Pages

Thursday, May 26, 2011

၉ဝ ပြည့် ရွေးကောက်ပွဲနေ့ NLD ကျင်းပမည်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းမခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မကြာခင်ကလွတ်လာသော နိုင်ငံရေးအကျဉ်းသားများကို ကြိုဆိုပွဲအပါအဝင် “၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနေ့ အထိမ်းအမှတ်” အခမ်းအနားတခုကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်နေသည်။

ထောင်ဒဏ်တနှစ် ကင်းလွတ်ခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ဝ ခန့်ကို ကြိုဆိုမှုအပါအဝင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းများ ဖတ်ကြားမှုကို ရန်ကုန်မြို့ NLD ရုံးချုပ်၌
ပြုလုပ်မှာဖြစ်သည်။

စာတမ်းများတွင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို NLD ပါတီ ဘာကြောင့် ဝင်ခဲ့သလဲ ဆိုသည့် စာတမ်းကို NLD က ဖတ်ကြားကာ၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ဘာကြောင့်မဝင်ရလဲ စာတမ်းကို ကိုဖြိုးမင်းသိန်းက ဖတ်ကြားရန် စီစဉ်ထားသည်။ ထို့ပြင် ၁၉၉ဝ နှင့်၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ တိုင်းရင်းသားများအမြင်ကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်က ဟောပြောမှာ ဖြစ်သည်။

“၉ဝ ခုနှစ် ရွေးကောက်ပွဲဟာ ဘာကြောင့် ယှဉ်ပြိုင်သင့်တယ်၊ ဘာကြောင့်ဝင်ပြိုင်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ရှင်းလင်းသလို၊ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲ ၂ ခုကို ယှဉ်တွဲပြမယ့် အခမ်းအနားပွဲဖြစ်လို့ ကျနော်က အဲဒီစာတမ်းကို ရွေးချယ်ခဲ့တာပါ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၏ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့သူ ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောဆိုသည်။

မေလ ၂၇ ရက်၊ ၁၉၉ဝ ပြည့်နှစ်တွင် အာဏာသိမ်းစစ်အစိုးရက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။

ထိုရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် NLD က အနိုင်ရခဲ့သော်လည်း အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ခဲ့သည်။

“၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်း ၂ဝ တိတိ နည်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ပြီး ပပျောက်အောင် လုပ်တဲ့အခါမှာ အဆင့်ဆင့် လူတွေကို ဖမ်းလိုက်တယ်၊ ပြန်လွှတ်လိုက်တယ်၊ အကျယ်ချူပ်တွေချတယ်၊ အကျဉ်းချုပ်တွေ ချတယ်၊ နယ်ချူပ်တွေ ချတယ်။ အခုချိန်ထိ NLD ကို ရက်ရက်စက်စက် နှိပ်ကွပ်ခံခဲ့တဲ့ အနေအထား။ ဆိုတော့ ဘယ်လိုလုပ်ပြီး မေ့ပျောက်လို့ရမှာလဲ” ဟု NLD အထွေထွေအတွင်းရေးမှူး၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် စစ်အစိုးရက စိတ်ကြိုက်ရေး အခြေခံဥပဒေကို ဦးတည်ကာ ရွေးကောက်ပွဲလုပ်ပြန်ပြီး NLD ဝင်မပြိုင်လိုအောင် ကန့်သတ်ခဲ့သည်။


(သဲသဲ ဖြည့်စွက်ရေးသားထားသည်)
Rest of your post

No comments:

Post a Comment