Pages

Thursday, July 28, 2011

ပြည်မြန်မာကုန်တိုက် ချိတ်ပိတ်ဟုဆို

သန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၈ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ကန့်ကွက်နေသော်လည်း ရန်ကုန်မြို့ ပြည်မြန်မာ ကုန်တိုက်ဝင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ချိတ်ပိတ်လိုက်ပြီ ဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာနက ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ ကုန်တိုက်ဝင်း တံခါးများကို တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် ပိတ်ပစ်လိုက်ကာ “ ဤအဆောက်အဦးသည် နိုင်ငံတော်ပိုင် အဆောက်အဦး ဖြစ်သည် မည်သူမျှ ကျူးကျော် ဝင်ရောက်ခြင်း မပြုရ ဝင်ရောက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်” ဟု စာကပ်ထားသည်။

သို့သော်လည်း ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်း ၉၈ ခန်းအနက် ဆိုင်ခန်း သုံးခန်းမှာ ဆက်လက် ဖွင့်ထားဆဲ ဖြစ်သည်။

“ အစိုးရပိုင်းက တစုံတခု မပြောမချင်း ဒီနေရာက ကျနော်တို့ လုံးဝမဖယ်ဘူး ” ဟု ဆိုင်ခန်းဖွင့်ထားဆဲ ဆိုင်ရှင် တဦးက ပြောသည်။

အထပ် ရှစ်ထပ်ရှိ ကုန်တိုက် အဆောက်အဦးကို မတ်လ တတိယပတ်အတွင်း MMRD Co.Ltd ကုမ္ပဏီနှင့် AA Medical Product Co.Ltd ကုမ္ပဏီတို့မှ ကျပ်သိန်းပေါင်း လေးသောင်း တထောင်ဖြင့် ဝန်ကြီးဌာနမှ လေလံအောင်ခဲ့သည်။ ထို့နောက်ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းခဲ့သည်။

ဆိုင်ခန်းရှင်များမှ နစ်နာမှုအတွက် လျော်ကြေး သို့မဟုတ် နေရာအစားထိုးရရန် ဆိုင်ခန်းရှင်များက အာဏာပိုင်များ၏ ကြားဝင်မှုကို တောင်းဆိုခဲ့သော်လည်း လစ်လျူရှုခံနေရသည်။

ဆိုင်တခန်းချင်းစီအတွက် ကျပ်ငွေ သိန်း ၁၀၀ စီ သို့မဟုတ် ဆိုင်ခန်းအစားထိုး သို့မဟုတ် ဝါတွင်းကာလအတွင်း ဆက်လက် ဖွင့်လှစ်ရောင်းချခွင့် တို့ကို နိုင်ငံတော် သမ္မတ အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးသို့ အသနားခံစာများ ဧပြီ ပထမပတ် ကတည်းက တင်ပြထားကြသည်။

ယခုအချိန်တွင် အစိုးရဌာနဆိုင်ရာ အသီးသီးသို့ အသနားခံစာများ တင်ပြထားသည်မှာ ၁၉ ကြိမ်ရှိပြီဟုလည်း ဆိုင်ခန်းရှင်များက ဆိုကြသည်။

ဆိုင်ခန်းရှင်အချို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး ညွှန်ကြားရေး ဦးစီးဌာန ရုံးသို့ ဆိုင်ခန်းများ သွားရောက် အပ်ပြီး ဖြစ်သော်လည်း ကျန်သူများမှ သွားရောက် အပ်နှံခြင်း မရှိသေးဘဲ စောင့်ဆိုင်းနေသည်။

ပြည်မြန်မာကုန်တိုက် လေလံအောင်သူမှ လေလံအောင် ဧရိယာ အကျယ်အဝန်းဖြစ်သည့် ပေ ၈ဝ၊ ပေ ၁၂ဝ အကျယ်အဝန်းအတွင်း သာမက ကျန်ဧရိယာအတွင်းရှိ ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မေလကုန်တွင် ဖိအားပေးခဲ့ခြင်းကြောင့်လည်း လေလံအောင်သူမှာ လေလံအောင် ဧရိယာထက် ပိုယူသည်ဟု ဆိုင်ခန်းရှင်များမှ စွပ်စွဲကြသည်။

ကမာရွတ်မြို့နယ် အမှတ် ၈၁၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ထိုပြည်မြန်မာ အဆောက်အဦးကို နိုင်ငံပိုင် အဆောက်အဦးများ ရောင်းချရေး ကော်မတီမှ ယခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

၁၃၊ ၂၊ ၂ဝ၁၁ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြချက်အရ လေလံတင်သည့် အဆောက်အဦးမှာ ရှစ်ထပ်အမြင့်ရှိ ပြည်မြန်မာ ကုန်တိုက်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ပေ ၁၂ဝ၊ ပေ ၈ဝ ဖြစ်သည်။

ပြည်မြန်မာကုန်တိုက် ပရဝဏ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁,၉၄၂၇.၇၆ ဧရိယာ စတုရန်းပေရှိသည်ဟု ဆိုင်ခန်းရှင်များက မဇ္ဈိမကို ပြောကြသည်။Rest of your post

No comments:

Post a Comment