“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, October 05, 2011

ရထားဝန်ထမ်းဟောင်းများ လမ်းဘေးရောက်

မြတ်မိုး Tuesday, 04 October 2011 12:02(ပေးပို့ သူ ဗမာ့သွေး)
ရန်ကုန်တိုင်း အတွင်းရှိ ရထားဝန်ထမ်း အိမ်ရာများတွင် လက်ရှိ ရထားဝန်ထမ်း မိသားစုဝင် မဟုတ်သူများကို ဆက်လက် နေထိုင်ခွင့် မပြုဘဲ ပြောင်းရွှေ့ခိုင်းမှုကြောင့် မိသားစုပေါင်း ရာချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေသည်။

စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ပြီး ၀န်ထမ်းအိမ်ရာမှ ဖယ်ရှားခံရသူ အများအပြားမှာ ပင်စင်စား ရထားဝန်ထမ်း မိသားစုများဖြစ်ပြီး အိမ်သစ် မရှာနိုင်သေးသဖြင့် ဘူတာရုံများ၊ မြေလွတ်များတွင် ယာယီ နေထိုင်နေကြသည်။

''၁၀ ရက် ကျော်ပြီ။ ဘူတာရုံမှာ နို့မပြတ်သေးတဲ့ ကလေးတွေနဲ့ အိပ်နေရတာ" ဟု သင်္ဃန်းကျွန်း ရထားဝန်ထမ်း အိမ်ယာမှ ထွက်ခွာခဲ့ရသော ရထားဝန်ထမ်းဟောင်း တဦး၏ သမီး ဒေါ်တင်တင်ဝင်းက ပြောသည်။

တခြားနေရာသို့ ပြောင်းရွှေ့ပြီးအိမ်ငှားရန် ငွေကြေးအလုံအလောက် မရှိကြောင်း မလွှကုန်း ဘူတာရုံတွင် ယာယီ နေထိုင်နေသော မီးရထား သံလမ်း ပြုပြင်ရေး ၀န်ထမ်းဟောင်းတဦီးက ပြောသည်။

"အောက်ခြေ၀န်ထမ်းရတဲ့ပိုက်ဆံက စားဖို့ အနိုင်နိုင်။ သူတို့ သတ်မှတ်ထားတဲ့ ကာလမှာ အိမ်တလုံးငှားဖို့ ပိုက်ဆံ မရှာနိုင်တော့ လမ်းဘေးမှာ ကလေးတွေနဲ့ နေတယ်"ဟု သူက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရထားအိမ်ရာများမှ ပြောင်းရွှေ့ရသည့် မိသားစုပေါင်း ၃၀၀၀ နီးပါး ရှိသည်ဟု မီးရထားဝန်ကြီးဌာနထံမှ သိရသည်။

ဝန်ထမ်းမိသားစုဝင် မဟုတ်သူများကို ပြောင်းရွှေ့ရန် တလ ကြိုတင် အသိပေးခဲ့ကြောင်း၊ ၀န်ထမ်းအိမ်ရာများတွင် လူပေါင်းစုံ လာရောက် နေထိုင်ပြီး ရာဇ၀တ်မျိုးစုံ ဖြစ်နေသောကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မီးရထားဝန်ထမ်းများ နေထိုင်သည့် ပေ၂၀ ပတ်လည် မြေကွက်တကွက်တွင် မိသားစုသုံးစု အထိ ငှားရမ်းပြီး အတူ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

"ငှားထားတဲ့ လူတွေကို စပေါ် ယူထားလို့ ပြန်မရှင်းနိုင်ရင် အဲဒီဝန်ထမ်းပါ အလုပ် ဖြုတ်ပစ်တယ်" ဟု ဗိုလ်တထောင် ရထားဝန်ထမ်း အိမ်ရာတွင် နေထိုင်သူတဦးက ဆိုသည်။

မိသားစု အများအပြားသည် ပြောင်းရွှေ့ပေးရပြီး ရက်၂၀ ကျော် ကြာလာသည့်တိုင် နေထိုင်ရန်အိမ် ရှာဖွေနိုင်ခြင်း မရှိသေးပေ။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထိုင်းဝန်ကြီးချုပ် မြန်မာသွားမည်

Thea Forbes | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၈ မိနစ်(ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ယင်လပ် ရှင်နာဝပ်သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မကြာခင် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဟု တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်း ဝန်ကြီးချုပ်ဖြစ်လာသည့် ယင်လပ် ရှင်နာဝပ်၏ ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် စီးပွါးရေး ကုန်သွယ်မှုများ မြှင့်တင်ရန် အားထုတ်မှု ဖြစ်သည်ဟု သိရသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံဖြင့် မြန်မာနိုင်ငံအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ လိုက်ခြင်းဖြစ်သည်။


ထိုင်းနိုင်ငံသည် စွမ်းအင်ကဏ္ဍ အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်အတွက် မြန်မာနိုင်ငံကို မှီခိုနေရခြင်းကြောင့် မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံသည် မြန်မာအစိုးရနှင့် ပိုမိုနီးစပ်သော စီးပွါးရေး ဆက်ဆံမှုများပြုလုပ်ခဲ့သည်။

ဗြိတိသျှအစိုးရ၏ ယူကေ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရုံး (UKTI) ၏ အဆိုအရ ဂျပန်နိုင်ငံတွင် မတ်လက ငလျင် လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အရေးတကြီး လိုအပ်နေသည့် အိမ်နီးချင်းနိုင်ငံနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေး ထူထောင်ဖွယ် ရှိသည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် ဖူကူရှီးမား နူကလီးယား ဓာတ်အားပေး စက်ရုံ ငလျင် လှုပ်ခတ်မှုကြောင့် မပျက်စီးခင်က ထိုင်းနိုင်ငံသည် ၂ဝ၂ဝ ခုနှစ်တွင် နူကလီးယား ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် အစီအစဉ် ရှိခဲ့သည်ဟု UKTI က ဆိုသည်။ ဂျပန်နိုင်ငံတွင် နူကလီးယား အန္တရာယ် တွေ့ကြုံရပြီးနောက် ထိုင်းနိုင်ငံအနေနှင့် သဘာဝ ဓာတ်ငွေ့
အပေါ် ပိုမိုအားထား မှီခိုလာဖွယ် ရှိသည်ဟုဆိုသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မကြာမီက ပြောကြားရာတွင် ထိုင်းနိုင်ငံအနေဖြင့် လိုအပ်သည့် ဥပဒေများ မပြဋ္ဌာန်းနိုင်မှုနှင့် နိုင်ငံတကာ စံနှုန်းများကို မလိုက်နာနိုင်မှုကြောင့် ၂ဝ၁ဝ-၂ဝ၃ဝ နှစ်နှစ်ဆယ် စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် အသင့် မဖြစ်သေးဟု ဆိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အနေဖြင့် စွမ်းအင်အတွက် အဓိကအားဖြင့် သဘာဝ ဓာတ်ငွေ့ကိုသာ မှီခိုရလိမ့်မည်ဟု UKTI က ဆိုထားသည်။

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွါးဆိုင်ရာ စိတ်ဝင်စားမှုသည် မြန်မာ့ လူ့အခွင့်အရေး ကိစ္စရပ်များ အပေါ် ထိုင်းနိုင်ငံ၏ ပါဝင်ပတ်သတ်မှုကို ရှုပ်ထွေးစေသည်ဟု မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့(AIPMC) ဥက္ကဋ္ဌ Kraisak Choonhavan ကဇူလိုင်လ အတွင်းက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ထိုင်းအစိုးရသစ် အနေဖြင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွါးကိုသာ ပထမ ဦးစားပေးလိမ့်မည်ဖြစ်ပြီး ထိုင်းအစိုးရ ပေါ်လစီ သည် မြန်မာနိုင်ငံသားများကို မျက်နှာသာ ပေးလိမ့်မည် မဟုတ်ဟု သူက ဆိုခဲ့သည်။

“ဒီ (ထိုင်း) အစိုးရဟာ မြန်မာနိုင်ငံအတွက် အရမ်းအန္တရာယ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးစီးပွါးကိုသာ အဓိက ထားပြီးတော့ မြန်မာနိုင်ငံက ဒေသခံ လူထုရဲ့ အသံကို နားထောင်ပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက် ရမယ် ဆိုတာ စဉ်းစားဖို့နဲ့ သတင်းအချက်အလက်တွေကို နားထောင်ဖို့ ငြင်းဆန်လို့ပါပဲ။ ဥပမာ သံလွင်မြစ်ပေါ်မှာရေကာတာ တခု တည်ဆောက်တဲ့ ကိစ္စရပ်လိုပေါ့” ဟု Kraisak က ဆိုခဲ့သည်။

“ထိုင်းနိုင်ငံကို သွယ်တန်းမယ့် ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်းများစွာ သူတို့နေရပ် ဒေသတွေကနေ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင့် လက်ထက်တုန်းက ထားဝယ်မှာ ရေနက်ဆိပ်ကမ်း ဆောက်ဖို့ အလိုရှိခဲ့ပါတယ်။ အခု (ထိုင်း) အစိုးရသစ်ကလည်း သက်ဆင့်မူဝါဒ အတိုင်းကျင့်သုံးဖွယ်ရာ ရှိပါတယ်” ဟုသူကဆိုသည်။ လေ့လာသူများကလည်း ရင်လပ် သည် သူမ၏ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မူဝါဒများအတိုင်း ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ယခုလောလောဆယ်တွင် ယခင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် အစိုးရ၏ လက်ထက်က အလေးပေး ဆောင်ရွက်ခဲ့သော ထိုင်းနိုင်ငံ နယ်စပ်တွင် နေထိုင်နေသည့် သောင်းနှင့်ချီသော မြန်မာ ဒုက္ခသည်များအား နေရပ်ဒေသသို့ပြန်လည် ပို့ဆောင်ရေး စီမံချက်နှင့် ပတ်သတ်၍ ထိုင်းအစိုးရသစ်မှ မှတ်ချက် တစုံတရာ ပေးခြင်း မရှိသေးပေ။

မြန်မာ့လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုပြင်းထန်သည့် နည်းလမ်းကို ရွေးချယ်ကာ ဆောင်ရွက်ရန် တိုက်တွန်းမှုများ ရှိနေစဉ်တွင် UKTI က “စီးပွါးရေးနဲ့ စွမ်းအင်ဆိုင်ရာ မှီခိုမှုတွေက ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံအပေါ် ဖိအားပေး လွှမ်းမိုးနိုင်မယ့် အနေအထားကို ထိခိုက်လိမ့်မယ်လို့ ကျနော်တို့ သံသယ ဖြစ်မိပါတယ်” ဟု ဆိုသည်။

စွမ်းအင်ဆိုင်ရာ လေ့လာသူများက ထိုင်းနိုင်ငံ အနေဖြင့် ကျောက်မီးသွေး တင်သွင်းခြင်း၊ နူကလီးယား စွမ်းအင်ကို အသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆယ်စုနှစ် တခုကျော်ခန့် ကြာအောင် ကြိုးစားခဲ့သည် ဟုဆိုသည်။ Chiang Rai Times သတင်းဌာန၏ ဆောင်းပါးအရ ထိုင်းနိုင်ငံ၏ လျှပ်စစ် ထုတ်လုပ်သုံးစွဲမှု၏ ၇၂ ရာခိုင်နှုန်းမှာ သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုနေရသည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံ အနေဖြင့် မီဂါဝပ် ၅,ဝဝဝ ထုတ်လုပ်နိုင်မည့် နူကလီးယား စီမံကိန်းကို မူလထက် သုံးနှစ် နောက်ဆုတ်၍ ၂ဝ၂၃ ခုနှစ်သို့ ရွှေ့ဆိုင်းရန် မေလက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် နူကလီယား စီမံကိန်းကို ၁၉၆၆ ခုနှစ်တွင် စတင်ခဲ့ပြီး IAEA က ၁၉၇ဝ ခုနှစ် တွင် ထောက်ခံ အတည်ပြုခဲ့သည်။ သို့သော် ၁၉၇၈ ခုနှစ်တွင် ထိုင်းပင်လယ်ကွေ့၌ သဘာဝ ဓာတ်ငွေ့များ တွေ့ရှိမှုကြောင့် နူကလီးယား စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ် ရေကာတာသစ်များ ရပ်ဆိုင်းရန် KDRG တောင်းဆို

သန်းထိုက်ဦး Tuesday, 04 October 2011 16:21(ပေးပို့ သူ ဗမာ့သွေး)
ကယားပြည်နယ် အတွင်း တည်ဆောက်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုကို ရပ်ဆိုင်းပေးရန် ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့(KDRG )က ယနေ့ တောင်းဆို လိုက်သည်။

ကယားပြည်နယ်တွင် တရုတ်နိုင်ငံ ဒါးတန်းကော်ပိုရေးရှင်း(Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက် မည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သော ရွာသစ် ရေကာတာ၊ မဂ္ဂါဝပ် ၁၃၀ ထုတ်လုပ်ပေးမည့် ပွန်ချောင်းနှင့် မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်သော သဘက်ချောင်း ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းပေးရန်ဖြစ်ကြောင်း KDRG တာဝန် ခံ ခူးတော်ရယ်က ပြောပြသည်။


“ရေကာတာသစ်တွေ ဆောက်ရင် ပိုပြီးဆိုးလာနိုင်မယ့် ဒုက္ခတွေ ဖြစ်မှာကို ကျနော်တို့ အလွန်ပဲ စိုးရိမ်တယ်”ဟု ခူးတော်ရယ် က ဆိုသည်။

လတ်တလောတွင်လည်း စက်တင်ဘာလ အစောပိုင်းက မိုး ဆက်တိုက်ရွာသွန်းခဲ့ပြီး မိုးဗြဲရေကာတာမှ ရေများ အဆက်မပြတ် ဖွင့်ချခဲ့မှုကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်ရွာများ ရေကြီးရေလျှံဖြစ်နေသည်မှာ ၁ လကျော် ရှိနေပြီဖြစ် သည်။

ဘီလူးချောင်း အနီးရှိ ကျေးရွာ ၃ ရွာနှင့် လယ်ဧက ၅၀၀ ခန့်မှာ ယခုအချိန်အထိ ရေမြုပ်နေကြောင်း သိရသည်။

ထို ရေလွှမ်း မိုးမှု ခံနေရခြင်းကို ထောက်ပြ၍ ရေအားလျှပ်စစ် စီမံကိန်းများ ရပ်ဆိုင်းပေးရန် KDRG အဖွဲ့က ကြေညာချက်ထုတ် ၍ အစိုးရ အာဏာပိုင်များကို တောင်းဆိုခြင်း ဖြစ်သည်။

ခူးတော်ရယ်က“အသက် ၅၀ လောက် အရွယ်တွေကို မေးကြည့်တော့ သူတို့ ဒီလောက်ရေကြီးတာ ဘ၀မှာ တခါမှမကြုံဖူးဘူး ပြောတယ်၊ ရေကြီးရတဲ့ အကြောင်းက မိုးရွာတာ တခုတည်း မဟုတ်ဘူး၊ ဆည်ရဲ့အကျိုးသက်ရောက်မှုကြောင့် ပါပဲ၊ အောက်ခြေမှာ ခံစားနေရတာကို ကျနော်တို့က တင်ပြတာပါ”ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံ ရေကာတာ ခေတ္တ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကြေညာခဲ့သည့်အပေါ် KDRG အနေဖြင့် အားရ ကျေနပ်စွာ ကြိုဆိုကြောင်း၊ ယင်း အန္တရာယ် ဖြစ်စေနိုင်မည့် ရေကာတာ စီမံကိန်းအသစ်များကို ရပ်ဆိုင်းပေးရန်၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကို ပြန်လည် စုံစမ်းစစ်ဆေးပေးရန် လိုကြောင်းလည်း KDRG ၏ ကြေညာချက်၌ ပါရှိသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ၃ ခုဆောက်လုပ်ရန် ယခင်စစ်အစိုးရက ဒါးတန်းကော်ပိုရေးရှင်းနှင့်၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ လက နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဒါးတန်းကော်ပိုရေးရှင်းသည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာတ၀န်းလုံးက သဘောတူလက်ခံထားသည့် လူ့အခွင့် အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်အားစံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာမည်ဟု လက်မှတ်ရေးထိုးကာ အဖွဲ့ ၀င်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု ကို တည်ဆောက်ရန် လျာထားခဲ့သည်။

တရုတ်ကုမ္ပဏီများနှင့် အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများ အတွက် လျှပ်စစ် ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုမှာ တရုတ်သို့ တင်ပို့ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

ထို ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကယားပြည်နယ်အတွင်းရှိ ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံ ၃၇၀၀၀ ခန့် ရွှေ့ပြောင်းရ မည်ဖြစ်ပြီး ယင်းတလဲ လူမျိုးများ ပျောက်ဆုံးရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း၂၀၁၁ ခုနှစ်မတ်လက KDRG က ထုတ်ပြန် ခဲ့ဖူးသည်။

လက်ရှိ အချိန်အထိ ကချင် ၊ ရှမ်း၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဦးသိန်းစိန်ဆုံးဖြတ်ချက်ကို တရုတ်ကုမ္ပဏီအံ့သြ

ဧရာဝတီ Tuesday, 04 October 2011 17:35(ပေးပို့ သူ ဗမာ့သွေး)
သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
သို့သော်လည်း စီမံကိန်းကို စီစဉ်ထားသည့်အတိုင်း ပြန်လည် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အကျယ်တ၀င့် ပြောလိုက်သည်။

"သတင်းမှာ ပါလာတော့ အင်မတန် အံ့သြသွားမိတယ်။ ဆိုင်းငံ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဆုံးဖြတ်ခင်တုန်းက ကျနော်တို့ကို မြန်မာနိုင်ငံဘက်က ဘာမှ ဆက်သွယ်လာတာ မရှိဘူး" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရ၀န်ကြီးချုပ်ဘ၀က မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် CPI ကုမ္ပဏီကို မှာကြားခဲ့သူ ဖြစ်ခြင်းကြောင့် ယခု ဆုံးဖြတ်ချက်ကို အလွန် အံ့သြမိခြင်းဖြစ်သည်ဟု Mr. Lu Qizhou က ပြောသည်။

"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ ဆိုရင်တော့ ဒါဟာ ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။

CPI ကုမ္ပဏီသည် ဒေါ်လာ ဘီလီယံ ၂၀ တန် မြစ်ဆုံဆည် ၇ ခု စီမံကိန်းအတွက် ယခင်က မြန်မာစစ်အစိုးရထံသို့ ငွေကြေး မည်မျှ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ကုမ္ပဏီက ယခင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေ၊ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို မြစ်ဆုံစီမံကိန်း အတွက် ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ကြောင်း ထိုငွေထဲမှ တချို့ကို မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများ မည်သည့်နေရာတွင် ရှိနေသည်ကို ထိုနှစ်ဦးမှတပါး မည်သူမျှ မသိရကြောင်း စသည့် အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

ယခု ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိကြောင်း၊ ဆိုင်းငံ့မှုကြောင့် နှစ်နိုင်ငံ ထိခိုက်နစ်နာမှု ကြီးမားနိုင်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေး အများအပြား တောင်းဆိုနိုင်ကြောင်း Mr. Lu Qizhou က ပြောသည်။

"စီမံကိန်း ရပ်ဆိုင်းတယ် ဆိုရင်တော့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍမှာ ဆုံးရှုံးမှုက မျှော်လင့်ထားတာထက် ပိုများမှာ ဖြစ်ပါတယ်" ဟု Mr. Lu Qizhou က ပြောသည်။

၂၀၀၆ ခုနှစ်တွင် CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

သောကြာနေ့က သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကို မြန်မာပြည်သားများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြသည်။ စနေနေ့တွင် ထွက်ပေါ်လာသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက်တွင် စီမံကိန်းတွင် ပါဝင်သည့် တရုတ် ကုမ္ပဏီတို့၏ ဥပဒေအရ ရပိုင်ခွင့်တို့ကို မြန်မာအစိုးရကအကာအကွယ်ပေးရန် တောင်းဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင် မြန်မာပြည်သားတို့၏ စိုးရိမ်ပူပန်မှု၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့် အခြေအနေများအကြောင်း ပါဝင်ခြင်း မရှိပေ။

တနင်္လာနေ့က သမ္မတဦးသိန်းစိန်၏ အကြံပေးအရာရှိတဦးက ပြောကြားရာတွင် ၂၀၁၅ ခုနှစ်တွင် ယခုအစိုးရအဖွဲ့ သက်တမ်းကုန်ပြီး ပေါ်ပေါက်လာမည့် မြန်မာအစိုးရအဖွဲ့ လက်ထက်တွင် စီမံကိန်း နှင့် ပတ်သက်ပြီး ထပ်မံ ဆုံးဖြတ်မည်ဟု ဆိုသည်။

မြန်မာအစိုးရက စီမံကိန်းကို ဆိုင်းငံ့ခြင်းကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းရသည့်အခါ လျော်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည် ဆိုပါက အစိုးရချင်း ဖြေရှင်းရမည့် ကိစ္စ ဖြစ်ကြောင်း ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က ပြောသည်။

"ဒါမျိုးတွေက ဖြစ်နေကျပါ။ နိုင်ငံအတော်များများ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာ နိုင်ငံခြားကုမ္ပဏီများနဲ့လုပ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေကို အဲဒီနိုင်ငံတွေက ကိုယ်တိုင် ဆောင်ရွက်တော့မယ် ဆိုရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်" ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းလိုကြောင်း ဖော်ပြထားကြသည်။ မြန်မာအစိုးရဘက်က တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

CPI ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou ၏ တနင်္လာနေ့ ပြောကြားချက်များတွင် ဝေဖန်သူများ ထောက်ပြနေသကဲ့သို့ မြစ်ဆုံစီမံကိန်းကြောင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရှိမနေကြောင်း၊ စီမံကိန်း ပြီးစီးပါက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ကိုပင် ရေကြီးသည့် အန္တရာယ်မှ ပိုမိုကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။

"မြစ်ဆုံစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ကြတဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်ချက်ကြောင့် စီမံကိန်းကို စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ ရှေ့ဆက် လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် တကယ့်ကို မျှော်လင့်ပါတယ်။ ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေ၊ နှစ်ဘက်လုံးအဆင်ပြေမယ့် ရလဒ်တွေဟာ တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ဖြစ်လာမှာပါ" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာကို ပြောလိုက်သည်။

Rest of your post

.

အပြည့်အစုံသတင်းဖတ်ရန်....

ဧရာဝတီ ဒုတိယ မဲခေါင် ဖြစ်လာမလား

by Yangon PressInternational on Wednesday, October 5, 2011 at 10:53am
မိုးယုမေရေးသားသည်။အောက်တိုဘာ ၅၊ ၂၀၁၁ (သဘောထားအမြင်)
မဲခေါင်မြစ်အထက်ပိုင်းမှာ နေ၍ ရေကာတာများ စိတ်တိုင်းကျ တည်ဆောက်ရာတွင်
နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် တရုပ်နိုင်ငံသည် ယခုတဖန် ဧရာဝတီ ကို
စိမ်ခေါ်လိုက်ပြီဖြစ်သည်။ တိဘက်ကုန်းမြင့်မှမြစ်ဖျားခံကာ
တရုပ်ဘာသာဖြင့် လန်စန်း ဟုခေါ်တွင်သည့် မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းသွားရာ
ခြောက်နိုင်ငံအကြား မဲခေါင်မြစ်ရေ ခွဲဝေသုံးစွဲရေး နှင့်ပတ်သက်၍
ဆွေးနွေးမှုများ မကြာခဏ လုပ်ဆောင်ကြရသည်။



ထိုဆွေးနွေးပွဲများတွင် နှစ်စဉ်နှစ်တိုင်း မဲခေါင်မြစ်အောက်ပိုင်း
နိုင်ငံများ၌ ဖြစ်ပွားသည့် မြစ်ရေကြီးခြင်း၏ အဓိက လက်သည်အဖြစ်
တရုပ်နိုင်ငံအား ပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးသမားများက လက်ညှိုးထိုးခဲ့ကြ ထိုးနေကြဆဲပင်။



ခြောက်နိုင်ငံက ပိုင်ဆိုင်သည့်မြစ် ဟုဆိုစေကာမူ တရုတ်နိုင်ငံမှ
မြစ်ဖျားခံသည့် မြစ်ဖြစ်သောကြောင့် ၎င်းတို့ စိတ်တိုင်းကျ ခြယ်လှယ်မည်ဆိုက
ခြယ်လှယ်ခွင့် ရှိကောင်းရှိပေလိမ့်မည်။



ယခုတဖန် ၎င်း၏ အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံ၌ မြစ်ဖျားခံကာ
မြန်မာနိုင်ငံထဲမှာပင် စီးဆင်းနေသည့် ဧရာဝတီမြစ်ကို
ခြယ်လှယ်ရန်ကြိုးစားလျှက်လာသူ ဆွေမျိုးပေါက်ဖေါ် တရုပ်နိုင်ငံ၏
ကြိုးပမ်းချက်မှာ ပန်းဝင်ခါနီးမှ လက်ပမ်းကျ သကဲ့သို့ ဖြစ်နေသဖြင့်
သူအဖို့ အတော်မချင့်မရဲ ဖြစ်ဟန်တူ၏။



မြန်မာတစ်နိုင်ငံလုံး အမြတ်တနိုးထားရာ ဧရာဝတီမြစ်ဆုံဒေသတွင်
တရုပ်အစိုးရပိုင် China Power Investment -CPI က အမေရိကန်ဒေါ်လာ
သန်းသုံးထောင်ကျော်ခန့် အကုန်အကျခံ တည်ဆောက်မည့်
ရေအားလျှပ်စစ်စီမံကိန်းကြီးကို မြန်မာ ပြည်သူအများ၏
စိုးရိမ်ပူပန်မှုများကို ထောက်ထား၍ သမ္မတ ဦးသိန်းစိန်က
ရပ်ဆိုင်းမည်ဆိုသည့် သ၀ဏ်လွှာ မကြာမီရက်ပိုင်းက ကြေညာခဲ့သည်။



ထိုကြေညာချက်နှင့် မရှေးမနှောင်းဆိုသလိုပင် “တရုပ်ကုမ္ပဏီများ၏
အကျိုးစီးပွားကို တရားဥပဒေနဲ့အညီအကာအကွယ်ပေးရန်” မြန်မာအစိုးရကို
တရုပ်နိုင်ငံက တိုက်တွန်းလိုက်သည်။ ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်ကြောင့်
မြန်မာအစိုးရအနေနှင့် တရားတဘောင် ရင်ဆိုင်လာရမည့် အလားအလာ ရှိကြောင်းလည်း
သတိပေးပြောဆိုခဲ့၏။



မဲခေါင်မြစ် အရေးကိစ္စတွင် သက်ဆိုင်သူ ခြောက်နိုင်ငံအနက်
မည်သည့်မျက်နှာကိုမှ မထောက်ခဲ့သည့် တရုပ်နိုင်ငံသည် ယခုမြစ်ဆုံဆည်
အရေးတွင်လည်း “ တရုပ်ကုမ္ပဏီများ၏ အကျိုးစီးပွား” ကိုသာ ပထမဦးစားပေး
အဆင့်အဖြစ် တောင်းဆိုခဲ့သည်။ ဧရာဝတီမြစ်ရိုး တလျောက်နေထိုင်ကြသည့်
မြန်မာပြည်သူသန်းပေါင်းများစွာ၏ အကျိုးစီးပွါးကို
စိုးစဉ်းမျှမပျက်စီးစေရဟု မျက်စိစုံမှိတ် အာမခံနေခဲ့သော်လည်း
ရှေ့တွင်ဖြစ်ပျက်ခဲ့သည့် မဲခေါင်မြစ်၏ သင်ခန်းစာများက တရုပ်နိုင်ငံ၏
တစ်ဘို့တည်းဝါဒကို မီးမောင်းထိုးပြ လျှက်ရှိသည်။

မဲခေါင်မြစ်ကမ်းပါးများ ရေတိုက်စားခံရ၍လုံးပါး ပါးလာခဲ့ရသည့်
လာအိုနိုင်ငံ ထိုင်းနိုင်ငံမှ လယ်သမားများ၊ ငါးမျိုးပြုန်းတီးမှုကြောင့်
အလုပ်လက်မဲ့ဖြစ်လာရသည့် ထိုင်းနှင့် ကမ္ဘောဒီးယားမှ တံငါသည်များ၊
မြစ်ရေကြီးမှုကြောင့် မကြာခဏရွှေ့ပြောင်းကြရသည့်
မဲခေါင်မြစ်ဝကျွန်းပေါ်မှ ရေ ဘေးဒုက္ခသည်များ၊ သူတို့အားလုံးမှာ
တရုပ်နိုင်ငံ၏ တစ်နိုင်ငံတည်း ကောင်းစားရေးမူဝါဒ ကြောင့်
ဒုက္ခရောက်ခဲ့ရသူများ ဖြစ်သည်။ ထိုဘေးဒုက္ခများအတွက် ဘယ်သောအခါကမျှ
တရုပ်အစိုးရက တာဝန်ယူခဲ့ဖူးခြင်းမရှိပေ။



မြစ်ဆုံရေကာတာပြီးသည်နှင့်တစ်ပြိုင်တည်း မြန်မာနိုင်ငံတွင်လည်း
အလားတူဘေးဒုက္ခများ ကျရောက်လာနိုင်တော့မည်ဖြစ်သည်။ မြစ်ဆုံဆည် တည်ဆောက်ရေး
အစပိုင်းကာလမှာပင် ”တရုပ်ကုမ္ပဏီများ၏ အကျိုးစီးပွား” တစ်ဘို့တည်းကိုသာ
ကြည့်ခဲ့သည့် တရုပ်အစိုးရသည် အဆိုပါဘေးဒုက္ခများကျရောက်လာခဲ့ပါလျှင်ရော
ဧရာဝတီမြစ်ရိုးတလျောက်နေထိုင်ကြသည့်မြန်မာပြည်သူသန်းပေါင်းများစွာ၏အကျိုးစီးပွါးကို
ငဲ့စောင်း ကြည့်လိမ့်မည်ဟုထင်ပါသလား။



ခြောက်နိုင်ငံနယ်နမိတ်အတွင်းဖြတ်သန်းစီးဆင်းခဲ့သည့်
မဲခေါင်မြစ်အရေးကိုပင် ၎င်းနှင့်မသက်ဆိုင်သကဲ့သို့ နေစိမ့်ခဲ့သည့်
တရုပ်နိုင်ငံသည် ဧရာဝတီသာ သူ့လက်ခုပ်ထဲရောက်လာခဲ့လျှင် မှောက်လိုမှောက်
သွန်လိုသွန် ထင်ရာစိုင်းတော့မည်မှာ မလွဲပေ။ မဲခေါင်သည်
ဧရာဝတီသားများအတွက် မျက်မြင်သက်သေတစ်ခုဖြစ်သလို
အကောင်းဆုံးသင်ခန်းစာတစ်ခု လည်း ဖြစ်သည်မဟုတ်ပါလော။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, October 04, 2011

ကိုဇာဂနာ ထောင်ဝင်စာ တွေ့ခွင့်ပြုမည်

By အေးအေးမာ / တနင်္လာ, 03 အောက်တိုဘာ 2011(ပေးပို့ သူ ဗမာ့သွေး)
နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ စွယ်စုံအနုပညာရှင် လူရွှင်တော်ကိုဇာဂနာရဲ့ ဆွေမျိုးသားချင်းတွေကို ထောင်ဝင်စာ တွေ့ဆုံခွင့်မပေးဘဲ တစ်နှစ်ခွဲလောက် တားမြစ်ထားရာက အခုတော့ ပြန်လည် တွေ့ခွင့် ပြုလိုက်ပါပြီ။ ကိုဇာဂနာ အကျဉ်းကျခံနေရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ တခြား နိုင်ငံရေးအကျဉ်းသား မိသားစုတွေကတဆင့် အခုလို အကြောင်းကြား လာခဲ့တာလို့ သူ့ရဲ့သားချင်းတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ လူရွှင်တော်ဇာဂနာ ခေါ် ကိုသူရကို မိသားစုဝင် အရင်းအခြာကလွဲလို့ တခြားဆွေမျိုးတွေကို တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ထောင်ဝင်စာ ငြင်းပယ်ခံထားရတာ ၁ နှစ်ခွဲလောက် ရှိခဲ့ပါပြီ။ ဒီလို တားမြစ်ခံရပြီးတဲ့နောက် အခုနောက်ဆုံး ထောင်ဝင်စာ ပြန်ပေးခဲ့တာပါ။ ဒီလိုတွေ့ဆုံခွင့် ပြန်ပေးတယ် ဆိုတာကိုတော့ တရားဝင်သဘောမဟုတ်ဘဲ တခြား ထောင်ဝင်စာ တွေ့ဆုံခဲ့တဲ့ မိသားစုတွေကတဆင့် အသိပေးခဲ့တာလို့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

“အခု ထောင်ဝင်စာကတော့ ထွက်လာပြီ။ ကျမကို ထောင်ဝင်စာ လူကြုံထည့်ပေးလိုက်တဲ့သူကတော့ ထောင်ဝင်စာဝင်တဲ့ ကောင်လေးက သူ့အစ်ကို့ကို မှာလိုက်တယ်တဲ့။ ကိုသူရအိမ်ကို ပြောပေးပါ၊ ထောင်ဝင်စာ လာလို့ရပြီလို့ ပြောလိုက်တယ်တဲ့။ နောက်ပြီးတော့ ကိုသူရက သူ ထောင်ဝင်စာ သွားတွေ့တဲ့နေရာနဲ့ နီးတယ်ပေါ့နော်။ ပြီးတော့ ကိုသူရက လှမ်းအော်တယ်တဲ့။ မငြိမ်းကို ပြောလိုက်ပါတဲ့၊ သီးလေးသီးရဲ့ ခေါင်းဆောင်ဟာ ဇာဂနာလည်း မဟုတ်ဘူး။ ဂေါ်ဇီလာလည်း မဟုတ်ဘူးလို့ ပြောပေးပါလို့ ပြောတယ်တဲ့။ အဲဒါ လှမ်းအော်တယ်တဲ့။ သူကတော့ ဒါ မလွတ်တဲ့အကြောင်း သက်သေပြတဲ့အနေနဲ့တော့ ကျမ ထင်တာတော့ သူ လှမ်းပြီး အသံပြုတယ်ပေါ့။ သူတို့ လမ်းလျှောက် ဆုံကြတဲ့အချိန်မှာ ပြောလိုက်တယ်လို့ ထင်တာပဲ။ မနက်ဖြန် မနက်ဆိုရင် ကျမ မြစ်ကြီးနားထောင်ကိုလည်း ဆက်သွယ်မယ်။ မြစ်ကြီးနား ပြည်နယ်အကြီးအကဲ ဆီလည်း ကျမ ဆက်သွယ်ကြည့်မယ်။ ဟုတ်တယ်ဆိုရင် သူတို့ ကျမကို တရားဝင် အကြောင်းကြားရမယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တရားဝင်စာနဲ့ ပိတ်ထားတာကိုး။”

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုနေချိန်မှာပဲ ကိုဇာဂနာ အပါအ၀င် တက်ကြွလှုပ်ရှားသူတချို့ ပြန်လည် လွတ်မြောက် လာတော့မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒီသတင်းတွေဟာ လတ်တလောမှာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေသာ ဖြစ်တယ်လို့လည်း မငြိမ်းကပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မယ့် အစီအစဉ် EU ကြိုဆို

By ၀င်းမင်း တနင်္လာ, 03 အောက်တိုဘာ 2011(ပေးပို့ သူ ဗမာ့သွေး)
မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ မြန်မာအစိုးရက ဆုံးဖြတ်လိုက်တာကို ဥရောပသမဂ္ဂ EU က ၀မ်းသာအားရ ကြိုဆိုလိုက်ပါတယ်။ ဒီစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ် တရုတ်အစိုးရဘက်ကရော ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။ ဥရောပသမဂ္ဂကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပေါ်လစီကို ပြန်သုံးသပ်ရာမှာ ဒီ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါမှာဖြစ်ပေမဲ့ တခြား အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားသွားရလိမ့်မယ်လို့ ဆိုပါတယ်။ အပြည့်စုံကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံသား အများအပြားက ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့ မြစ်ဆုံရေကာတာကိစ္စကို သမ္မတသစ် ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ ၆ လတာ ကာလအတွင်း အခုလို လိုက်လျောဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာမှာ ဥရောပသမဂ္ဂလည်း ပါလာပါပြီ။ သောကြာနေ့က ကြေညာချက်ထုတ်ပြန် ကြိုဆိုခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ရဲ့ ရုံးက ပြောရေးဆိုခွင့်ရှိသူ Maja Kocijancic က -

“ဒီစီမံကိန်းကြီးကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ စိုးရိမ်မှုတွေအပေါ် မြန်မာအစိုးရဘက်က ဖြေရှင်းပေးဖို့ အဆင်သင့်ဖြစ်လာတဲ့အပေါ် ကျမတို့ ကြိုဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်ကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲကြီးတခုကိုလည်း အားလုံးက တလေးတစားဖြစ်အောင်လုပ်ပြီး မတူတဲ့အမြင်တွေကို နားထောင်ချင်တဲ့ဆန္ဒတွေ ရှိတာကိုလည်း ကြိုဆိုပါတယ်။”

တရုတ်နဲ့စာချုပ်ကို ပယ်ဖျက်ပြီး မြန်မာပြည်သူလူထု အများစုရဲ့ အကျိုးစီးပွားအပေါ် ဦးစားပေး ဆုံးဖြတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဥရောသမဂ္ဂရဲ့ မြန်မာပြည်အပေါ် ပေါ်လစီကို စဉ်းစားရာမှာ အကျိုးသက်မှု ဘယ်လိုရှိနိုင်လဲ လို့ မေးရာမှာ ပြောခွင့်ရအမျိုးသမီးကပဲ -

“ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပေါ်လစီကို ပြန်လည်သုံးသပ်တာမှာ ဒီအချက်ကလည်း အရေးပါလာမှာပါ။ ဒါပေမဲ့ တခြား အချက်တွေအပေါ်မှာလည်း ထည့်သွင်း စဉ်းစားသွားရဦးမှာပါ။”

ဒီ အခြားအချက်တွေထဲမှာ ဘာတွေ ပါနိုင်သလဲ ဆိုတဲ့အမေးကိုတော့ ပြောခွင့်ရသူ Kocijancic က ပြည်သူအများစုရဲ့ စီးပွားရေုးလုပ်ငန်းတွေ ကောင်းလာအောင် ကြိုးပမ်းလုပ်ဆောင်ပေးတာတွေ အပြင် သူတို့အနေနဲ့ ဆက်တိုက် အရေးတကြီး တောင်းဆိုခဲ့ပြီးသား အချက်တွေပဲ ပါတာပါလို့ ပြောပါတယ်။

“ကျမတို့အနေနဲ့ အတိုက်အခံတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတခု ဖြစ်လာဖို့ကို တောင်းဆိုလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေထဲမှာလည်း နိုင်ငံရေးပြစ်မှုနဲ့ ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဆက်တိုက် တောင်းဆိုထားပါတယ်။”

အခုလို ဥရောပသမဂ္ဂက ကြိုဆိုလိုက်ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ ကတော့ မြန်မာအစိုးရအနေနဲ့ မြစ်ဆုံဆောက်လုပ်ရေး စာချုပ် ချုပ်ထားတဲ့ တရုတ်ကုမ္ပဏီရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရမယ်လို့ စနေနေ့က သတိပေးလိုက်ပါတယ်။ အခုလို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်ကျော်ဖိုး စာချုပ် ချုပ်ခဲ့တဲ့ CPI လို့ အတိုခေါက်ခေါ်တဲ့ တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီကို အကာအကွယ်ပေးရေးဆိုတာ ဘာကိုဆိုလိုပါသလဲ ဆိုတာ သိရဖို့ တရုတ်နိုင်ငံ ပေါ်လစီ သုံးသပ်သူ ဒေါက်တာလှကျော်ဇောကို မေးမြန်းကြည့်ခဲ့ပါတယ်။ ဒေါက်တာလှကျော်ဇော က -

“သူတို့က ဒီလိုစီမံကိန်းကြီးတွေ လုပ်တဲ့အခါမှာ သူတို့ နားလည်မှု စာချွန်လွှာတွေ၊ စာချုပ်တွေကို နိုင်ငံတကာအဆင့်နဲ့အမှီ သူတို့ ချုပ်ဆိုထားတာဖြစ်တယ်။ ဥပမာအားဖြင့် ကတိက၀တ် ပျက်တဲ့သူက ဘယ်လို လျော်ရမယ်တို့ ဆိုတာမျိုးပေါ့။ အဲဒါတွေကို အပြန်အလှန် ထိန်းညှိဖို့ ပြောဆိုတာဖြစ်မယ်ထင်တယ်။”

အခုလိုဖြစ်တာက တရုတ်အနေနဲ့ တခြားနိုင်ငံတွေမှာ အတွေ့အကြုံ ရှိထားပြီးသားဖြစ်တယ်လို့လည်း ဒေါက်တာ လှကျော်ဇော ကပဲ ပြောပါတယ်။

“ဒါ သူတို့ကတော့ ပြောရိုးပြောစဉ်ပေါ့။ ဥပမာ လစ်ဗျားကိစ္စမှာလည်း ဒီလိုပဲ သူ ပြောနေတာပဲ။ နောက်တက်လာတဲ့ အစိုးရအနေနဲ့ ပထမအစိုးရနဲ့ သဘောတူထားတဲ့ စာချုပ်တွေကို အသိအမှတ်ပြုပါ။ သူတို့ရဲ့ နစ်နာကြေးတွေကို လျော်ကြေးပေးပါ ဆိုပြီး ဒီလိုပဲ ပြောနေတာပဲ။”

တရုတ်နိုင်ငံက သူ့နိုင်ငံထဲမှာ အခုလို ပြဿနာမျိုးဖြစ်လာရင် ဖြေရှင်းတတ်ပုံကို ဒေါက်တာလှကျော်ဇော က အခုလို ဆက်ပြောပါတယ်။

“သူ့ နိုင်ငံမှာလုပ်လေ့လုပ်ထရှိတာကတော့ အဲလိုပြဿနာပေါ်လာရင် သူက လျှော်ကြေးပေးတာသော် လည်းကောင်း လူတွေ စိတ်ခံစားမှုပြင်းထန်နေရင် နောက်ရွေ့လိုက်ပြီးတော့ လူထုကျေနပ်လာအောင် ရှင်းပြတာတို့ပေါ့ဗျာ။ ပြီးတော့ နစ်နာတဲ့သူတွေကိုလည်း နစ်နာကြေး လုံလုံလောက်လောက်ပေးတာတို့ ကျေနပ်အောင်လုပ်ပေးတာတို့၊ တိုင်းပြည် အကျိုးစီးပွား အမျိုးသား အကျိုးစီးပွားဘက်က ဆွေးနွေးပြီးတော့ တင်ပြတာတို့ ဘာတို့လုပ်ပြီး ပြေလည်အောင်လုပ်သွားတာပဲ။”

ဒေါက်တာလှကျော်ဇော်ကပဲ မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်က အခုလိုဆုံးဖြတ်လိုက်တာဟာ သူ မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စလို ကိစ္စမျိုး အများကြီးရှိနေတာမို့ အခုလို သူ့အပေါ် အကျိုးသက်ရောက်မှုနည်းမယ့် မြစ်ဆုံကိစ္စမျိုးကို လိုက်လျော ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ကြီးနားတွင်ဗုံးကွဲ၊ လူတဦးသေဆုံး

ဧရာဝတီ Monday, 03 October 2011 15:34 သတင်းတိုများ(ပေးပို့ သူ ဗမာ့သွေး)
ကချင်ပြည်နယ် မြစ်ကြီးနာမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) ရုံးအနီးတွင် ယမန်နေ့ ည ၈ နာရီခွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတဦးသေဆုံး သွားသည်။ ဒေသခံများ၏ အဆိုအရ ကညန ရုံးအနီးတွင် ဗုံးထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၎င်းဗုံးထောင်သူပင် သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။


ဝ နှင့် တရုတ် ဆက်ဆံရေး နေပြည်တော်အစိုးရ စွက်ဖက်မည်မဟုတ်
Monday, 03 October 2011 17:55 သျှမ်းသံတော်ဆင့်


E-mail Printယခုလဆန်းက ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ အကြီးအကဲများနှင့် အစိုးရ ကိုယ်စားလှယ်များ လားရှိုး၌တွေ့ ဆုံရာ တွင် နှစ်ဦး နှစ်ဖက်လိုအပ်ချက် များ ဆွေးနွေးခဲ့ကြရာ ဝ နှင့် တရုတ် ဆက်ဆံရေး နေပြည်တော်အစိုးရ စွက်ဖက်မည် မဟုတ်ဟူသည့် အချက်လည်း ပါဝင်ကြောင်း တက်ရောက်သူများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြော ပါသည်။

“မြန်မာအစိုးရကိုယ်စားလှယ်ဖက်က ၈ ယောက်တက်တယ်။ ကျနော်တို့ဖက်က ဒုဥက္ကဌ ရှောင်မင်လျန် ဦးဆောင် ပြီး ၁၀ ယောက်ကျော် တက်တယ်။ ပထမအကြိမ်ဆွေးနွေးပြီး မကြာခင် သူတို့ပို့လာတဲ့ အချက် ၅ ချက် ကို ဆွေးနွေး တယ်။ ဝ - တရုတ် ဆက်ဆံရေးကို မြန်မာအစိုးရက စွက်ဖက်မှာမဟုတ်လို့ ပြောလာသလို၊ ကျနော်တို့ ဖက်ကလဲ အဲဒီအချက်ပါဝင်တဲ့ အချက် ၁၄ ချက်ကိုတောင်းဆိုတယ်” - ဟု ပန်းဆန်းနေ အဆိုပါ အရာရှိက သျှမ်းသံတော်ဆင့်အားပြောပြသည် ။

တွေ့ဆုံနွေးပွဲ၌ မြန်မာအစိုးရဖက်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ ဥက္ကဋ္ဌဌ ဦးသိန်းဇော်၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း၊ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် အောင် ကျော်ဇော၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ် နှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းဦးစီး အဖွဲ့ ခွန်ထွန်းလူတို့ ပါဝင်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။တွေ့ ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁ ရက် မနက် ၉ နာရီမှ နေ့ခင်း ၁၂ နာရီအထိ လားရှိုးမြို့ အဝင် ပြည်နယ် စိုက် ပျိုး ရေးရုံး၌ ကျင်းပပြီး တက်ရောက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ အကြီးအကဲများမှာ ဒု ဥက္ကဌ ရှောင်မင်လျန် ၊ ပေါက်ယိုလျန်၊ ကျောက်ကော်အန်း၊ တာ့အိုက်လုံ့၊ လီကျူးလျဲ့ ခေါ် ဦးအောင်မြင့်တို့ဦးဆောင်သည့် အင်အား ၁၀ ယောက် ကျော်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။“

စက်တင်ဘာလ ၁၇ ရက်ကတည်းက သူတို့ပို့လာတဲ့ အချက် ၅ ချက်ဆိုတာက
- ၁။ ဝ နယ်ထဲကို အစိုးရဝန်ထမ်း တွေပြန်ပို့မယ်၊
၂။ ဝ နယ်ထဲကို အရင်ကအတိုင်း ကုလသမဂ္ဂအဖွဲ့ အစည်း၊ အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းတွေ ပြန်လည် ပို့ဆောင်မယ်၊
၃။ အစိုးရရဲ့ မူးယစ် ဆေး တိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းမှာ ဝ တပ်ဖွဲ့ ပါတီ ကနေ လက်တွဲပူးပေါင်းစေလို တယ်

၊ ၄။ အစိုးရကတားမြစ်ပိတ် ပင်ခဲ့ဖူးတဲ့ ဝ - တရုတ်အာဏာပိုင်များ ဆက်ဆံရေးကို ပြန်လည်ခွင့်ပြုပေးတယ်၊ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။

၅။ မိုင်းယောင်းမြို့နယ်ထဲကသတ္တုတူး ဖော်ရေးကိုပါ UWSP ကိုပေးတဲ့အကြောင်း - တွေပေါ့” ဟု ဆို၏။ဝ ခေါင်းဆောင်များဖက်မှ ဆွေးနွေးသောအချက် ၁၄ ချက် ရှိကြောင်းလည်း ဝ ပါတီခေါင်းဆောင်များနှင့်ရင်းနှီး သည့် ပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။၁။ စစ်တပ်မှလွဲ၍ ဝ နယ်သို့ပို့ဆောင်မည့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား ကြိုဆိုလက်ခံမည်။

၂။ တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်း၊ လားရှိုးမြို့များ၌ ဝ ကိုယ်စားလှယ်ရုံးများ ပြန်လည့်ထားရှိခွင့်ပေးရန်။
၃။ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ဝ တပ်ဖွဲ့နှင့်ဆိုင်သော ကုမ္မဏီများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန်။
၎။ ဝ ပြည်နယ်သားများ လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံသားမှတ်ပုံတင်လုပ်ပေးရန်
၅။ ယာဉ်လိုင်စင်လုပ်ပေးရန်။
၆။ ဝ တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်သွားရန်( ယခင် ၁၉၈၉ အပစ်ရပ်သဘေားတူညီချက်အတိုင်း)
၇။ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုကိုရပ်တန့်၍ တွေ့ဆုံဆွေးနွေးမှု စတင်သွားရန်။
၈။ ကူညီထောက်ပံ့ရေးပေးသည့် UN/ INGO/ NGO အဖွဲ့များအား ဝ နယ်ထဲသို့ ပြန်လည်အခြေချလုပ်ဆောင်ခွင့်ပြုရန်။
၉။ သတ္တုတူးဖော်ရေး၊ သယံဇာတ ရှာဖွေရေးအတွက် ပညာရှင်များအား စေလွှတ်ပေးရန်။
၁၀။ ဝ-တရုတ် လွတ်လပ်စွာဆက်ဆံရေးကို သံသယကင်းရှင်းစွာဖြင့် ပြန်လည်ခွင့်ပြုပေးရန်။
၁၁။ အစိုးရ၏ မူးယစ်ဆေးတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်း၌ လက်တွဲပူးပေါင်းမည်။
၁၂။ မကြာခင်က မြန်မာအစိုးရက ပို့ပေးသော ဆန်အိတ် ၁၀ဝ၀ နှင့် ဂြိုလ်တု စလောင်းအလုံး ၁၀ဝ အတွက် ကျေးဇူးတင်ကြောင်း။
၁၃။ ရှေ့ဆက်တွင်လည်း ဝ ပြည်နယ်သားများအတွက် တလလျင် ဆန်အိတ်ပေါင်း ၂၀ဝ၀ နှင့် ငွေသား ကျပ် သိန်း ၁၀ဝ (ကျပ်ငွေ ၁၀ သန်း) ကို အစိုးရဖက်မှ ကူညီထောက်ပံ့ပေးသွားရန်၊
၁၄။ ဝတပ်ဖွဲ့ရပ်တည်နိုင်ရေးအတွက် ကျွန်းသစ်ပါမစ် တန်ချိန် ၁၀ဝ၀ဝ နှင့် အခြားသစ်မာ ပါမစ်တန်ချိန် ၁၀ဝ၀ဝ တို့ကို ချပေးရန် - စသည်တို့ ဖြစ်သည်ဟုလည်း ဌင်းက ဆက်လက်ပြောပြသည်။

အဆိုပါ ဆွေးနွေးတင်ပြချက်များအနက် မည်သည့်အချက်များကို သဘောတူ လက်မှတ်ရေးထိုးသွားသည်ဟူသည့် အချက် အလက် အသေးစိတ်ကိုတော့ ဝ ပြည်နယ်သားများအား ကြေငြာချက်ထုတ်ပေးမည်ဟုလည်း ကြားသိရ ကြောင်း ဝ တပ်ဖွဲ့အတွင်းတာဝန်ထမ်းဆောင်နေသော ခေတ်ပညာတတ် လူငယ်တဦးကလည်း ပြောသည်။

ရှေ့ဆက်တွင်လည်း တွေ့ဆုံဆွေးနွေးမှုထပ်မံပြုလုပ်သွားမည်ဖြစ်ရာ ဝ နယ်၌တကြိမ် အစိုးရနယ်၌တကြိမ် လည်ပတ် ကျင်းပသွားရန်၊ သျှမ်းပြည်မှတဆင့် နေပြည်တော်အထိ တဆင့်ပြီးတဆင့် အစည်းအဝေးများ လုပ်သွားရန် သဘောတူခဲ့ ကြကြောင်း စုံစမ်းသိရှိရပါသည်။

စက်တင်ဘာ ၆ ရက် က ဝ ကိုယ်စားလှယ်နှင့် အစိုးရ ကိုယ်စားလှယ်တို့ ကျိုင်းတုံမြို့၌ ပဏာမ တွေ့ဆုံဆွေးနွေး ရပြီး နောက်ပိုင်း ယခု ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။ သျှမ်း၊ ကရင် နှင့် အခြားသောတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ထပ်မံတွေ့ဆုံလည်း ထပ်မံရှိလာနိုင်သည်ဟု လေ့လာသူများကသုံးသပ် ပါသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဓနုတ်စေတီ ပြန်တည်ရန် အလှူငွေ အများအပြား လိုအပ်

ဧရာဝတီ Monday, 03 October 2011 11:58(ပေးပို့ သူ ဗမာ့သွေး)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစု ဦးစီး ထီးတော်တင်ပြီး မကြာမီ ပြိုကျသွားသော ရန်ကုန်မြို့ပြင်ရှိ သမိုင်းဝင် ဓနုတ်စေတီ ပြန်လည် တည်ဆောက်ရန် အလှူငွေ အများအပြား လိုအပ်နေသဖြင့် ရွှေတိဂုံဘုရားတွင် အလှူခံလျက်ရှိသည်။

သို့သော်လည်း အလှူငွေ အနည်းငယ်သာ ရသေးသည်ဟု ဓနုတ်စေတီဂေါပကအဖွဲ့ ထံမှ သိရသည်။

“စေတီတော်ကြီးပြန်တည်ဖို့ လိုတာက ကျပ်သိန်းပေါင်း ၁၃၀၀၀ လိုတယ်။ အခု ရွှေတိဂုံမှာ အလှူခံနေပါတယ်။ တနေ့ကို သုံးသိန်းလောက် ရတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ အလှူငွေကို ရဖို့ နှစ်ပေါင်းများစွာ အလှူခံရမလို ဖြစ်နေတယ်” ဟု အလှူခံရာတွင် ပါဝင်သည့် ဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။

ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျပြီး ၂ နှစ်ခွဲကျော် အကြာတွင် ဒေသခံများနှင့် ဘုရားဂေါပကအဖွဲ့က ပြန်လည် တည်ဆောက်ရေး အလှူငွေ စတင် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်ဒေသခံတဦးက “စေတီ ပြန်တည်ဖို့ မြေတိုင်းတာတွေ ဘာတွေကိုတော့ ရွှေသံလွင်ကုမ္ပဏီက လုပ်ပါတယ်။ သို့သော်လည်း ကုမ္ပဏီဘက်ကလည်း သိပ်ပြီးတော့ တက်တက်ကြွကြွ မရှိဘူး။ ဘယ်အချိန်မှ စေတီကြီး ပြန်တည်နိုင်မလဲ ဆိုတာ တိတိကျကျ ရေရေရာရာ မရှိဘူး” ဟု ဆိုသည်။

၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီးပြီး ထီးတော် တင်လှူခဲ့သော ဓနုတ်စေတီကြီးသည် ၂၃ ရက်အကြာတွင် ပြိုကျခဲ့သည်။

ယခုနှစ် မတ်လကုန်ပိုင်းက စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု၏ လှုပ်ရှားမှုများကို အစိုးရမီဒီယာများတွင် ဖော်ပြခြင်း မရှိတော့ပေ။



သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံကို အစိုးရ၀န်ကြီးရုံးများ အပါအ၀င် ဌာနဆိုင်ရာများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုက စေတီမပြိုကျမီ မွမ်းမံပြင်ဆင်မှု၊ ထီးတော်တင်မှုတို့တွင် ပါဝင်ခဲ့သော်လည်း ယခု ပြန်လည် တည်ဆောက်ရေး အစီအစဉ်တွင် ပါဝင်လှူဒါန်းမှု မပြုလုပ်တော့ကြောင်း သိရသည်။

ဓနုတ်စေတီပြိုကျမှုတွင် လူ ၂၀ ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

အစိုးရ၏ ထုတ်ပြန်ချက်တွင်မူ သေဆုံးသူ ၂ဦး၊ ဒဏ်ရာရသူ ၃၄ ဦး ရှိသည်ဟု ဖော်ပြခဲ့သည်။

စေတီကို မူလပုံစံအတိုင်း ဖြစ်စေရန် တည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများ ရှိခဲ့ကြောင်း၊ မိုးမကျမီ ပြင်ဆင်မှုလုပ်ငန်း အပြီးသတ်ရန် ကြိုးစားရာတွင် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ကြောင်း စသည်ဖြင့် စေတီ ပြိုကျရသည့် အကြောင်းရင်းကို အစိုးရက ထုတ်ပြန်ခဲ့သည်။

ဓနုတ်စေတီကြီးကို သာသနာ သက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခဲ့ကြောင်း၊ ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည် တွင်ခဲ့ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။

စေတီကြီးကို ဗညားဦး၊ သုတသောမ ရာဇဓိရာဇ်၊ ရှင်စောပု၊ ဓမ္မစေတီ၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ သာလွန်မင်း၊ မင်းရဲကျော်ထင်၊ ဘိုးတော်မင်းတရား စသည့် မွန်၊ မြန်မာ ဘုရင် အဆက်ဆက်က ပြုပြင် ကိုးကွယ်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျပ်တသိန်းမှ ငါးသိန်း အပ်ငွေများ အာမခံပေး

ညီသစ် | တနင်္လာနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၁ မိနစ်(ပေးပို့ သူ ဗမာ့သွေး)
ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံသည့် ကျပ်တသိန်းမှ ကျပ်ငါးသိန်း အတွင်း ငွေများကို မြန်မာ့ အာမခံလုပ်ငန်းမှ အာမခံပေးမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှစ၍ မြန်မာ့အာမခံ လုပ်ငန်းမှ ဘဏ်များ၏ "အပ်ငွေ အာမခံ အမျိုးအစား" အတွက် ဝန်ဆောင်မှု ပေးရာတွင် အာမခံ(ပရီမီယံ) ကြေး ကျပ် ၁ဝဝ လျှင် ၂၅ ပြားနှုန်းဖြင့် လက်ခံနေသည်ဟု သိရသည်။

သို့သော် အပ်ငွေတွင် ကျပ် ငါးသိန်းထက်ပိုပါက လက်မခံကြောင်းလည်း သိရသည်။

အာမခံငွေ ပေးသွင်းပြီးပါက အာမခံ သက်တမ်း တနှစ်အတွင်း ဘဏ်က အကြောင်းအရာ တခုခုကြောင့် ဒေဝါလီ ခံပါက အပ်နှံထားသူများ၏ ငွေများကို ဘဏ်က ပေးလျော်ရန် မလိုဘဲ မြန်မာ့အာမခံ လုပ်ငန်းက အစားထိုးပေးလျော် သွားမည် ဖြစ်သည်။

"ဒီအာမခံက ဝယ်ကိုဝယ်ရမယ် မဟုတ်ပေမယ့် ဘဏ်တွေက ဝန်ဆောင်မှု ကောင်းချင်တယ် ဆိုရင်တော့ လုပ်ပေါ့နော်။ ကျပ်ငါးသိန်း အထိပဲ အာမခံ ထားပေးလို့ ရမှာပါ။" ဟု ပုဂ္ဂလိကဘဏ် အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ထို အပ်ငွေအာမခံ အမျိုးအစားကို မြန်မာ့ အာမခံလုပ်ငန်းက ဘဏ်များအားလုံးသို့ အကြောင်းကြားစာ ပို့ပြီး ဖြစ်ကြောင်း အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အထက်ပါဘဏ် အကြီးတန်း အရာရှိက မဇ္ဈိမကိုပြောသည်။

လူလတ်တန်းစားများနှင့် အောက်ခြေ လူတန်းစားများ၏ အပ်ငွေများကို ဆုံးရှုံးမှု မရှိစေရန် ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းက ပြောကြားခဲ့ပြီး ကောက်ခံသည့် ပရီမီယံကြေးသည် ဒေသတွင်း နိုင်ငံများတွက် ဆောင်ရွက်နေသည့် နှုန်းများ အတိုင်းပင် ဖြစ်သည် ဟုဆိုသည်

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တစ်ဖွဲ့တည်းဖြင့် ငြိမ်းချမ်းရေးစကား မဆွေးနွေးလိုဟု KNU ပြောဆို

အာက်တိုဘာလ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)(ပေးပို့ သူ ဗမာ့သွေး)
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ရွေးချယ်စေလွှတ်သည့် ဘာသာရေးပုဂ္ဂိုလ်များ ပါဝင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ငြိမ်းချမ်းရေးကိစ္စ လာရောက်တွေ့ဆုံသော်လည်း မိမိတို့တဖွဲ့တည်းဖြင့် မတွေ့ဆုံလို ကြောင်း KNU က တုန့်ပြန်ပြောဆိုလိုက်သည်။

KNU ဒုဥက္ကဌ စောဒေးဗစ်သကဘောက “ပြည်နယ်အဆင့်က သူတို့ ဘာအာဏာမှ မပေးထားဘူးလေ။ တွေ့လည်း အလကား ပဲ။ ကျနော်တို့ဘက်က အဓိကတော့ UNFC အနေနဲ့ တွေ့ချင်တယ်။ တဖွဲ့ချင်းဆိုတာကလည်း အဓိပ္ပာယ်မရှိဘူး။ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး။”ဟု ပြောသည်။

စက်တင်ဘာလ ၂၈ရက်နေ့က ကရင်ပြည်နယ်မှ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ သံဃာတော်များ ပါဝင်သည့် ငြိမ်းချမ်းရေး ကိုယ် စားလှယ်အဖွဲ့တဖွဲ့မှ ငြိမ်းချမ်းရေး လာရောက်ကမ်းလှမ်းခဲ့သော်လည်း KNU ထိပ်ပိုင်းခေါင်းဆောင်များ လက်ခံတွေ့ဆုံခြင်း မရှိဟုလည်း KNU ဘက်မှ ပြောဆိုသည်။

ယခင်က ပြုလုပ်ခဲ့သည့် တဖွဲ့ချင်းစီ တွေ့ဆုံမှုများတွင် မည်သည့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မှ မရရှိကြသလို အချင်းချင်း နားလည်မှု လွဲမှားမှုသာ အဖတ်တင်သည်ဟု စောဒေးဗစ်သကဘောက ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ရွေးချယ်တာဝန်ပေးထားသော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ဦးစောဖိုးနီ ၇၄နှစ်၊ သိက္ခာ တော်ရ ဆရာတော် စောရင်မြရွှေ သက်တော် ၇၀နှစ်၊ အရှင်ခေမာဝုဓ သက်တော် ၆၅နှစ်၊ ဦးစောဗစ်တာ အသက် ၆၄နှစ်၊ ဦး တင်အေး ၆၄နှစ်၊ ဦးအယ်ဝါး ၄၂နှစ်တို့ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏စာတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် KNU ကို လာရောက်ကမ်းလှမ်းသည့် ပုဂ္ဂိုလ်များသည် လူကြီးလူကောင်းများဖြစ်ကြသော်လည်း ဦး သိန်းစိန်အစိုးရ၏ ခိုင်းစေမှုခံကို မလွန်ဆန်နိုင်သောကြောင့် လာရောက်ရခြင်းဖြစ်သည်ဟု စောဒေးဗစ်သကဘောက ထောက် ပြပြောဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကြေညာချက်အမှတ်(၁/၂၀၁၁)အား ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၈ရက် နေ့စွဲဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ကရင်ပြည်နယ်အတွင်း ကရင်တပ်ဖွဲ့နှင့် အစိုးရတပ်များ၏ တိုက်ပွဲငယ်များမှာ ယနေ့အထိ အဆက်မပြတ် ဖြစ်ပွားလျှက်ရှိ သည်။

KNU သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ (UNFC)၏ အဖွဲ့ဝင်ထဲတွင် ပါဝင်ပြီး ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရ အဆက်ဆက်နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ် သတ်မှတ်ချက် AAPP ထုတ်ပြန်

ကိုပေါက် | သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်(ပေးပို့ သူ ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ မည်သည့် အကျဉ်းသားသည် ‘နိုင်ငံရေး အကျဉ်းသား’ ဖြစ်သည်ကို ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ကြေညာချက် ထုတ်ပြန်၍ သောကြာနေ့က ရှင်းလင်းဖွင့်ဆို လိုက်သည်။

အစိုးရနှင့် အတိုက်အခံများ အကြား အဆက်မပြတ် အငြင်းပွားခဲ့ရသည့် ‘နိုင်ငံရေး အကျဉ်းသား’ ဆိုသည်မှာ “ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့် လည်းကောင်း လက်နက်ကိုင် လမ်းစဉ်ဖြင့် လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေး ထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့်” ထောင်များ၊ ရဲဘက်စခန်းများနှင့် စစ်ကြောရေး စခန်းတို့တွင် ချုပ်နှောင်ခံထားရသော မည်သူမဆို ပါဝင်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

“ဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာ ခုချိန်ထိ ဝန်မခံသေးပါဘူး။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ဖို့ လိုတယ်။ လောလောဆယ် ကျနော်တို့ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သူတို့သိအောင်ရယ်၊ နိုင်ငံတကာကလည်း ဒီလူတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်ဆိုတာ ပြောဆိုချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု AAPP-B တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင် လှုပ်ရှားမှုများနှင့် ဆက်စပ်နေ၍ ဖမ်းဆီးခံထားရသူများလည်း ထည့်သွင်းထားရသည်မှာ မြန်မာနိုင်ငံ ၏ ထူးခြားသော အခြေအနေအရ ဖြစ်ကြောင်း “ဒါက ပကတိရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စပါ။ အင်မတန်မှ အရေးကြီးပါတယ်။ အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့က လက်နက်ကိုင် တိုက်ပွဲတွေ ထိပ်တိုက် ရင်ဆိုင်နေရတာတွေကို ပြေလည် အောင်ဆိုရင် ဒီလက်နက်ကိုင် အင်အားစုတွေထဲက အဖမ်းခံထားရသူတွေကို လွှတ်ပေးဖို့ဆိုတာလည်း စဉ်းစားရမှာဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် နိုင်ငံတော်ကောင်စီက ၁၉၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ စဉ်က နိုင်ငံရေးပြစ်မှု ဆိုသည်များကို သတ်မှတ် ဖော်ပြခဲ့ဖူးသည်။

ယခုအချိန်တွင် နိုင်ငံရေး လှုပ်ရှားသူများအား သိက္ခာချရန် အတွက် အခြားရာဇဝတ်မှုများဖြင့် စွပ်စွဲ ဖမ်းဆီးလေ့ ရှိကြောင်း ကိုဘိုကြည်က “အဲလိုနိုင်ငံရေးပြစ်မှုတွေနဲ့ မချဘဲနဲ့ တခြားရာဇဝတ်မှုတွေနဲ့ ချနေတာတွေ ရှိတော့ တဦးချင်းရဲ့လှုပ်ရှားမှုအပေါ်မှာ ကြည့်ပြီးတော့ သတ်မှတ်ပါတယ်။ ဥပမာဆိုရင် တလောက ဒီမိုကရေစီနေ့မှာ အဖမ်းခံရတဲ့သူဆိုရင် လုပ်တာက ဒီမိုကရေစီဟောပြောပွဲ လုပ်တာ။ ဖမ်းတော့ မူးယစ်ရမ်းကားမှုနဲ့ ရုံးတင်တယ်” ဟု စက်တင်္ဘာ ၁၅ ရက်နေ့က အဖမ်းခံခဲ့ရသည့် ကိုနေလင်းဦး အမှုအား ကိုးကား ပြောသွားသည်။

AAPP-B စုဆောင်းရရှိထားသည့် စာရင်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း ၄၂ ခုနှင့် ရဲဘက်စခန်း ၁၀၉ ခုတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉၉၈ ယောက် ရှိပြီး အဆိုပါစာရင်းအား ပိုမိုတိကျနိုင်ရန် စီစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ပြောကြားချက်အပေါ် အခြေခံ၍ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် လာဖွယ် ရှိကြောင်း ခန့်မှန်းပြောဆိုချက်များနှင့် ပတ်သက်၍ “အဲဒါကတော့ ဦးသိန်းစိန် အစိုးရရဲ့ တကယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မှာလား/ မဖော်ဆောင်ဘူးလား ဆိုတာမှာပဲ မူတည်ပါတယ်။ ကျန်တဲ့သူတွေအပေါ်မှာ မူမတည်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံတော် တည်ငြိမ်ရေးကို နှောက်ယှက် ဖျက်ဆီးမယ့်သူတွေ မဟုတ်ဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည် တည်ငြိမ်ရေး၊ တိုးတက်ရေး အတွက်ကို ကူညီပံ့ပိုးမယ့်သူတွေပဲ ဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

အဆိုပါ ကြေညာချက်တွင် ‘နိုင်ငံရေး အကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ’ ဟူ၍ ဥပဒေနှင့် ပုဒ်မပေါင်း ၃၀ ကျော်ကိုလည်း စုဆောင်းဖော်ပြထားသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ဆုံအရေး တရုတ်အစိုးရ တုံ့ပြန် (ပေးပို့ သူ ဗမာ့သွေး)
ခင်ဦးသာ Monday, 03 October 2011 19:00
ရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။


စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။

ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ ဆုံးဖြတ်ခြင်းကို ကြိုဆိုသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာစီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နှင့်မြန်မာ အစိုးရတို့သည် ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်း မည်မျှအထိ ပြီးစီးနေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မြစ်ဆုံဒေသ စီမံကိန်းကို ဦးဆောင်ခဲ့သော တရုတ် China Power Investment (CPI) ကုမ္ပဏီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစီရင်စာတစောင် ထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးကြောင်း၊ ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က လက်ခံခြင်း မရှိပေ။

“အစီရင်ခံစာမှာ ပြောထားတဲ့ ဇီဝမျိုးစိတ်တွေကို နေရာပြောင်းလို့ရတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဇီဝ မျိုးစိတ်တွေ၊ ရှားပါးတဲ့ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ၊ အပင် မျိုးစိတ်တွေ စတဲ့ ဂေဟစနစ်တွေကို တနေရာက တနေရာကို ပြောင်းရွှေ့လို့ မရပါဘူး” ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

မြစ်ဆုံ စီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့် ပြီးမြောက်နေပြီဟု သိရကြောင်း၊ CPI ကုမ္ပဏီက နောက်ဆုတ်ပေးရန် အလားအလာမရှိကြောင်း သူက ရှင်းပြသည်။

မြန်မာပြည်မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းကလည်း CPI ကုမ္ပဏီ၏ အစီရင်ခံစာကို ရေးသား ထုတ်ပြန်သူများသည် ပညာရှင် အစစ်အမှန်များ မဟုတ်ဘဲ ကုမ္ပဏီ ကိုယ်စားပြုသူများသာ ဖြစ်သည့်အတွက် ထိုသို့ တာဝန်မဲ့ စကားပြောဆိုခြင်း ဖြစ်သည်ဟု သုံးသပ်လိုက်သည်။

“မြစ်ဆုံတ၀ိုက်မှာ ရှားပါးမျိုးစိတ် ရာချီရှိတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှု ပမာဏများတယ်၊ ဒါ့အပြင် တရုတ်(နိုင်ငံ)ရဲ့လုပ်ရပ်ဟာ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဒေသ ဓလေ့တွေပါ စော်ကားတဲ့ သဘောပါပဲ၊ ကျနော် နောက်ဆုံးပြောချင်တာကတော့ မြစ်ဆုံတ၀ိုက်ကို တရုတ်တပြည်လုံးနဲ့ မလဲနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးအုန်းက ဧရာဝတီကို ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့်ပမာဏ ကြီးမားသည်ဟု တရုတ်ပညာရှင် အစစ်အမှန်များက လေ့လာ သုံးသပ်ထားပြီးဖြစ်ကြောင်း ဦးအုန်းက ဆက်လက် ရှင်းပြသည်။

တရုတ်နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက် စနေနေ့တွင် ထွက်ပေါ်လာသော်လည်း သမ္မတဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကမူ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ဖွယ်မရှိဟု ဆိုသည်။

စီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုများရှိကြောင်း၊ ရေရှည်အရ ကောင်းသည့်ဘက်ကိုသာ ဦးတည်မည် ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများ နှင့် မြန်မာအစိုးရကြား ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရအဖွဲ့ဆိုတာက တဖွဲ့နဲ့တဖွဲ့က မူဝါဒတွေ မတူပါဘူး၊ ဒီတော့ နောက်လာမယ့် အစိုးရက ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာတော့ မသိပါဘူး” ဟူသော ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ဘီဘီစီမြန်မာပိုင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ စွမ်းအင်လိုအပ်မှုအတွက် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်စီမံကိန်းများ စီစဉ်နေရုံသာမက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများကို ဒေါ်လာ ဘီလီယံ ဆယ်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို ပင်လယ်ဓားပြ ထူထပ်သည့် မလက္ကာရေလက်ကြားကို ဖြတ်ကာ တင်သွင်းနေရသည့် ကုန်ကျစရိတ် များသည့်အပြင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ရေနံကို ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထား၍ တင်သွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ အများအပြား ကိုလည်း တရုတ်နိုင်ငံက နှစ် ၃၀ ထုတ်ယူရန် မြန်မာအစိုးရနှင့် စာချုပ် ချုပ်ထားပြီးဖြစ်သည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်နှင့်မြန်မာအစိုးရတို့ အတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည့်အပြင် သဘာဝဓာတ်ငွေ့စီမံကိန်း၊ အမြန်ရထားလမ်း စီမံကိန်းတို့သည်လည်း နှစ်နိုင်ငံ အစိုးရ၏ အကျိုးစီးပွားအတွက် အရေးပါသည်ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု ဆန့်ကျင်ရေးအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်စပ်နေသော ရေနံသိုလှောင်ရုံ၊ သဘာဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် ဓာတုစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတို့၏ ထိခိုက်နစ်နာမှုများ ကြီးမားသော် လည်း ထိုကိစ္စကို ပြည်သူများ သိခွင့် မရကြောင်း ကိုဝင်းအောင်က ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စာချုပ်အရ စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု သိရသည်။

ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ ၁၀၀ ကုဗမီတာအား အစိုးရ၏ လုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ အတွက် အသုံးပြုသွားရန်ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။
yRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 03, 2011

ပြည်မြန်မာကုန်တိုက် ကိစ္စ ဆန္ဒပြသူများအနေဖြင့်တောင်းဆိုမှုမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆို

ကျော်ဇင်မန်း(မြစ်မခ) အောက်တိုဘာ ၃၊ ရန်ကုန်မြို့။(ပေးပို့ သူ-ဗမာ့သွေး)
ရန်ကုန်မြို့၊ လှည်းတန်းပြည်မြန်မာကုန်တိုက်အတွင်း ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်သော စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် ဆန္ဒပြသူများအနေဖြင့် ၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက်ဆိုင်ခန်းရှင် များထံမှသိရသည်။



̏ ကျွန်တော်တို့အနေတောင်ဆိုထားတာတွေမရမခြင်း ဆက်ပြီးတော့ကြိုးစားသွားမှာပါ။ အခုလဲ ဆိုင်ခန်းပိုင်ရှင်အားလုံးကို အကြောင်းကြားထာပြီးပါပြီ ̋ ဟု ပြည်မြန်မာကုန်တိုက်အတွင်း နာရီပြင်ဆိုင်ဖွင့်ခဲ့သူ တစ်ဦးကပြောသည်။



၎င်းတို့အနေဖြင့် ဆိုင်ခန်းများဖယ်ရှားပေးခဲ့ရခြင်းကြောင့် နစ်နာမှုအနေဖြင့် တစ်စုံတစ်ရာပြန်လည် စီစဉ်ပေးရန် တောင်းဆိုလိုသောကြောင့် ယခုလိုဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ပြည်မြန်မာကုန်တိုက်အနီးတွင် လေလံအောင်ထားသော ပြည်မြန်မာကုန်တိုက်အတွင်းမှ ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်ပြီး စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် လူ ၂၀ ၀န်းကျင်ခန့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။



အဆိုပါဆန္ဒပြသူများမှ မခင်မျိုးလွင်နှင့်မသီတာအမည်ရှိ အမျိုးသမီး ၂ ဦးအား နေ့လည် ၁နာရီ အချိန်တွင် ဖမ်းဆီးသွားခဲ့ရာ ထိုနေ့ညနေ ၆ နာရီခွဲတွင် ခံဝန်ဂတိထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။



` ဟုတ်တယ် ကျွန်မတို့ကို မနေ့ကညနေ ၆ နာရီခွဲလောက်ကပြန်လွှတ်ပေးလိုက်တာ။ ခံဝန်ဂတိကိုလဲ အတင်းထိုးခိုင်းတယ်။ မထိုးရင် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲမယ်လို့ပြောတယ် ̋ ဟု မခင်မျိုးလွင်က ပြောသည်။



ဖမ်းဆီးထိန်သိမ်းခြင်းခံထားရသူများအား နောက်တစ်ကြိမ် ဆန္ဒပြလိုပါက ခရိုင်နှင့် တိုင်းများသို့ တင်ပြပြီးမှ ဆန္ဒပြရန်ခွင့်ပြုမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်တင်က ပြောလိုက်ကြောင်း မသီတာကပြောသည်။

ဆန္ဒပြသူများအနေဖြင့် ၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက်ဆိုင်ခန်းရှင် များထံမှသိရသည်။



ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏လေလံစာရင်းထဲတွင်ပါပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ (၁) ရက်နေ့ တွင်ဆိုင်ခန်းများအပြီးပြောင်းရွှေ့ပေးခဲ့ရပြီး ငါးလကျော်ကြာသည်အထိ တစ်စုံတစ်ရာ ပြန်လည်စီစဉ်ပေးခြင်းမရှိသာကြောင့် ယခုကဲ့သို့ ပထမဆုံးအကြိမ်ဆန္ဒပြရခြင်းဖြစ်ကြောင်းသိရသည်။



ပြည်မြန်မာကုန်တိုက်သည် ဆိုင်ခန်းပေါင်း (၉၈) ခန်းရှိပြီး အလုပ်သမား ပေါင်း(၃၀၀) ဝန်းကျင် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရာနေရာဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wall Street ကို ကန့်ကွက်ဆန္ဒပြသူများ ဖမ်းဆီးခံရ

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 02 အောက်တိုဘာ 2011(ပေးပို့ သူ-ဗမာ့သွေး)
အမေရိကန်နိုင်ငံက အဓိက ဘဏ္ဍာငွေကြေး ဈေးကွက်ဖြစ်တဲ့ Wall Street ကို ကန့်ကွက် ဆန္ဒပြ နေကြသူတွေ နယူးယောက်မြို့က Brooklyn တံတားကို ဖြတ်လျှောက် ချီတက်ဖို့ ကြိုးစားကြတဲ့အချိန် ချီတက် ဆန္ဒပြသူတွေထဲက ရာပေါင်းများစွာဟာ စနေနေ့နှောင်းပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

Wall Street ကို သိမ်းပိုက်ကြလို့ အမည်ပေးထားတဲ့ အဲဒီ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ကုမ္ပဏီကြီးတွေရဲ့ အတ္တလောဘကြီးမှု၊ လူတန်းစား မညီမျှမှုနဲ့ တခြား ကိစ္စရပ်တွေကို ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပြီး မနေ့ကတော့ သူတို့ Brooklyn တံတားကို ဖြတ်ပြီးချီတက်ဖို့ ကြိုးစားတဲ့အတွက် ယာဉ်သွား ယာဉ်လာတွေ ယာယီ ပိတ်သွားခဲ့ရပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ တံတားပေါ်မှာရှိတဲ့ လမ်းဘေး လူသွားလမ်းကိုဖြတ်ကျော်ပြီး ယာဉ်တွေသွားနေတဲ့ လမ်းမပေါ်ကို တက်လာကြတဲ့အချိန် ယာဉ်အသွားအလာတွေ ပိတ်ကုန်တာကြောင့် အဲဒီလူတွေကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို ချီတက် ဆန္ဒပြမှုတွေ ဖြစ်သွားခဲ့တာကြောင့် Brooklyn တံတား နာရီအတော်ကြာ ပိတ်သွားခဲ့ရပါတယ်။

အဲဒီ Wall Street ကို သိမ်းပိုက်ကြဆိုတဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကစပြီး နယူးယောက်မြို့က ဘဏ္ဍာငွေကြေးဈေးကွက်ရှိရာ Wall Street မှာ ဆန္ဒြုပနေခဲ့ကြတာဖြစ်ပြီး စနေနေ့က ချီတက် ဆန္ဒပြမှုကတော့ ခေါင်းဆောင်မပါတဲ့ ချီတက်ပွဲဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်မြန်မာကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများကို ရဲများနှင့် အာဏာပိုင်များ သော့ဖျက်ရိုက်ဖွင့်

The Voice Weekly အောက်တိုဘာ ၂၊ ၂၀၁၁ ရန်ကုန်(ပေးပို့ သူ-ဗမာ့သွေး)
အစိုးရကလေလံတင်ရောင်းချလိုက်ပြီးနောက် အငြင်းပွားမှုများဖြစ်ပွားနေသော ပြည်မြန်မာကုန်တိုက်အတွင်းရှိဆိုင်ခန်းများကို အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းတွင် ရဲများနှင့် အာဏာပိုင်များက သော့များရိုက်ချိုးပြီး ဖွင့်လှစ်လိုက်သည်ကိုတွေ့ရသည်။

အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး ပြည်မြန်မာကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများကို နယ်မြေခံရဲများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိများ၊ ကုန်တိုက်လုံခြုံရေးများ၊ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးအပါအ၀င် လူအင်အား ၂၀ ကျော်က သော့များရိုက်ဖျက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

"ပိုင်ရှင်တွေက ဆိုင်ခန်းသော့တွေကို မပေးလို့ ရိုက်ဖျက်တာလို့ ကြားတယ်။ ဆိုင်ရှင်တွေက ပစ္စည်းတွေအကုန်သယ်ပြီး ဆိုင်ခန်းတွေကို အာဏာပိုင်တွေက ချိတ်ပိတ်ထားတာလို့ ပြောတယ်" ဟု ပြည်မြန်မာကုန်တိုက်အနီးတွင် ဈေးရောက်ချနေသူ ပျံကျဈေးသည်တဦးက ရှင်းပြသည်။

ယင်းနေ့ နေ့လယ်ပိုင်းက ပြည်မြန်မာကုန်တိုက်အတွင်းရှိ ဆိုင်ခန်းပိုင်ရှင် ၂၀ ကျော်က ဆန္ဒပြခဲ့ကြပြီး အာဏာပိုင်များက ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ဆောင်သွားခဲ့သည်ဟု ကုန်တိုက်အနီးတွင် နေထိုင်သူအချို့ထံမှ သိရှိရသည်။

ပြည်မြန်မာကုန်တိုက်အတွင်းသို့ တဦးတယောက်မှ မ၀င်နိုင်ရန် သော့များခတ်ထားပြီး "နိုင်ငံတော်ပိုင်မြေ၊ ၀င်ရောက်ကျူးကျော်လျှင် ဥပဒေအရ အရေးယူခံရမည်"ဆိုသော အနီရောင်ဆိုင်းဘုတ်များကို ကုန်တိုက်အတွင်း နေရာအနှံ့အပြားတွင် ကပ်ထားသည်။

ပြည်မြန်မာကုန်တိုက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ယခုနှစ်အတွင်း လေလံတင်ရောင်းချခဲ့ကြောင်း၊ ထိုသို့ရောင်းချလိုက်ပြီးနောက် ကုန်တိုက်အတွင်း ၀န်ကြီးဌာနမှ ငှားရမ်းထားသော ဆိုင်ခန်းများမှာ ပြောင်းရွှေ့ပေးလိုက်ရကြောင်း၊ ဆိုင်ခန်းများကို ၀န်ကြီးဌာနမှ မူလငှားရမ်းထားသူများက တဆင့်ပြီးတဆင့် ရောင်းချမှုများရှိခဲ့ပြီး ဆိုင်ခန်းများကို တန်ဖိုး သိန်းရာချီပေးဝယ် ယူထားရသူ အများစုဖြစ်ကြောင်း၊ ထို့ကြောင့် ဆိုင်ခန်းများ လက်လွှတ်ဆုံးရှူံးလိုက်ရချိန်တွင် အငြင်းပွားမှုများပေါ်ပေါက်လာရခြင်း

ဖြစ်ကြောင်း ကုန်တိုက်အနီးရှိ ဒေသခံများကို ဆက်လက်မေးမြန်းစုံစမ်းချက်အရ သိရှိရသည်။

ရန်ကုန်မြို့တော်အတွင်း လူအစည်ကားဆုံးနေရာတခုတွင်ပါဝင်သည့် လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာကုန်တိုက်တွင် ဆိုင်ခန်းဖွင့်လှစ်ထားသူများစုပေါင်း၍ အစိုးရဌာနအသီးသီးသို့ အကြောင်းကြားစာများပေးပို့ကာ နစ်နာကြေးပြန်လည်ရရှိရန်

တောင်းဆိုထားကြောင်း အငှားဆိုင်ရှင်များက ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့စဉ် The Voice Weekly သို့ ပြောကြားခဲ့သည်။



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်နေ့တွင် ဆိုင်ခန်းငှားရမ်းခြင်းကို ရပ်ခဲ့ပြီး မေလ ၃၁ ရက်နေ့တွင်နောက်ဆုံးထားဖယ်ပေးရန် နှစ်ပတ်ကြိုတင်အကြောင်းကြားခဲ့ခြင်းကြောင့် အငှားဆိုင်ရှင်များက ယင်းသို့ ပြန်လည်တောင်းဆိုကြခြင်းဖြစ်သည်။



"အဲဒီကတည်းက စောင့်နေတာ၊ ဘာလုပ်ပေးမလဲလို့၊ ကျနော်တို့က ငွေကြေးဖြစ်ဖြစ်၊ နေရာဖြစ်ဖြစ် စီစဉ်ပေးမယ်ထင်ခဲ့တာ၊ ခုတော့ ချက်ခြင်းပြောင်းခိုင်းတယ်။ သက်ဆိုင်ရာကို စောင့်ဆိုင်းဖို့စာတင်တော့လည်း စာက ပြန်ကျမလာဘူး။" ဟု မြေအောက်ထပ်မှ အငှားဆိုင်ခန်းရှင်အချို့က ပြောကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

KNU ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးလို

By သိင်္ဂီထိုက် တနင်္ဂနွေ, 02 အောက်တိုဘာ 2011(ပေးပို့ သူ-ဗမာ့သွေး)
ကရင်အမျိုးသားအစည်းအရုံး KNU က ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့သာ တိုက်ရိုက် ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဒီလို ဆွေးနွေးမယ်ဆိုရင်တောင် တစ်ဖွဲ့တည်း ဆွေးနွေးတာမျိုး လက်မခံဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ဆိုလိုက်ပါတယ်။ မကြာခင်ကပဲ KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တဲ့အပေါ် KNU က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အပြည့်စုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မကြာခင်ရက်ပိုင်းက မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့တာပါ။ KNU အနေနဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုရင် ကရင်ပြည်နယ်အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့လည်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ KNU ဘက်ကတော့ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အကြောင်းနဲ့ KNU တဖွဲ့တည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သာ တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့ပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်နိုင်မယ့်အကြောင်း အကြောင်းပြန်လိုက်တယ်လို့ KNU ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ဒီဘက်မှာ အတူရပ်တည်နေကြတဲ့ UNFC နဲ့ ပြောကြဆိုကြတဲ့အတိုင်း ကျနော်တို့က နိုင်ငံရေးအရပဲ ဆွေးနွေးချင်တယ်။ ဗဟိုအစိုးရနဲ့ပဲ ကျနော်တို့ ဆွေးနွေးမယ်။ ဒီလိုမျိုး အဆင့်နဲ့ မလုပ်ဘူးဆိုတာကိုတော့ ကျနော်တို့ ပါးစပ်နဲ့ပဲ ပြောလိုက်တယ်။”

မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့နှစ်ကာလတွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ တိုင်းရင်းသားတွေ အမှန်တကယ် တောင်းဆိုတာတွေ မရခဲ့ဘူးလို့လည်း KNU က ပြောဆိုပါတယ်။ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေကို တန်းတူညီမျှရေး အနေအထားမျိုးနဲ့မဟုတ်ဘဲ လက်နက်စွန့်စေလိုတဲ့ သဘောထားမျိုး အစဉ်အဆက် လုပ်ဆောင်ခဲ့တယ်လို့လည်း ဗိုလ်မှူး စောလှငွေက ပြောဆိုပါတယ်။

“ကျနော်တို့ရဲ့ ဖြတ်သန်းချက်တွေအရ လေးငါးကြိမ်လောက်၊ ကျနော်တို့ သမိုင်းတလျှောက်လုံးမှာ ဆွေးနွေးခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်မပေါက်ဘဲနဲ့ ကျနော်တို့လိုချင်တဲ့ အပြန်အလှန် လေးစားရေးအပေါ်မှာ နိုင်ငံရေးပြဿနာကို ဆွေးနွေးတာမျိုးထက် အင်အားကြီးတဲ့ လက်ရှိအာဏာရထားတဲ့ အစိုးရတွေကနေပြီးတော့ သူတို့ကိုင်ထားတဲ့ ဥပဒေဘောင် အတွင်းကနေပြီးတော့ သူတို့အကြိုက်လိုက်ပြီးတော့၊ နောက်ဆုံး ပြောရမယ်ဆိုရင် လက်နက်ချရေးကိုပဲ ဦးတည်သွားတာတွေက များတဲ့အခါကျတော့ နိုင်ငံဆွေးနွေးတဲ့ဆီကို ကျနော်တို့ တခါမှ မရောက်ခဲ့ဘူး။”

ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်တွေရဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတယ်လို့လည်း KNU က ပြောဆိုလိုက်ပါတယ်။

လအတော်ကြာ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း ရှေ့တန်းစစ်မျက်နှာမှာ နေ့စဉ်ဆိုသလို ကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် KIO ဌာနချုပ် လိုင်ဇာ ဘက်ကိုလည်း မြန်မာစစ်တပ်က စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ KIO က ကိုဟင်နရီ က အခုလို ပြောပါတယ်။

“မနေ့ကအထိတော့ အင်အား ၃ ထောင်ကျော်ပြီ။ ဒီ လိုင်ဇာ ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းတွေပေါ့။ သူတို့ မြစ်ကို ကျော်နေပြီ။ လိုင်ဇာကိုတော့ မရောက်သေးဘူး။ ထိန်ညောင်ပင် တ၀ိုက်နဲ့ တောထဲမှာ သူတို့ တပ်အင်အား ဖြန့်ထားတယ်လို့ပြောတယ်။ လိုင်ဇာနဲ့ ဘယ်လောက်ဝေးလဲဆိုတော့ မြစ်ကြီးနားနဲ့ လိုင်ဇာနဲ့ အလယ်ခေါင်လောက်မှာ ကျတယ်။”

တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ မြန်မာအစိုးရဟာ နိုင်ငံရေးအရ ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရလည်း အရှိန်မြင့် ဆောင်ရွက်နေတာတွေကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အမှန်တကယ် ဖော်ဆောင်နိုင်ပါ့မလား ဆိုတာကို သတိထား စောင့်ကြည့် နေကြရတယ်လို့ ပြောဆိုကြပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

UWSA နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့

BBC News ။ 02-10-2011(ပေးပို့ သူ-ဗမာ့သွေး)
UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် တွေ စနေနေ့က လားရှိုးမြို့မှာ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အကြောင်း အသေးစိတ်ကို ခုချိန်ထိ ထုတ်ဖေါ် ပြောဆိုမှု မရှိသေးပါဘူး။

ဒါပေမဲ့ စက်တင်ဘာ ၆ရက်နေ့ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်တုန်းက နှစ်ဖက် သဘောတူခဲ့တဲ့ အချက် ၄ချက်အကြောင်း အသေးစိတ် ပြန်ဆွေးနွေးခဲ့ကြပုံ ရတယ်လို့ တရုတ်မြန်မာ နယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

နှစ်ဖက်အကြား အပစ်အခတ် ရပ်စဲထားမှုကို ဆက်လက် ထိန်းသိမ်းထားရေး၊ ပိုင်နက် နယ်မြေ တခုနဲ့ တခု ဖြတ်သန်း သွားလာတဲ့အခါ အသိပေး အကြောင်းကြားရေး၊ အပြန်အလှန် ဆက်ဆံရေး ရုံးတွေ ပြန်ဖွင့်ရေးနဲ့ နယ်စပ် ဖွံ့ဖြိုးရေးအတွက် မူလထားရှိခဲ့တဲ့ ကျန်းမာရေး၊ ပညာရေး၊လယ်ယာ စိုက်ပျိုးရေး ဝန်ထမ်းတွေ ပြန်လည် ခန့်ထားရေး စတဲ့ အချက်တွေကို ပထမအကြိမ် နှစ်ဖက် တွေ့ဆုံစဉ်တုန်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

ဒါပေမဲ့ ဒီသဘောတူချက်တွေဟာ ရေရှည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မဲ့ သဘောတူချက် မျိုးတွေ မဟုတ်ဘူးလို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

တိုင်းရင်းသား ပြဿနာ အရေး ဖြေရှင်းနေတယ်လို့ အစိုးရက ပြောနေပေမဲ့ လက်တွေ့မှာ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖိနှိပ် စစ်ဆင်နေပြီး နိုင်ငံရေး အရ သိပ်အရေးမပါတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်လို တပ်ဖွဲ့တွေကိုတော့ မြှောက်ပေးနေတဲ့ ပေါ်လစီကို ကျင့်သုံးနေတာ တွေ့ရတယ်လို့လည်း ဦးအောင်ကျော်ဇောက ဝေဖန် ပြောဆိုသွားပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရခိုင်တွင် လက်နက်ကိုင် အဖွဲ့များမှ ဆက်ကြေး ငွေကောက်ခံနေသည့် ကိစ္စ လွတ်တော် ရောက်သော်လည်း ဖြေရှင်းပေးနိုင်ခြင်းမရှိ

မောင်အေး News Date:10/2/2011(ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် အတွင်း အစိုးရ လက်နက်ကိုင်အဖွဲ့များမှ အမည်ခံ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး တရား မ၀င် ငွေကြေးကောက်ခံနေမူ အပေါ် ဖြေရှင်းပေးရန် ရခိုင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်တွင် တင်ပြခဲ့သော်လည်း တစုံတရာ ဖြေရှင်း ပေးနိုင်ခြင်းမရှိသဖြင့် ငွေကြေး ကောက်ခံမူများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့မဲဆန္ဒနယ်မြေ အမှတ် ၆ ကိုယ်စားလှယ် ဦးခင်မောင်လတ်က စက်တင်ဘာလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်တွင် စစ်ဆေးရေးဂိတ်များမှ ငွေကောက်ခံ နေခြင်းကို ရပ်တန့်ပေးရန် တင်ပြတောင်းဆိုခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်မှ ရခိုင်ပြည်နယ်သည် တဘက်နိုင်ငံနှင့် နီးကပ်စွာတည်ရှိသော ပြည်နယ် တစ်ခု ဖြစ်သည်အတွက် လက်နက်နှင့် ဖေါက်ခွဲရေး ပစ္စည်းများ၊ နိုင်ငံတော်မှ တားမြစ်ထားသည့် ကန့်သတ် ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ၀င်ရောက်မူ မရှိစေရေး၊ တရားမ၀င် မှောင်ခိုထွက်ရှိမူ မရှိစေရေး၊ နိုင်ငံခြားသားများ တရားမ၀င် ၀င်ထွက်မူ မရှိစေရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ မိတ်ဖက်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါကြောင်း ဖြေကြားသည်။

ဝန်ကြီး ဦးဝင်မြင့်၏ ဖြေကြားချက်တွင် တစုံတရာ အရေးယူဆောင်ရွက်ပေးမည်ဟု မပါရှိသဖြင့် လက်နက်ကိုင် တပ်ဖွဲ့ မှ ဖွင့်လှစ်ထားသောဂိတ်များတွင် ဆက်လက်ပြီး အကောက်များ ကောက်ခံနေကြောင်း သိရသည်။

ထိုသို့ ကောက်ခံနေကြောင်းကို ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ယခုကဲ့သို့ပြောသည်။

" လွတ်တော်မှာ ဒီကိစ္စတင်တုန်းက နည်းနည်းရပ်သွားခဲ့ပါတယ်။ အခု ပြန်ပြီးတော့ ကောက်နေ ပါတယ်။ အဲသလို ကောက်တဲ့ နေရာမှာ ပေါက်တောနဲ့ စစ်တွေကို အကြားမှာ တောင်းဖူးဝ ဆိုတာရှိတယ်။ အဲဒီမှာ ရေတပ်က နေဗီတစ်စီးရှိ တယ်။ အဲဒီနေဗီက လာသမျှ စက်လှေတွေ၊ လှေတွေကို ကပ်ခိုင်းပြီး စစ်လှေငယ်တစီးကို ၁၀၀၀ ကျပ်။ ထင်းတို့ ဓနိတို့ ၀ါးတို့ပါလာတဲ့ စက်လှေတွေကို ကျပ် ၁၀၀၀၀- ၂၀၀၀၀ ကောက်ခံနေတယ်" ဟု ပြောသည်။

ယခုကဲ့သို့ တရားမ၀င်ငွေကောက်ခံနေသည့်အတွက် ပြည်သူများ အခက်ကြုံတွေ့ နေရပုံကိုလည်း သူက ယခုလို ပြောသည်။

" တချို့တချို့စက်လှေငယ်တွေက ကိုယ့်ကိစ္စနဲ့သွားနေကြတာ ရှိတယ်။ စီးပွားရေး ကိစ္စကြောင့် မဟုတ်ဘူး။ အဲသလို စက်လှေတွေက ရေလမ်းကို အဓိက အားထားပြီး သွားလာနေကြရတဲ့ ရခိုင်ပြည်နယ်မှာ အများကြီး ဖြစ်ပါတယ်။ နေ့တဓူဝ ချောင်းတွေ၊ မြစ်တွေကို ဖြတ်ပီး သွားလာ နေကြရတယ်။ အဲသလို နေရာမှာ တစီးက တစ်ထောင် နှစ်ထောင် ကောက်နေတော့ ငွေကြေး ရှားပါးပြီး စီးပွားရေး ကျပ်တည်းနေအချိန်မှာ အခက်အခဲရှိကြပါတယ်။ တချို့ စီးပွားရေး လုပ်တဲ့ သူတွေကလည်း သူတို့မြတ်မှာက နှစ်သောင်း သုံးသောင်း ဘဲရှိတယ်။ အဲဒီနေရာမှာ တသောင်း ပေးခဲ့ရရင် သူတို့အတွက်အားလုံးနေရာမှာ နစ်နာမှုဖြစ်သွားတယ်။"

ယခုကဲ့သို့ စစ်တပ်နေဗီများက ပြည်သူများထံမှ ငွေကောက်ခံနေခြင်းမှာ ပေါက်တော တခုတည်းတွင် မဟုတ်ဘဲ ကျောက်ဖြူ ဓည၀တီရေတပ်နှင့် ပုဏ္ဍားကျွန်းမြို့နယ် ပလီပေါက်တွင် ရပ်ထားသည့် ရေတပ် သင်္ဘောများမှာလည်း အလား တူ တရားမ၀င် ငွေကြေးကောက်ခံနေကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် တပ်ဖွဲ့များမှ ငွေကောက်ခံနေသဖြင့် သမ္မတ ဦးသိန်စိန် ခေါင်းဆောင်သည့် အစိုးရက သန့်ရှင်းသည့်အစိုးရ Good governant and Clean Government ပြောဆိုနေခြင်းမှာ အဓိပ္ပါယ် မရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီဟု ပြောဆိုနေသည်မှာလည်း လက်တွေ့နှင့် ကင်းကွာနေကြောင်း သူက ဆက်ပြောသွားခဲ့သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရထိုးစစ်ကြောင့် ထွက်ပြေးသူဒုက္ခသည်တွေ တိုးလာနေ

2011-10-02 RFA(ပေးပို့ သူ-ဗမာ့သွေး)
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ KIO နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် အတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူ ဒေသခံ ၁ ထောင်လောက် ရှိသွားပြီလို့ သိရပါတယ်။

အစိုးရတပ်တွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ပြီး တက်လာတဲ့အတွက် ရွာတွေကို လက်နက်ကြီး ထိမှန်မှာ စိုးရိမ်တာကြောင့် ထွက်ပြေးရတာဖြစ်ပြီး အများစုဟာ တောတောင်တွေထဲမှာ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော်က အခုလို ပြောပါတယ်။

“မုံးပေါ်မှာ ဒုက္ခသည် တထောင်ကျော်လောက် ရောက်နေတယ်။ ပြီးရင် တဖွဲဖွဲပဲ။ မုံးပေါ်က တဆင့် မူဆယ် ၁ဝ၅ မိုင်၊ ကြူကုတ်ပန်ဆိုင်းဘက်မှာ။ နယ်စပ်တကြော တဖွဲဖွဲ ဝင်တုန်းပဲ။ အများအားဖြင့် တပ်မဟာ (၄) တပ်ရင်း (၉)၊ တပ်ရင်း (၂) ဒေသတွေကပါ။ မုံးပေါ်က နေရာကျယ်ပြန့်တော့ ရွာတွေပြန့်ကြဲပြီး ခိုအောင်းနေကြတာ တော်တော်များတယ်။ လမ်းပေါ်မှာရောက်နေတာ များနေတုန်းပဲ။ စုလိုက်ရင် တထောင်ကျော်လောက် ရှိနေတယ်။ တစုတစည်းတည်း အမြန်ဆုံး နယ်စပ်ကို ရောက်လာအောင်ဆိုတဲ့ ဆန္ဒလည်းပါမယ်”

ဒုက္ခသည်တွေကို KIO က သွားရေးလာရေး ကိစ္စတွေ အကူအညီ ပေးနေကတယ်လို့လည်း ဆိုပါတယ်။ အစိုးရတပ် ထိန်းချုပ်တဲ့ ရွာတွေက ထွက်ပြေးသူတွေကို သူပုန်အဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေကတဆင့် သိရတယ်လို့ KIO က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း KIO နဲ့ အစိုးရတပ်တွေ တိုက်ပွဲ စဖြစ်ပွားခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ နောက်ပိုင်း နယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အမြောက်အမြား ရှိသလို လောလောဆယ် ကြိုးကြားကြိုးကြား တိုက်ပွဲ ပြန်ဖြစ်နေတာကြောင့် နေ့စဉ် KIO ဌာနချုပ် လိုင်ဇာမြို့ကို ဝင်ရောက်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်။
လိုင်ဇာအခြေစိုက် ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုလာရစ်က အခုလို ပြောပါတယ်။

“မနေ့က ၁ ရာကျော် ထပ်ရောက်လာတယ်။ အနီးတဝိုက် နမ့်ဆန်ယန်၊ နားလုံ၊ လွယ်မောက်ယန်၊ တုံဟုန်း နောက် ငှက်ပျောခြံ ရှိတဲ့ဘက် အခုစစ်ပွဲရှိနေတဲ့ နေရာတွေမှာ။ ရောက်ရောက်ချင်းတော့ လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် ယာယီစခန်းတွေမှာ ရှိတဲ့ဟာတွေနဲ့ သွင်း ထည့်ပြီးမှ အဲဒီမှာ နေကြတာပေါ့။ မိုင်ဂျာယန်ဘက်မှာ ထပ်ထိုးလာတာ ရှိတယ်။ တချို့တွေက ရှမ်းပြည်နယ်က ရောက်လာတာတွေ ရှိတယ်။ ထူးခြားတာက တချို့က KIO ထိန်းချုပ်နယ်မြေထဲကို ရောက်လာတာရှိတယ်၊ တချို့တွေက တရုတ်ပြည်ဘက်ကမ်းကို ဖြစ်သလို ကူးသွားတာတွေ ရှိတယ်”

လောလောဆယ် လိုင်ဇာမြို့မှာ ဒုက္ခသည် ၂ သောင်းလောက် ရှိနေပြီး တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မှာ ၅ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စီးပွားရေးဦးမော့လာအောင် အစိုးရ ဆောင်ရွက်နေကြောင်း စီးပွားရေးဝန်ကြီးပြော

2011-10-02 RFA(ပေးပို့ သူ-ဗမာ့သွေး)
ဦးသိန်းစိန် အစိုးရအနေနဲ့ လယ်သမားတွေ၊ အခြေခံ လူတန်းစားတွေရဲ့ ဘဝတိုးတက်ရေး လုပ်ငန်းတွေကို မူဝါဒ ချမှတ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြည်ထောင်စု စီးပွားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ စီးပွားရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA က သီးသန့် ဆက်သွယ်မေးမြန်းရာမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အခြေခံ လူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးတွေ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ လယ်သမားတွေအတွက် Guaranteed Price ပေးဖို့တွေ ဆောင်ရွက်နေပါပြီ။ တဘက်ကလည်း လယ်သမားတွေအတွက် မျိုးတွေ၊ ချေးငွေတွေ၊ နည်းပညာတွေ ဆောင်ရွက်ပေးနေပါတယ်။ အဓိကကတော့ ကျနော်တို့ရဲ့ အခြေခံ လယ်သမားလူတန်းစားတွေ ၇ဝ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက်ကြောင့်၊ ဒီ့အတွက်လည်းပဲ လယ်သမားတွေအတွက် ကျနော်တို့ ငွေချေးပေးတဲ့အတွက်ကြောင့် အခြေအနေတွေ ဘာပဲပြောပြောလေ ကောင်းလာမယ့် အနေအထား ရှိပါတယ်”

ဒါ့ပြင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃ ထောင့် ၆ ရာ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ချက်တခု ဖြစ်ကြောင်း၊ လောလောဆယ်မှာ အနောက်နိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်တစား ဆွေးနွေးပြောဆိုမှုတွေ ရှိနေကြောင်း ဦးဝင်းမြင့်က ပြောပါတယ်။

သြစတြေးလျနိုင်ငံ အခြေစိုက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွန့်ကတော့ ဦးသိန်းစိန် အစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ယခင် စစ်အစိုးရ အဆက်ဆက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို အလေးထား တိုက်ဖျက်ဖို့ လိုအပ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“အခု ဒီ ၆ လ အတောအတွင်းမှာ နိုင်ငံတော်အစိုးရ အနေနဲ့ ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ တဖြည်းဖြည်း ပြောင်းလဲမှုပေါ့၊ ပြင်ပ တခြားနိုင်ငံတွေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာဟာ တိုင်းပြည်ရဲ့ အခြေအနေက အနှစ် ၂ဝ အနှစ် ၃ဝ မှာ စီးပွားရေးအနေနဲ့ မလုပ်ခဲ့တဲ့ အကြွင်းအကျန် residual effect တွေပေါ့။ အရင့်အရင်က ပြဿနာတွေဟာ တစ္ဆေလိုပေါ့၊ အရိပ်လို လိုက်နေတယ်လို့ မြင်ပါတယ်”

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 02, 2011

ယနေ့ နေ့လည်၁၂ ခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊၂ဦးဖမ်းဆီးထား

by Myit Makha Mediagroup on Sunday, October 2, 2011 at 5:51pmကျော်ဇင်မန်း(မြစ်မခ)
အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။(ပေးပို့ သူ-ဗမာ့သွေး)
၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်မြန်မာအဆောက်အအုံအား လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့်ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။



`အဓိကကတော့ ကျွန်တော်တို့ ငှားရမ်းဝယ်ယူထားတဲ့ဆိုင်ခန်းတွေကို သိမ်းဆည်းသွားတဲ့အတွက် သင့်တော်တဲ့နေရာမှာ ပြန်လည်စီစဉ်ပေးဖို့တောင်းဆိုတာပါ။ ဒီနေရာလေးမှာလဲ ၁၀ နှစ်မကလုပ်လာတာပါ။

သိန်းကိုဆယ်နဲ့ချီပြီးဝယ်ထားရတဲ့သူတွေပါ။ အချို့ဆိုင်ခန်းတွေဆို သိန်း ၁၅၀ ကျော်ထိ ပေးခဲ့ရတယ်၊ အဲဒါကိုဖယ်ခိုင်းတယ်၊ နေရာပေးတာမျိုး၊ တစုံတရာ ဆောင်ရွက်ညှိုနိုင်းပေးတာမျိုးလည်း မရှိဘူး။ ချက်ခြင်းကြီးမောင်းချတာ ´ ဟု ဆန္ဒပြသူများထဲတွင်ပါဝင်သူတစ်ဦးကပြောသည်။



ပြည်မြန်မာကုန်တိုက်အတွင်းတွင် ဆိုင်ခန်းပေါင်း (၉၈)ခန်းရှိပြီး၊ အလုပ်သမားဝန်ထမ်းပေါင်း ၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုထဲမှ အချို့ဆိုင်ခန်းရှင်များမှာ အရောင်းအ၀ယ်စာချုပ်ဖြင့် ဆိုင်ခန်းများအား ၀ယ်ယူထားသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။



လေလံအောင်ပြီးနောက် ပြောင်းရွှေ့ပေးရ သည့်အချိန်မှစ၍ ငါးလကျော်ကြာသည်အထိ သက်ဆိုင်ရာမှ စီစဉ်ပေးမှုတစ်စုံတစ်ရာမရှိမှုကြောင့် ယခုလိုဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောဆိုချက်များကြောင့် သိရသည်။

အဆိုပါ ဆိုင်းခန်းများအား ငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ ၂၀၁၁ ခုနှစ် မေလ တွင် အသနားခံစာတင်ထားခဲ့ကြောင်းသိရှိရသည်။



ယနေ့ ဆန္ဒုပြရခြင်းမှာ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နစ်နာနေသောကြောင့် စာနာထောက်ထားသော အားဖြင့် တစုံတရာဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြနေသူ တစ်ဦးက ပြောသည်။



ထိုဆန္ဒပြခြင်းသည် ၁၂ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့်ကြာမြင့်ပြီး လူဦးရေ (၂၀)၀န်းကျင် ပါဝင်ကြောင်းသိရသည်။

`ကျွန်တော်တို့ ဆန္ဒပြကြတဲ့အထဲက အမျိုးသမီး(၂) ဦးကို ဖမ်းသွားတယ်။ သူတို့က ဆိုင်းဘုတ် အကြီးတွေ ကိုင်ပြီးဆန္ဒပြကြတဲ့သူတွေပါ ´ ဟု ပြည်မြန်မာကုန်တိုက်အတွင်းတွင် မိုးကျော်နာရီပြင်ဆိုင် ဖွင့်ခဲ့သူ ကိုလှိုင်မိုးကပြောသည်။



ဖမ်းဆီးခံရသူ နှစ်ဦး၏အမည်များမှ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ပြီး အသက်(၃၀)၀န်းကျင်ရှိကြောင်းသိရသည်။ ၎င်းတို့ကိုင်ဆောင်ထားသောဆိုင်းဘုတ်များတွင် `ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ နစ်နာဆုံးရှုံးမှုများအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည်´ ဟုရေးထားကြောင်း သိရသည်။



ထိုဖမ်းဆီးထိန်းသိမ်းခံထားရသူ(၂)ဦးနှင့်ပတ်သတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသော ကမာရွတ်မြို့နယ် မ.ယ.က ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ထိုဖမ်းဆီးခြင်းခံထားရသူများအားပြန်လည် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း မ.ယ.က ရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။



သို့သော် မ.ယ.က ရုံးအနီးတွင် စောင့်ဆိုင်းနေသော ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မခင်မျိုးလွင်၏အမဖြစ်သူ မစိုးက မခင်မျိုးလွင်တို့အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့ကိုလည်း ရုံးအတွင်းသို့ဝင်ခွင့်မပြုကြောင်း ပြောသည်။



`သူတို့ပြန်လွှတ်မပေးသေးပါဘူး။ ကျွန်မက ကျွန်မညီမလေးကိုခေါ်သွားကတည်းက ဒီရုံးနားမှာ ထိုင်စောင့်နေတာပါ။ ရုံးထဲကိုလဲ ၀င်ခွင့်မပေးပါဘူး။ ကျွန်မညီမလေးကိုစိတ်ပူလို့ပါ ´ဟု ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရသူ မခင်မျိုးလွင်၏အမ မစိုးကပြောသည်။



ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏ လေလံစာရင်းထဲတွင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဆိုင်ခန်းများအား အပြီးပြောင်းရွှေ့ပေးရမည်ဟု ၂၀၁၁ ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ကြောင်း ဆိုင်ရှင်များထံမှ သိရသည်။

`ဒီပြည်မြန်မာကုန်တိုက်ကို လေလံအောင်တာက အေအေ အင်တာပရိုက်ကပါ၊ သူတို့က အရင်စီးပွားကူးသန်းကနေ အရောင်းအ၀ယ်စာချုပ်တွေနဲ့ ချုပ်ပြီးရောင်းခဲ့တဲ့ သူတွေကို ကျေနပ်အောင် တစုံတရာ ဆောင်ရွက်ပေးထာမျိုး ညှိုနှိုင်ဆောင်ရွက်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ခုလောက်ထိ မဖြစ်နိုင်ပါဘူး၊ ညှိုနှိုင်ဆောင်ရွက်ပေးသင့်တယ်`ဟု လှည်တန်းဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */