ်ကုန်း၊ ငါးလံတာ၊ ရှားတော စသည့် ကျေးရွာများ၌ ပိုက်လိုင်းများချကာ လုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရေနံချောင်းဒေသခံတဦးက ပြောသည်။
“၀က်မစွတ်မှာ တရုတ်ဝန်ထမ်းတွေနေဖို့ အိမ်တွေဆောက်နေပြီ။ ပိုက်တွေပုံထားပြီးပြီ။ စက်ယန္တရားတွေလည်း ရောက်နေပြီ” ဟု ၎င်းကဆိုသည်။
အကျယ် ၃၀ လက်မ၊ ၁ လက်မ ထု ရှိသည့် ပိုက်များကို မြေအောက်အနက် ၆ ပေခန့်တွင် မြှုပ်နှံရန် စက်ယန္တရားများဖြင့် စတင်လုပ်ဆောင်နေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများသည် ပွင့်ဖြူမြို့နယ်မှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ ရေနံချောင်းမြို့နယ်သို့ ၀င်ရောက်မည်ဖြစ်ရာ မြစ်ကို ဖြတ်သန်းသွယ်တန်းမည့် ၆ ပေ အမြင့်ရှိ ပိုက်လိုင်းများကို သံဂဟေဆက်ခြင်း လုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်နေ ပြီဖြစ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ယခုပိုက်လိုင်း ဖြတ်သန်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်ပြီး ပိုက်လိုင်းချသည့် လုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင်း သီးနှံပျက်စီးမှုများနှင့် ထွန်ယက်စိုက်ပျိုးမှုများ ခေတ္တ ရပ်ဆိုင်းထားရသည့် တောင်သူများကို တရုတ်ကုမ္ပဏီက သီးနှံထွက်ရှိမှုအပေါ် မူတည်၍ ထိုက်တန်သည့် လျော်ကြေးပေးကြောင်း သိရသည်။
ပိုက်လိုင်းဖြတ်သန်းရာ ယင်းဒေသတလျှောက် မြေယာသိမ်းဆည်းမှုများ မရှိကြောင်း၊ သီးနှံပျက်စီးမှုအတွက် အများဆုံးလျော်ကြေး သိန်း ၁၅၀ ခန့်ရရှိသည့် တောင်သူများလည်းရှိသည်ဟု ၀က်မစွတ်ကျေးရွာမှ တောင်သူကြီးတဦးကလည်း ပြောသည်။
“ပိုက်လိုင်းပြီးသွားရင် သီးနှံပြန်စိုက်လို့ရတယ်။ ပိုက်လုံးတွေ ပုံထားဖို့ မြေငှားရင်လည်း ပိုက်ဆံရတယ်” ဟု အဆိုပါ တောင်သူကြီးက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံတ၀ှမ်း၌ တောင်သူလယ်သမားများထံမှ စစ်တပ်နှင့် ငွေကြေးချမ်းသာသည့် ကုမ္ပဏီကြီးများက မြေများ အဓမ္မ သိမ်းယူနေချိန်တွင် နိုင်ငံခြားကုမ္ပဏီတခုက ထိုက်တန်သည့် လျော်ကြေးပေး ငှားရမ်းလုပ်ကိုင်နေသည့်အတွက် တရားမျှတမှု ရှိသည်ဟု ထင်မြင်ကြောင်း ၎င်းတောင်သူကြီးက ဆက်လက်ပြောသည်။
အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် စတင်ကာ အမ်းမြို့နယ်အတွင်းမှနေ၍ ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး ထို့နောက် မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး ရေနံချောင်းမြို့နယ်အတွင်း ၀င်ရောက်မည်ဖြစ်သည်။
ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ထိုမှ ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်သည်။
ယခုတည်ဆောင်နေသည့် ပိုက်လိုင်းသည် စုစုပေါင်း ၂၈ဝ၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် အပြီး တာဝန်ယူ တည်ဆောက်မည်ဖြစ်သည်။
Rest of your post
KNU ကို ရှင်းရန် ထိုင်း ဖိအားပေးခံရ
သန်းထိုက်ဦး Tuesday, 26 July 2011 18:04 (ပေးပို့ သူ ဗမာ့သွေး)
ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မပြုရန် မြန်မာ အစိုးရက ထပ်မံ ဖိအားပေးနေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်လွိုင်ဖာ့က ဧရာဝတီကို ယနေ့ ပြောသည်။
KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု သတင်းရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟူသော ဗုံးခွဲအကြမ်းဖက်သူများကိုလည်း ဖမ်းဆီးပေးစေလိုကြောင်း မြန်မာအစိုးရက တောင်းဆိုနေသည်ဟု ဆိုသည်။
“မြန်မာ အစိုးရက ထိုင်းအစိုးရကို ဒီကိစ္စတွေ အားလုံး ဖြေရှင်းသွားအောင် ဆောင်ရွက်စေချင်တယ်၊ မဲဆောက် - မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပိတ်လိုက်တာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ်” ဟု စမတ် လွိုင်ဖာ့က ဆက်ပြောသည်။
ဖိအားပေးသည့်အတိုင်း ထိုင်းအစိုးရ ဆောင်ရွက်ပေးလျှင် နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့် မြ၀တီ မဲဆောက် တံတားကို မြန်မာဘက်က တနှစ်ကျော်ကြာ ပိတ်ထားရာမှ ပြန်ဖွင့်ပေးဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။
KNU ကမူ ၎င်းတို့ ခေါင်းဆောင်များ ထိုင်းနယ်မြေတွင် အခြေချနေထိုင်ခြင်း မရှိဟု ဆိုသည်။
“ဒုက္ခသည်စခန်းကို ကျနော်တို့က အခြေခံပြီးတော့ အစိုးရစစ်တပ်ကို ပြန်တိုက်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီကို ပြောသည်။
ယခင်နှစ်ကလည်း မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်တို့ နေထိုင်သည့်ဟု ယူဆရသော နေအိမ်တချို့ကို ထိုင်းအာဏာပိုင်တို့က ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာပြည်ရှိ KNU ထိန်းချုပ်နယ်မြေတွင်သာ အခြေချရန် ဖိအားပေးခဲ့သည်။
ဤအတောအတွင်း မဲဆောက်ဒေသ ထိုင်းအာဏာပိုင်တို့၏ လှုပ်ရှားမှုများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
မြန်မာပြည်သား အလုပ်သမား သိန်းနှင့်ချီ ရှိသော မဲဆောက်မြို့တွင် မြန်မာအဖွဲ့အစည်းများ လှုပ်ရှားနေသည်ဟု သိရသည်။
Rest of your post
စစ်တပ်၏ ဗိုလ်ကျမူ ရခိုင်ပြည်နယ် အစိုးရ မတားဆီးနိုင်
News Date:7/26/2011 နိရဉ္ဖရာ သတင်းဌာန (ပေးပို့ သူ ဗမာ့သွေး)
ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်းများမှ ရခိုင်ပြည်သူများ အပေါ် နည်းမျိုးစုံဖြင့် ဥပဒေမဲ့ ဗိုလ်ကျ ချယ်လှယ်နေသော်လည်း ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် တစ်စုံတရာ ၀င်ရောက်တားဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။
ထိုကဲ့သို့ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ကို ကျောက်ဖြူမြို့နယ် ပန်းတောပြင် ကျေးရွာမှ လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။
" ကျွန်တော်တို့ ကျောက်ဖြူမြို့ နယ် ပန်းတောပြင် ကျေးရွာ အုပ်စုမှာ ခလရ (၃၄) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး ဖြစ်တဲ့ ဦးသိန်းဟန်က ခညင်းကျွန်း ကာရီ (ပုစွန်ကန်) အနီးရှိ ချောင်းမှာ ငါးမဖမ်းရ ဆိုပြီး အမိန့် ထုတ်ထားပါတယ်။ အဲသလို ဗိုလ်ကျပြီး ဒေသခံ ပြည်သူတွေ ချောင်းထဲကို မဆင်းရတဲ့ အတွက် စားဝတ် နေရေး အခက်အခဲ ဖြစ်နေတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက တဆင့် မြို့နယ် အဆင့်ထိ တိုင်ကြားပါတယ်။ ဒါပေမယ့် တပ်ကြပ်ကြီး ဦးသိန်းဟန်ရဲ့ အမိန့်ကို ဘယ်သူမှ မလွန်ဆန်ရဲဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။
တပ်ကြပ်ကြီး ဦးသိန်းဟန်အား ဥက္ကဌဖြစ်သော ဦးမောင်သန်းအောင်မှလည်း ထိုသို့ မပြုလုပ်ရန် ပြောကြား တောင်းပန် ထားသော်လည်း မရပဲ ချောင်းထဲ ဆင်းသူများကို ဖမ်းမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။
" တပ်ကြပ်ကြီး ဦးသိန်းဟန်က ငါးလုပ်ငန်း ဦးစီးဌာနမှာ အဲဒီ ချောင်းငယ်မှာ စစ်တပ်က လုပ်ကိုင်ဖို့ လိုင်စင် ယူထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဒေသ အတွင်းက တပိုင် တနိုင် လုပ်ကိုင်စားသောက်နေကြတဲ့ တံငါသည် တွေကို ချောင်းထဲမှာ ငါးဖမ်းရင် ပိုက်နဲ့ ငါးကို သိမ်းပြီး လူတွေကိုလည်း ထောင်ချမယ်ဆို ပြောဆို ခြိမ်းခြောက် ထားပါတယ်" ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ ချောင်းအား ပိတ်ပင်လိုက်သဖြင့် အဆိုပါ ချောင်းကို မှီခို စားသောက်နေကြရသော အနီးအနား ကျေးရွာများမှ လူပေါင်း ၈၀၀ ကျော်ခန့် မှာ ၀မ်းရေး အတွက် အခက်ကြုံနေကြရကြောင်း သိရသည်။
၎င်းပြင် ဦးသိန်းဟန် ဆိုသူသည် ထိုချောင်းငယ် အတွင်း သွားလာမူကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။
ပန်းတောပြင် ကျေးရွာ အုပ်စုသည် ကျောက်ဖြူမြို့မှ ၁၂ မိုင်ကျော်ခန့် ကွာဝေးကာ ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် အရပ်တွင် တည်ရှိသည်။
၎င်းပြင် ကျောက်ဖြူ ရေတပ် သင်္ဘောများမှာ မီဒီယာများက သတင်းထွက်လာ သဖြင့် ယခင်ကကဲ့သို့ ကျောက်ဖြူ အနားတွင် ရပ်နားပြီး စက်လှေနှင့် မော်တော် ဘုတ်များမှ ငွေ မကောက်ခံတော့သော်လည်း အဝေးမှ နေ၍ လှမ်းပြီး အကောက် ကောက်နေကြောင်း သိရသည်။
ထိုသို့ လူထုဆီမှ မတရားသဖြင့် ငွေများ ဆက်လက်ကောက်ယူ နေသည်ကို ဒေသ အာဏာပိုင်များ သိသော်လည်း တစုံတရာ ဟန့်တားနိုင်ခြင်း မရှိကြောင်း သိရသည်။
Rest of your post