Pages

Saturday, July 17, 2010

ထောင်ကျနေသည့် ဖခင်အတွက် သမီးဖြစ်သူ စိုးရိမ်

မြင့်မောင် | သောကြာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ နှလုံးရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် ဗြိတိန်တွင် ပညာသင်နေသည့် သမီးဖြစ်သူက စိုးရိမ်ကြောင်း ပြောသည်။

“ကျန်းမာရေး မကောင်းသေးဘူး။ ဆေးကုသမှုနဲ့ ဆေးရုံကို ခေါ်သွားတာမျိုး မရှိဘူး။ တလတခါတော့ ရိုးရိုးဆရာဝန်ကို ခေါ်ပြီး သွေးပေါင်ချိန် တိုင်းတာတို့ လုပ်တယ်။ စိတ်ကူးပေါက်တဲ့ အချိန်မှာ လုပ်ပေးတယ်။ မြို့နဲ့ ထောင်နဲ့ မိုင် ၂ဝ လောက် ဝေးတော့ ကားခတွေဘာတွေ၊ ကုန်မှာစိုးလို့လား မသိဘူး။ လုပ်မပေးဘူး။ အဲဒီအတွက် အဖေ့ရဲ့ ကျန်းမာရေး အခြေအနေအရ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်” ဟု ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန်က ပြောသည်။

မဝေနှင်းပွင့်သုန်သည် ဗြိတိန်နိုင်ငံ၌ လူမှုသိပ္ပံဘာသာရပ်ကို ပထမနှစ်တွင် သင်ကြားနေပြီး ဘားမားကင်ပိန်း (ဗြိတိန်) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့တို့နှင့်အတူ မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လုပ်ကိုင်နေသူ ဖြစ်သည်။

ကိုမြအေးအပြင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၇ ဦးသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသဖြင့် ဖမ်းဆီးခံရကာ၊ ထိုနှစ် သြဂုတ်လထဲတွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မြန်မာပြည် အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၁၈၄ ဦး ရှိကြောင်းနှင့် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၁၄၃ ဦးရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) ပြောဆိုထားသည်။ Rest of your post

No comments:

Post a Comment