Saturday, 30 April 2011 00:00 KNG(ပေးပို့ သူ-ဗမာသွေး)
မြန်မာစစ်တပ်မော်တာကျည်ဆံတစ်ခု ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေတစ်ခုထဲ ကျရောက်ပေါက်ကွဲမှု ဧပြီလ ၂၆ ရက် အင်္ဂါနေ့ တွင်ဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။
တနိုင်းမြို့အနီး လီဒို (စတီးဝီးလ်)လမ်းမပေါ်ရှိ နမ်ဗြူအခြေစိုက် KIA (Kachin Independence Army) တပ်မဟာ ၄ အောက်၊ တပ်ရင်း (၁၄) နယ်မြေထဲ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရမှု မရှိကြောင်း KIA အရာရှိများ ပြောသည်။
ယခုလုပ်ရပ်ပြီးနောက် မကြာမီ မြန်မာစစ်တပ်က KIA အား “မှားယွင်းကြောင်းနှင့် စစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆ ပစ်ခတ်မိခြင်းဖြစ်ကြောင်း” အကြောင်းပြချက်ပေးကာ တောင်းပန်ခဲ့သည်ဟု KIA တပ်ရင်း (၁၄) က ပြောသည်။
ယင်းနေ့ KIA တပ်ရင်း (၁၄) မှ အရေးပေါ် တပ်လှန့်ထားခဲ့ရသော်လည်း မြန်မာအစိုးရတပ်အား တုန့်ပြန်ပစ်ခတ်ခြင်း မရှိဟု KIA အရာရှိတစ်ဦးပြောသည်။ ဟူးကောင်းအခြေစိုက် KIA တပ်မဟာ ၂ ကို တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းထားပါသည်။
အမှတ် ၀၇၈ မြန်မာစစ်တပ်အမြောက်တပ်ခွဲတစ်ခု တနိုင်းမြို့တွင် အခြေစိုက်ထားသည်။
မြန်မာအစိုးရက KIA နှင့် ချုပ်ဆိုသည့် ၁၉၉၄ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဖျက်ဆီးကာ ၎င်းအား “သောင်းကျန်သူ” ဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သတ်မှတ်ခဲ့သည်။ သို့သော် ယခုချိန်ထိ KIA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေးပါ။
နှစ် ၅၀ နှစ်ဖက်ကြား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာလိုသောကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တပ်ဖွဲ့များ အခြေစိုက်ထားသည့် KIA သည် အစိုးရတပ်အား ၎င်းတို့ဖက်မှ စတင်တိုက်ခိုက်မည်မဟုတ်ကြောင်း ဆိုသည်။
မြန်မာစစ်တပ်က KIA အားတိုက်လျှင် ယင်းကြောင့် ပြည်တွင်းစစ်သည် တရုတ်နှင့် အိန္ဒိယနယ်စပ်များထိကျယ်ပြန့်လာပြီး ဒေသတွင်းပြဿနာ ဖြစ်လာမည်ဟု KIA အရာရှိများ သတိပေးထားသည်။
Rest of your post
No comments:
Post a Comment