Pages

Thursday, December 11, 2008

နေပြည်တော်မှာ ဥပ္ပါတသန္ထိစေတီတော်တည် အလုပ်သမား (၁၈) ဦး သေဆုံး




NEJ/ ၁၀ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော်တွင် တည်ဆောက်နေသည့် ရွှေတိဂုံပုံတူ ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ချိန်မှ ယနေ့ထိ လုပ်ငန်းခွင်ထိခိုက်သေဆုံးသည့် အလုပ်သမားပေါင်း (၁၈) ဦးရှိသွားပြီဟု နေပြည်တော်ဆောက်လုပ်ရေး သတင်းရပ်ကွက်က ပြောသည်။

ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ရာ၌ အောက်ခြေ ဖောင်ဒေးရှင်းသာ အုတ်ဖြင့်တည်ဆောက်ပြီး စေတီလုံးကို ကွန်ကရစ်များ၊ အာစီသံချောင်းများဖြင့် တနေရာမှာ ပုံလောင်းပြီးမှ လေးလံသည့် စေတီလုံးကြီးကို ကရိန်းအဆင့်ဆင့်ဖြင့် မချီရာ အလုပ်သမားများ

လုပ်ငန်းခွင် ထိခိုက်ပြီး သေဆုံးခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ၀န်ထမ်းတဦးက ပြောသည်။

ရွှေတိဂုံပုံတူ ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ရာ၌ ယခုကဲ့သို့ အလုပ်သမား (၁၈) ဦးသေဆုံးခြင်းအပေါ် ဒေသခံများ၊ ၀န်ထမ်းများက အတိတ်အမျိုးမျိုး ကောက်ယူပြောနေသည်ဟု ဒေသခံများက ပြောသည်။ ဥပ္ပါတသန္ထိစေတီတော် နေပြည်တော်မှာ တည်သည့်ကိစ္စမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယတြာအယူသီးမှုကြောင့် ရွှေတိဂုံပုံတူ တည်ရခြင်းဖြစ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

နေပြည်တော်တည်စကလည်း လမ်းဆုံတခုတွင် ကြာဖူးကြီးမှ ရေပန်းများထွက်နေသည့်ပုံ ထုလုပ်ထားရာ စစ်အစိုးရမကြာတော့ဘူးဟု ဒေသခံများနှင့် ၀န်ထမ်းများ ပြောပြီးမကြာခင် ကြာပန်းကြီးအဖြစ် အမြန်ပြောင်းလဲထုလုပ်ခဲ့သည်။

ဥပ္ပါတသန္ထိစေတီတော်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဦးဆောင်မှုဖြင့် စစ်ခေါင်းဆောင်များက တည်ဆောက်နေခြင်းဖြစ်သည်။ ဥပ္ပါတသန္ထိစေတီတော် ကုန်းတော်ဖော်ထုတ်ရေးလုပ်ငန်းကို ဗိုလ်ချုပ်ကြီးရွှေမန်း၏သား အောင်သက်မန်းပိုင် ဧရာရွှေဝါကုမ္ပဏီက ကန်ထရိုက်ရထားသည်။

No comments:

Post a Comment