Pages

Wednesday, May 25, 2011

အမျိုးသမီးများကို NLD အတိုးမဲ့ ငွေချေး

မိုးယံ Tuesday, 24 May 2011 11:20
အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) အမျိုးသမီးလုပ်ငန်း အထောက်အကူပြု အဖွဲ့နှင့် တောင်ဥက္ကလာပ လူငယ် ကွန်ရက် အဖွဲ့တို့ ပူးပေါင်းပြီး ဈေးသည် အမျိုးသမီးများကို ဇွန် ၁ ရက်နေ့မှ စတင်၍ အတိုးမဲ့ ငွေချေးမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ပထမဆုံး ငွေ ၁၀ သိန်းနဲ့ လူ ၅၀ ကို တယောက် ကျပ် ၂ သောင်းနှုန်းပဲ ချေးပေးနိုင်ပါတယ်။ ငွေချေးချင်လို့ လျှောက်လွှာတင်တဲ့သူ ၁၅၀ ကျော်နေပြီ။ ကျနော်တို့ တောင်ဥက္ကလာပက လူတွေ ငွေတော်တော် လိုနေကြတာပဲလို့ တွေးမိတယ်” ဟု တောင်ဥက္ကလာပ လူငယ်ကွန်ရက်ကို ဦးဆောင် ဖွဲ့စည်းသူ တသီးပုဂ္ဂလ အမတ် ဒေါက်တာစောနိုင်က ပြောသည်။

တောင်ဥက္ကလာပ မြို့နယ်ရှိ လက်လုပ်လက်စား အမျိုးသမီးများအား အဓိကထား ချေးပေးမည်ဖြစ်ကြောင်း NLD အမျိုးသမီးလုပ်ငန်း အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

“လူမှုရေးလုပ်ငန်းတွေ ဒီထက်လုပ်သွားမှာပါ။ ငွေလည်း ထပ်ပြီး တိုးချေးဖို့ ကျမတို့ တိုင်ပင်ထားပါတယ်” ဟု သူက ပြောသည်။

ယင်း အတိုးမဲ့ချေးငွေ ကျပ် ၂ သောင်းယူထားသူများ အနေနှင့် တနေ့လျှင် ၇၀၀ ကျပ်နှုန်း ပြန်လည် ပေးသွင်း ရမည် ဖြစ်ကြောင်း၊ ကြားခံလူများမှ တဆင့် ငွေချေးခြင်း မပြုလုပ်ဘဲ ကိုယ်တိုင်လာရောက် လျှောက်ထားသည့် စနစ်ဖြင့် ငွေထုတ် ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပ မြို့နယ်ရှိ ဈေးသည် အမျိုးသမီးတဦးက “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပိုက်ဆံချေးတာရှိတယ်။ သူတို့ဆီက ပိုက်ဆံချေးဖို့က လျှောက်လွှာ ၀ယ်ရတယ်။ တဆင့်ခံတွေနဲ့ ချေးရတော့ ကြားမှာ အတိုးတွေ ပိုပေးရတယ်” ဟု ဆိုသည်။

“စာရေးဆရာ သော်တာဆွေက သူစာအုပ်ထုတ်လို့ရတဲ့ ပိုက်ဆံနဲ့ ဈေးသည်တွေကို တနေ့ ၁၀ ဆယ်ကျပ် ချေးတယ်၊ ညနေ ဈေးသိမ်းရင် ၁၀ ဆယ် ပြန်ပေး၊ နောက်နေ့ ထပ်ယူ လုပ်ပေးတယ်။ အဲဒီလို လုပ်ပေးတော့ တနေ့လုပ် တနေ့စားတွေ အဆင်ပြေတာပေါ့” ဟု NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

တောင်ဥက္ကလာပ လူငယ်ကွန်ရက်ကို ရွေးကောက်ပွဲ အပြီးကာလတွင် ဒေါက်တာစောနိုင်က ဦးဆောင် ဖွဲ့စည်းခဲ့ပြီး လူမှုရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ ကွန်ရက်သည် NLD နှင့် ပူးပေါင်း၍ ငွေချေးခြင်း လုပ်ငန်း မလုပ်ဆောင်မီကလည်း တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ကလေးငယ် ၂၃ ဦးကို ကျောင်း အသုံးဆောင်ပစ္စည်းများ ပေးအပ်ခဲ့သေးသည်။


Rest of your post

No comments:

Post a Comment