Pages

Thursday, October 21, 2010

ဆက်ဖတ် .. ဖွတ်တွေ ကြမ်းနေတယ်

            ဘ ကြံ့ဖွံ့ကို မဲမပေးလျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေ

         ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးလျှင် ဖမ်းဆီးအပြစ်ပေးမည်ဟု ကြံ့ဖွံ့ပါတီဝင် ကျေးရွာ ရာအိမ်မှူးက ပြောဆိုသည့်အတွက် ဒေသခံရွာသားများ အခက်ခဲကြုံနေရသည်။
 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ခေတ်ဆန်းကျေးရွာ ရာအိမ်မှူး ဌေးဦးက ရန်ကုန်တွင် အလုပ်သွား လုပ်ကိုင်နေသည့် လူငယ်များ၏ မိဘများကို ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။         “ရွာသားတွေကို မင်းတို့ဘယ်မှ မသွားနဲ့ မဲထည့်ရမယ်၊ မထည့်ရင် ဖမ်းဆီးထောင်ချမယ်ပြောတယ်၊ ရွာက ကလေးတွေက ရန်ကုန်မှာ အလုပ်သွားလုပ်နေတာ အဲဒါကို ပြန်လာခဲ့ မဲလာထည့်ရမယ်၊ ကြိုတင်မဲထည့်ရမယ်၊ မထည့်ရင် ဖမ်းမယ် အဖေကိုပြောတော့ အဖေက ကလေးတွေကို ပြန်ခေါ်နေရတာပေါ့၊ ကြံ့ဖွံ့ပါတီကို ထည့်ခိုင်းတယ်၊ ဒီမှာက ကြံ့ဖွံ့တခုဘဲ အဲလို ခြိမ်းခြောက်လိုက်၊ မှတ်ပုံတင်လုပ်ပေးမယ် မြူဆွယ်လိုက် လုပ်တာ” ဟုပြောသည်။

    ယင်းကဲ့သို့ မဲထည့်ရမည်ဖြစ်သည့်အတွက် အလုပ်လုပ်နေသည့် လူငယ်များမှာ အလုပ်လက်မဲ့ အခြေအနေ ဖြစ်သွားတော့မည်ဖြစ်ကြောင်း ၎င်းရွာသားက ဆက်ပြောသည်။
“ကောင်လေးတွေက စက်ရုံမှာ အလုပ်လုပ်နေတာ၊ တရက်မှ ပျက်လို့မရဘူး၊ နေ့တိုင်းအလုပ်ဆင်းနေရတယ်၊ အဲဒါနဲ့ ကလေးတွေက တောပြန်ရင် အလုပ်က ပြုတ်ဦးမယ်” ဟုပြောသည်။
ထိုကဲ့သို့ ခြိမ်းခြောက်ခံရသည်မှာ ခေတ်ဆန်းကျေးရွာ တရွာတည်းမဟုတ်ဘဲ ဘိုကလေးမြို့နယ်အတွင်းရှိ သာဖြန်၊ ဂရမ်းဒိုင်နယ်၊ သဇင်ကုန်းဒိုင်နယ်များမှ ဒေသခံများကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

   ဘိုကလေးမြို့ပေါ်တွင်လည်း ကြံ့ဖွံ့ပါတီမှ ဝန်ကြီးတဦးက ၎င်းအားထောက်ခံမဲပေးရန်အတွက် ဆွမ်းလောင်းအသင်းသို့ ဆွမ်းကုန်ကျစရိတ်လှူဒါန်းမည်ဟု ပြောပြီး ယနေ့အထိ ငွေကြေးရရှိခြင်းမရှိသည့်အတွက် ဆွမ်းလောင်းလှူရန် အခက်ခဲများကြုံတွေ့ခဲ့ရသည်ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။
“ဓမ္မာရုံဆွမ်းလောင်းအသင်းကို ငွေလေးလစာ တာဝန်ယူမယ် သိန်း (၁၂၀) ပေါ့၊ ဆွမ်းလောင်းအသင်း ဂေါပက လူကြီးတွေက အဲဒီကြံ့ဖွံ့ပါတီဝန်ကြီးက လေးလစာတာဝန်ယူလှူတယ်ဆိုပြီး မိုက်ကြီးနဲ့ လိုက်အော်တယ်၊ တကယ်တမ်းငွေလဲ မကျလာဘူး၊ တကယ်တမ်းငွေမကျတော့ ဆွမ်းလောင်းဖို့အခက်ခဲတွေ ဖြစ်နေတာ” ဟုပြောသည်။

      စစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီသည် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။

No comments:

Post a Comment