Pages

Saturday, September 10, 2011

တက္ကသိုလ်ကျောင်းသူအမှု လူအများစိတ်ဝင်စား

Thursday, 08 September 2011 15:26 DVB (ပေးပို့ သူ-ဗမာ့သွေး)
အင်းစိန်ထောင်မှာ ရင်ဆိုင်နေရတဲ့ တက္ကသိုလ်ကျောင်းသူအမှုကို ဒီနေ့ ရုံးထုတ်တဲ့ အခါမှာ လူအများလာရောက် စောင့်ကြည့်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ​မြောက်ဥက္ကလာပ ၂ ရက်ကွက်မှာ​နေတဲ့ ဒဂုံတက္ကသိုလ်က ရုက္ခ​ဗေဒ ပထမနှစ် ​ကျောင်း​သူတ​ယောက်ကို တရက်ကွက်တည်းနေ အမျိုးသမီးတဦးက ​ငွေ ၇ သိန်း​ခိုးတယ်လို့ စွပ်စွဲပြီး​နောက် အင်းစိန်ထောင်မှာ အဖမ်းခံနေရတာပါ။

ဒီနေ့ နေ့ခင်းပိုင်းမှာတော့ အမှုကို ပထမဆုံး ရုံးထုတ်ပြီး အာမခံလည်း ရသွားတယ်လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

ရုံးထုတ်တဲ့အချိန်မှာ စိတ်ဝင်စားသူ လူတရာ နီးပါးခန့် လာရောက် နားထောင်ခဲ့တဲ့ အကြောင်းကို ဖခင်ဖြစ်သူက အခုလိုပြောပါတယ်။

“အဖွဲ့အစည်းတွေက လာကြတယ်။ သူတို့က ဒီဗွီဘီမှာ ကြားတဲ့သတင်းနဲ့ စိတ်ဝင်စားကြတာပေါ့နော်၊ လာကြပါလို့ ဖိတ်ခေါ်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဟိုရောက်တော့မှ အဖွဲ့အစည်းတွေကလည်း လာကြတော့ ဟိုမေးဒီမေးနဲ့ပေါ့။ တက္ကသိုလ်ကျောင်းသူလည်းဖြစ်တယ်၊ စာမေးပွဲလည်းနီးနေတော့ ကြားရတာကလည်း မတရား ညှဉ်းပန်းပြီးတော့ စစ်ဆေးမေးမြန်းတယ် ကြားတယ် ဆိုတော့ ကျနော်တို့ လာနားထောင်ကြတာပါတဲ့။ အုတ်အော်သောင်းနင်းနဲ့တော့ မလုပ်ပါနဲ့ပေါ့၊ အမှန်တရားအတိုင်း ဖြစ်သွားမယ်လို့ ဦးလေးလည်း ယုံကြည်ပါတယ်ဆိုပြီးတော့ ပြောလိုက်တာပေါ့နော်။

“ထုံးစံအတိုင်းပဲ တရားသူကြီးကလည်း တင်ပြတဲ့ ရှေ့နေရဲ့ စာအပေါ် မူတည်ပြီးတော့ ရှောရှောရှူရှူပဲ အာမခံ ပေးလိုက်ပါတယ်။ မိသားစုကတော့ ပိုဝမ်းသာတာပေါ့။ လာရောက် နားထောင်တဲ့ လူတွေက ဝမ်းသာတယ်ဗျာတဲ့။ ကျနော်တို့လည်း အဲဒီသတင်းပဲ ကြားချင်တာ ဆိုပြီးတော့ ပြောသွားတယ်။”

အမှုကို လာမယ့် ၁၅ ရက်နေ့ကို ရုံးချိန်းထားပြီး ဒီအတောအတွင်းမှာ ကျောင်းသူအနေနဲ့ စာမေးပွဲ ဖြေဆိုခွင့်လည်း ရမယ်လို့ သိရပါတယ်။

အသက် ၁၉ အရွယ် အဆိုပါ ကျောင်းသူကို နောက်ဆုံး အင်း​စိန်​ထောင်ကို ခေါ်မသွားခင် ​မြောက်ဥက္ကလာ ရဲစခန်းမှာ ၃ ညဆက်တိုက် မိသားစုနှင့် တွေ့ခွင့်မပေးဘဲ၊ နှမသားချင်းမစာနာတဲ့ စကားလုံးတွေနဲ့ စစ်ဆေးခဲ့တဲ့အကြောင်းကို ဒီဗွီဘီက တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကြောရေးကာလ အတွေ့အကြုံအကြောင်းကို မိသားစုက နေပြည်တော် သမ္မတရုံးအထိ စာပို့ခဲ့တဲ့နောက် ကာယကံရှင်ကိုလည်း လာရောက် မေးမြန်းသွားတယ်လို့ ပြောပါတယ်။

လောလောဆယ် သက်သေမခိုင်လုံဘဲ ဖမ်းဆီးစစ်ဆေးခံနေရမှုကြောင့် သမီးဖြစ်သူ ပတ်ဝန်းကျင်မှာ အရှက်ရ၊ သိက္ခာကျစရာ ဖြစ်ပေမယ့် တရားမျှတမှု ရှိစေချင်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။



Rest of your post

No comments:

Post a Comment