Pages

Wednesday, June 22, 2011

ကချင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲကြုံ

သန်းထိုက်ဦး Tuesday, 21 June 2011 18:58 (ပေးပို့ သူ-ဗမာ့သွေး)
တရုတ်-မြန်မာ နယ်စပ်သို့ တိမ်းရှောင်နေရသော ကချင်စစ်ပြေး ဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ကျန်းမာရေး အတွက် ပြုစုရန် လူအင်အား၊ ဆေးဝါးများနှင့် နေရာထိုင်ခင်း စသည့် အကူအညီများ လိုအပ်နေကြောင်းလည်း ဒုက္ခ သည်များကို ကူညီဆောင်ရွက်ပေးနေသည့် မိုင်းဂျာက ဧရာဝတီသို့ ပြောသည်။

“ကျန်းမာရေးနဲ့ ပတ်သက်ပြီးမှ လူအင်အား လိုတယ်၊ အခု ဆေးဆရာ ဆိုလို့ ၂ ယောက်ပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် နီးစပ်ရာ ကျေးရွာများမှ ကောက်ခံရရှိသည့် အလှူ ငွေများဖြင့် ဒုက္ခသည်များကို ထောက်ပံ့ပေးထားကြောင်း မိုင်းဂျာက ဆက်ပြောသည်။

ထွက်ပြေးလာသည့် ဒုက္ခသည်များကို တရုတ်နိုင်ငံ ရင်ကျန်ပြည်နယ် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ ဘက်တွင် တည်ရှိသော အူရာပါ၊ နာရာပါ၊ နော်ဖရာကျေးရွာ ၃ ရွာ၌ ယာယီ ဒုက္ခသည်စခန်း တည်ဆောက်ပြီး ထားရှိရန် စီစဉ်နေကြောင်း သိရသည်။

ယာယီ စခန်း တည်ဆောက်မည့် နေရာများသည် ကချင် လွတ်လပ်ရေး တပ်မတော် ( KIA ) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ တွင်ရှိသည်။

KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်ကမူ ဒုက္ခသည်များကို လတ်တလော အစားအသောက်နှင့် ဆေးဝါးများကို များစွာ မထောက်ပံ့ပေးနိုင်သော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

ကချင်ဒုက္ခသည်အရေး ဆောင်ရွက်နေသော တာဝန်ရှိသူများအနေဖြင့်လည်း ဒုက္ခသည်များကို ဆက်လက်ကူညီဆောင်သွားမည်ဖြစ်ကြောင်း မိုင်းဂျာက ဆိုသည်။

စစ်ရေးအရ နှစ်ဘက်တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုများ မကြားသိရသေးပေ။ သို့သော် KIA တပ်ဖွဲ့များ အနီးတွင် အစိုးရ တပ်များ နေရာယူထားဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ် မိုးမောက် ဒေသတွင် ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA တို့ အကြားတိုက်ပွဲများကြောင့် ဒုက္ခသည် တစ်သောင်းကျော် KIA ထိန်းချုပ်ဒေသများသို့ ခိုလှုံခဲ့ကြရကြောင်း၊ KIA ထိန်းချုပ်ဒေသနှင့် အလှမ်းဝေးသည့် ဒေ သခံ တချို့က မြစ်ကြီးနားမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ သွားရောက်နေထိုင်ကြောင်း သိရသည်။
Rest of your post

No comments:

Post a Comment