Pages

Saturday, August 07, 2010

ကစထမှူးယာဉ်တန်း ကေအန်ယူ တိုက်ခိုက်

ကျော်ခ | သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)က ချောင်းမြောင်းတိုက်ခိုက်မှု ကရင်ပြည်နယ်တွင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သည်တဦး သေဆုံးသွားသည်။

ကော့ကရိတ်မှ မြဝတီသို့အသွား ဒေါနတောင်တန်း အခြေရှိ စစ်ဆေးရေး ဂိတ်တခုအနီးတွင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော ကား ၁ဝ စီးခန့်ပါ ယာဉ်တန်းရောက်ရှိခိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လုံခြုံရေးကားကို ထိမှန်သွားသည်ဟု ဒေသအတွင်းရှိ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) အရာရှိတဦးက ပြောသည်။

“စစ်တပ်ဆီက ကျနော်တို့ ကြားတဲ့ သတင်းအချက်တွေအရတော့ ပစ်တာက လက်နက်ကြီးနဲ့ပေါ့လေ။ ရှေ့ဆုံးက ပွိုင့်ရှေ့ပြေးကားကို ဘေးတိုက်အနေအထားထိတော့ ဘေးကို ထိုးရပ်သွားတယ်။ ကျနော့် ရဲဘော်တွေ ပြောတာတော့ ၁ ယောက် သေတယ်လို့ ပြောတယ်” ဟု နယ်မြေအတွင်းရှိ ဒီကေဘီအေ စစ်ဘက်အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

” အခြေအနေတွေ ရှုပ်ထွေးနေတယ်” ဟုလည်း သူက ထပ်ပြောသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းတရပ်တွင် နယ်ခြားစောင့်တပ် စီမံကိန်း နားချရေး ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်ပင် ယာဉ်တန်းတွင် ပါဝင်ပြီး တိုက်ခိုက်မှုကြောင့် စစ်သည် ငါးဦးသေဆုံးသည်ဟု ဖော်ပြထားသည်။

ဒုဗိုလ်ချုပ်ကြီးခင်ဇော်နှင့် အဖွဲ့သည် ယမန်နေ့ညနေပိုင်းက မြဝတီမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒီကေဘီအေ အဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု ပြောသည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် သူက ငြင်းဆိုသည်။

စစ်အစိုးရနှင့် ဒီကေဘီအေတို့အကြား မူအားဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရန် သဘောတူညီမှု ရရှိခဲ့သော်လည်း အင်အား ၁ဝဝဝ ကျော်ရှိသည့် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ ၅ တပ်ရင်းများက ပယ်ချထားသည်။

“ကျနော်တို့ အဲဒီလိုပြောင်းလိုက်လို့ ကရင်လူမျိုး ကောင်းစားမယ်ဆိုရင် ပြောင်းလိုက်မယ်။ ဘာလို့မပြောင်းလဲဆိုတော့ စစ်တပ်ကို အယုံအကြည်မရှိလို့ မပြောင်းတာ။ အခု ပြောင်းသွားတဲ့ လူတွေကတော့ ယုံလို့ပြောင်းတာပေါ့လေ။ ဒါပေမယ့် မဖြစ်မနေ ပြောင်းရတဲ့လူတွေလဲ အများကြီး ပါသွားတယ်” ဟု အဆိုပါ တပ်ရင်းမှူးက ပြောသည်။

တပ်မဟာ ၅ အနေဖြင့် နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကိုပြောင်းလဲမှာ မဟုတ်သလို ကေအန်ယူနှင့် ပေါင်းစည်းဖို့ရန်လည်း အခက်အခဲများစွာရှိသည်ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ လာရောက်ဆွေးနွေးမှုထဲတွင် ဒီကေဘီအေ နယ်ခြားစောင့်တပ်အရေး အဓိက ပါဝင်နေသဖြင့် ယင်းကိစ္စရပ်ကို သဘောတူညီမှု မရှိသည့် မိမိတို့တပ်အပေါ် အမျက်ထွက်နေသည့် စစ်တပ်၏ ဆုံးဖြတ်ချက် အပေါ် မိမိတို့ အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်ဟု ဆိုသည်။

စစ်အစိုးရထံ လက်နက်အပ်၍ နယ်ခြားစောင့်တပ် အဖြစ်သို့ ကူးပြောင်းလိုခြင်း မရှိသူ ဒီကေဘီအေ တပ်သားများမှာ ယခုအခါ တောတွင်းသို့ ဝင်ရောက်သွားနေကြပြီး ထိုအထဲတွင် ၉၉၉ တပ်မှ လက်အောက်ခံ တပ်ရင်းများပါ ပါရှိကြောင်း မြဝတီမြို့ခံများနှင့် ဒီကေဘီအေ အသိုင်းအဝိုင်းက ပြောသည်။ Rest of your post

No comments:

Post a Comment