Pages

Wednesday, June 16, 2010

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ

ခိုင်လင်း / ၁၆ ဇွန် ၂၀၁၀
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်းမှ ကျေးရွာများကို ပြောင်းရွှေ့ခဲ့ရာတွင် ကျေးရွာသားများသည် ပြန်လည်နေရာချထားသည့် နေရာသစ်၌ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များက မေ (၂၈) ရက်မှစ၍ မေခ၊ မလိခ မြစ်နှစ်သွယ်ကြားရှိ မဇွပ်ကျေးရွာနှင့် ဇွန်လ ပထမပတ်အတွင်း၌ ဒေါင်ဗန်၊ ဆွတ်ငိုင်ယန်နှင့် ဆွိုင်ဘာရွာတို့မှ ကျေးရွာသား (၃ဝဝ) ကျော်ကို တန်ဖဲကျေးရွာအောက်ဘက် (၈) မိုင်အကွာ လုံဂါဇွပ် ကျေးရွာအနီးတွင် ပြန်လည်နေရာချထားခဲ့ရာ ကျေးရွာသားများသည် စားဝတ်နေရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရသည်ဟု မဇွပ်ကျေးရွာသားတဦးက ပြောသည်။

၎င်းက “တပိုင်တနိုင် စိုက်ပျိုးလို့လည်းမရဘူး၊ တောင်ယာလုပ်ဖို့လည်း နေရာမရှိဘူး။ ကြက်၊ ဝက် မွေးလို့လည်း မရဘူး။ အိမ်တွေပဲ ဆောက်ထားတာ ခြံဝင်းတွေ မရှိဘူး။ အခုလောလောဆယ် ဆန် ထောက်ပံ့ပေးတယ်။ ဒါပေမယ့် ဘာစီးပွားရေးမှ လုပ်လို့မရတော့ ခက်တယ်။ အခု ကလေးတွေ တော်တော်များများ ဖျားနေကြတယ်။ ဆေးခန်းမရှိဘူး၊ တန်ဖဲက ကျန်းမာရေးဝန်ထမ်းတွေတော့ လာကြည့်ပေးတယ်၊ နေ့တိုင်း မဟုတ်ဘူး။ ကျနော်တို့ ပြောင်းလာတဲ့သူတွေ ခရီးသွားလာလို့ မရဘူး။ ရွာတွေမှာလည်း စစ်သားတွေ ချထားတယ်” ဟု ပြောသည်။

ပြောင်းရွှေ့ရမည့်နေရာသို့ အိမ်မွေးတိရစ္ဆာန်များ ယူဆောင်လာခြင်းမပြုရ ဆိုသည့် အမိန့်ကြောင့် မပြောင်းရွှေ့ခင်က အားလုံးကို ရောင်းသင့်တာရောင်း၊ စားသင့်တာစား လုပ်ခဲ့ရပြီး အဝတ်အထည်၊ အိုးခွက်ပန်းကန်၊ အိပ်ရာ အသုံးအဆောင်များသာ ယူလာခဲ့ရကြောင်း၊ ရောက်ရှိသည့်နေရာသစ်တွင် သစ်၊ ဝါးခုတ်၍ မရသဖြင့် လိုအပ်သည့် အသုံးအဆောင်များ ပြုလုပ်ရန် အခက်ခဲများရှိနေသည်ဟု လုံဂါဇွပ်ကျေးရွာသားတဦးက ပြောသည်။

၎င်းက “သစ်တို့၊ ဝါးတို့က ခုတ်လို့မရဘူး။ နှီးဖြာတာ၊ ပလိုင်းလုပ်တာကအစ ခက်တယ်။ မြေတွေကလည်း အခုမှ ဘူဒိုဇာနဲ့ ထိုးညှိထားတာဆိုတော့ မိုးရွာတော့ ရွှံ့ဗွက်တွေ ထတယ်၊ ရေလည်း ရှားတယ်၊ ကလေးတွေလည်း မပျော်ကြဘူး။ လူကြီးတွေလည်း မျက်ရည်နဲ့ မျက်ခွက်နဲ့။ မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး” ဟု ပြောသည်။

မေခနှင့် မလိခမြစ်ဆုံရာ ဧရာဝတီမြစ်ဆုံဒေသနှင့် မေခမြစ်၊ မလိခမြစ်တို့တွင် ရေကာတာများ တည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကို နအဖ၊ တရုတ်နိုင်ငံမှကုမ္ပဏီများနှင့် အေးရှားဝေါလ်တို့က ပူးပေါင်းဆောင်ရွက်နေကြပြီး အဆိုပါ စီမံကိန်းကြောင့် ကျေးရွာ (၆ဝ) ကျော်၊ လူဦးရေ (၁၅,ဝဝဝ) ခန့် နေရာပြောင်းရွှေ့ရမည် ဖြစ်သည်ဟု ကချင်ပြည် လူမှုဖွံ့ဖြိုးရေးကွန်ရက်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အပါအဝင် ကချင်အန်ဂျီအိုအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ ဒေသခံလူထုများနှင့် ပြည်ပရောက် ကချင်လူမျိုးများက ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။ Rest of your post

No comments:

Post a Comment