By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 29 သြဂုတ် 2011
တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ သူလျှိုအများအပြားကို အရေးယူရမယ်ဆိုရင် အရှက်ရစရာ ဖြစ်မှာစိုးတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်အတွင်း အပြစ်ပေးတာမျိုးတွေ မလုပ်နိုင်ခဲ့ဘူးလို့ လူသိရှင်ကြား ထွက်ပေါ်လာတဲ့ ဗွီဒီယို မှတ်တမ်းတွေမှာ တရုတ်စစ်ဗိုလ်ချုပ် တယောက်က ပြောဆိုလိုက်ပါတယ်။
အစိုးရ တာဝန်ရှိသူတွေကြား သီးသန့်တွေ့ဆုံမှု ဖြစ်ပုံရတဲ့ ဆွေးနွေးပွဲ တခုအတွင်း ဗိုလ်ချုပ် ဂျင်ယင်နန် (Jin Yinan) ပြောဆိုထားတဲ့ မှတ်တမ်းတွေကိုတော့ ဗွီဒီယိုတွေကို အပြန်အလှန် ဝေမျှ ကြည့်ရှုကြတဲ့ အင်တာနက် စာမျက်နှာ YouTube ပေါ်မှာ ထွက်ပေါ်လာတာပါ။
တရုတ်နိုင်ငံက YouTube စာမျက်နှာတွေပေါ်မှာတော့ ဒီမှတ်တမ်းတွေကို ဖယ်ရှားလိုက်ပေမဲ့ ပြည်ပမှာတော့ ဆက်လက်ကြည့်ရှုလို့ ရနေဆဲလည်း ဖြစ်ပါတယ်။
ဒီအထဲက ဗွီဒီယိုမှတ်တမ်း တကွက်မှာတော့ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်းဖြစ်တဲ့ လီဘင်း (Li Bin) ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်တာကို ဗိုလ်ချုပ် ဂျင်က ဆွေးနွေးထားတာ ပါဝင်ပါတယ်။
သံအမတ်ကြီးဟောင်းဟာ တောင်ကိုရီးယား တာဝန်ရှိသူတွေကို လျှို့ဝှက် သတင်းအချက်အလက်တွေ ပေးအပ်တာတွေ ရှိခဲ့ပေမဲ့ ဒီကိစ္စကို ရုံးတင် အရေးယူမယ်ဆိုရင် အရှက်တကွဲ အကျိုးနည်း ဖြစ်မယ့်အကြောင်း သူက ပြောထားတာပါ။
တရုတ်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်မှာ အကြီးအကဲဟောင်း တာဝန်ယူခဲ့သူ ခန်းရီဇင်း (Kang Rixin) ဟာဆိုရင်လည်း တိုင်းပြည်က နျူကလီးယား စွမ်းအင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက် အချက်အလက်တွေကို ရောင်းစားရာမှာ ပတ်သက်မှု ရှိတယ်လို့လည်း ဗွီဒီယိုထဲမှာ ပြောခဲ့ပါတယ်။ နျူကလီးယား အစီအစဉ် အကြီးအကဲဟောင်းဟာလည်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ အကျင့်ပျက် ခြစားမှုနဲ့ ထောင်ချခံထားရပါတယ်။
Rest of your post
No comments:
Post a Comment